-ကိုပါဝဲလ်ရေးသားသည်။
လာမယ့်ဇွန်လ ၁၁ ရက်နေ့ကနေဇူလိုင်လ ၁၉ ရက်နေ့အထိ မြောက်အမေရိက ၃ နိုင်ငံမှာ ကျင်းပမယ့် (၂၃) ကြိမ်မြောက်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ထူးခြားချက်တွေ၊ သမိုင်းဝင်မှတ်တမ်းတွေနဲ့ အချက်အလက်စုံကို တနေရာတည်းမှာ ဖတ်ရှုနိုင်အောင် စုစည်းတင်ပြထားပါတယ်။
●သမိုင်းတလျှောက် ပထမဆုံး အသင်း ၄၈ သင်းအထိ တိုးမြှင့်ကျင်းပခြင်း
ယခင်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ နောက်ဆုံးအဆင့်ကိုအသင်း ၃၂ သင်းပဲ ခွင့်ပြုခဲ့ပေမဲ့ ၂၀၂၆ မှာတော့ အသင်း ၄၈ သင်းအထိ စံချိန်တင် တိုးမြှင့်လိုက်ပါတယ်။ဒါကြောင့်ပြိုင်ပွဲပုံစံလည်း ပြောင်းလဲသွားပြီး အသင်း ၄ သင်းစီပါဝင်တဲ့ အုပ်စု ၁၂ စု ခွဲကာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Public Service Announcement
အုပ်စုတစ်ခုစီကထိပ်ဆုံးနှစ်သင်းနဲ့ အကောင်းဆုံး တတိယနေရာရအသင်း ၈ သင်း စုစုပေါင်း ၃၂ သင်းက နောက်တဆင့် ရှုံးထွက်(Knockout )အဆင့်ကို တက်ရောက်မှာဖြစ်ပါတယ်။ အဲဒီကနေတဆင့် အသင်း ၃၂ သင်းက ဇူလိုင် ၁၉ ရက်နေ့ ဗိုလ်လုပွဲအထိရှုံးထွက်ပုံစံနဲ့ဆက်လက်ယှဉ်ပြိုင်ရမှာပါ။
●သုံးနိုင်ငံ ပူးတွဲအိမ်ရှင်နဲ့မက္ကဆီကိုရဲ့စံချိန်သစ်
ကမ္ဘာ့ဖလားသမိုင်းမှာပထမဆုံးအကြိမ်အဖြစ်အမေရိကန်၊ကနေဒါနဲ့မက္ကဆီကို(မြောက်အမေရိက ၃ နိုင်ငံ) က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပတာ ဖြစ်ပါတယ်။
အထူးသဖြင့်မက္ကဆီကိုနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို၃ ကြိမ်မြောက် (၁၉၇၀၊ ၁၉၈၆၊ ၂၀၂၆) လက်ခံကျင်းပခွင့်ရတဲ့ ပထမဆုံးသော နိုင်ငံဖြစ်လာပါတယ်။
ပြိုင်ပွဲတွေကို အမေရိကန်မြို့ ၁၁ မြို့၊ မက္ကဆီကိုမြို့ ၃ မြို့နဲ့ ကနေဒါမြို့ ၂ မြို့၊ စုစုပေါင်း အိမ်ရှင်မြို့ ၁၆ မြို့ မှာ ခွဲဝေကျင်းပသွားမှာ ဖြစ်ပါတယ်။
●ပွဲစဉ်အရေအတွက်စံချိန်တင်များပြားလာခြင်း
အသင်းအရေအတွက်တိုးလာတာကြောင့်ကစားရမယ့် ပွဲစဉ်စုစုပေါင်းဟာလည်း ယခင် ၆၄ ပွဲကနေ ၁၀၄ ပွဲ အထိ သိသိသာသာ တိုးလာပါတယ်။ ပြိုင်ပွဲကာလအနေနဲ့ ၃၉ ရက်အထိ ကြာမြင့်မှာဖြစ်ပြီး ဗိုလ်လုပွဲကြီးကိုတော့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်ရှိ MetLife ကွင်းကြီးမှာ ကျင်းပဖို့ သတ်မှတ်ထားပါတယ်။
●ဒေသအလိုက် ဝင်ခွင့်နေရာများ ပိုမိုရရှိလာခြင်း
အသင်း ၄၈ သင်းဖြစ်လာတဲ့အတွက်ကမ္ဘာ့အာရှအပါအဝင်တိုက်ကြီးအသီးသီးကအသင်းငယ်တွေအတွက် အခွင့်အရေး ပိုရလာပါတယ်။ အထူးသဖြင့် အာရှတိုက် (AFC) အတွက် တိုက်ရိုက်ဝင်ခွင့်နေရာဟာယခင် ၄ သင်းခွဲကနေ ၈ သင်းခွဲ (၈ သင်း တိုက်ရိုက်ဝင်ခွင့် + ၁ သင်း Play-off) အထိ တိုးတက်ရရှိလာတာမို့ အာရှအသင်းတွေအတွက် ပိုမိုရင်ခုန်စရာ ကောင်းလာပါတယ်။
●ပထမဆုံးအကြိမ်ဝင်ခွင့်ရရှိသည့်နိုင်ငံများ
အသင်း၄၈ သင်းစနစ်သစ်ကြောင့်ကမ္ဘာ့ဖလားသမိုင်းတလျှောက် နောက်ဆုံးအဆင့်ပြိုင်ပွဲကို ပထမဆုံးအကြိမ် (First-ever) တက်ရောက်ခွင့်ရရှိပြီး သမိုင်းသစ်စိုက်ထူနိုင်ခဲ့တဲ့နိုင်ငံ ၄ နိုင်ငံရှိပါတယ်။
အာရှဇုန်ခြေစစ်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဥဇဘက်ကစ္စတန် (Uzbekistan)၊ အာရှဖလားမှာ ဒုတိယရခဲ့တဲ့ ဂျော်ဒန် (Jordan)၊ အာဖရိကတိုက်ရဲ့ နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ ကိပ်ဗာဒီ (Cabo Verde)၊ ကာရစ်ဘီယံကျွန်းနိုင်ငံလေးဖြစ်တဲ့ ကျူရာဆောင် (Curaçao) တို့ဟာ ကမ္ဘာ့ဖလားစင်မြင့်ထက်သို့ ပထမဆုံးအကြိမ် ဝင်ခွင့်ရခဲ့ကြပါတယ်။
●အီရန်နိုင်ငံ၏ ပါဝင်မှု
အီရန်နိုင်ငံကိစ္စကလည်း တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ဖေဖော်ဝါရီလနှောင်းပိုင်းတုန်းက စစ်ပွဲတွေ စဖြစ်ကတည်းက အီရန်အနေနဲ့ ပြိုင်ပွဲမှာ ဆက်ပါဦးမလားဆိုပြီး အသံမျိုးစုံ ထွက်ခဲ့တာပါ။
အမေရိကန်ရဲ့အထူးသံတမန် ပေါလိုဇမ်ပိုလီဆိုရင် အီတလီအသင်းကို အီရန်နေရာမှာ အစားထိုးဖို့တောင် အကြံပြုခဲ့သေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ဒါပေမဲ့ ဖီဖာဘက်ကတော့ အီရန်က စီစဉ်ထားတဲ့အတိုင်း ပါဝင်မှာဖြစ်ကြောင်း မေလ ၁၆ ရက်နေ့က တူရကီမှာ အီရန်တာဝန်ရှိသူတွေနဲ့ တွေ့ပြီး အတည်ပြုပေးခဲ့ပါတယ်။
အီရန်ဘက်ကလည်း သူတို့အနေနဲ့ ပြိုင်ပွဲအတွက် မြောက်အမေရိကကို သေချာပေါက် သွားမှာပဲလို့ ပြောထားပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မက်ဒီ တာ့ဂျ်ဆိုရင် “ ကျွန်တော်တို့ဝင်ခွင့်ရထားတဲ့ကမ္ဘာ့ဖလားကို သွားမှာပါ။ကျွန်တော်တို့ရဲ့အိမ်ရှင်ကဖီဖာပါ၊မစ္စတာ ထရမ့်ဒါမှမဟုတ်အမေရိကန်မဟုတ်ဘူး” လို့တောင် မေလအစောပိုင်းမှာ ပြောသွားခဲ့တာပါ။
စစ်ပွဲကြောင့် လုံခြုံရေးအရ စိုးရိမ်စရာတွေ ရှိလာတဲ့အတွက် အီရန်အသင်းရဲ့ လေ့ကျင့်ရေးစခန်းကို အမေရိကန်ကနေ မက္ကဆီကိုဘက်ကို ပြောင်းလိုက်ရတာမျိုးတွေလည်း ရှိပါတယ်။
အခုလို ပထဝီနိုင်ငံရေး တင်းမာမှုတွေကြားထဲမှာ အမေရိကန်နဲ့အီရန်တို့ထိပ်တိုက်တွေ့ဆုံမယ့် အခြေအနေမျိုး ဖြစ်လာနိုင်မလားဆိုပြီး ကျွမ်းကျင်သူတွေက စိတ်ဝင်စားနေကြတာပါ။ အီရန်အသင်းဟာ ဘယ်လဂျီယံ၊ အီဂျစ် နဲ့ နယူးဇီလန်တို့ ပါဝင်တဲ့ အုပ်စု(G)မှာပါဝင်ပါတယ်။
●လုံခြုံရေးအင်အားအများဆုံးသုံးမည့်ကမ္ဘာ့ဖလားပြိုင်ပွဲ
အခုလာမယ့် ကမ္ဘာ့ဖလားပြိင်ပွဲကို ပရိတ်သတ် ၆ သန်းလောက် လာရောက်မှာ ဖြစ်ပြီး လုံခြုံရေးအတွက် ဖီဖာက ဒေါ်လာ ၆၂၅ သန်းအပါအဝင် စုစုပေါင်း ၁ ဘီလီယံကျော်သုံးစွဲထားပါတယ်။
အထူးသဖြင့် မက္ကဆီကိုနိုင်ငံအနေနဲ့ ကွင်းတွေနဲ့ ပရိသတ်ဇုန်တွေကို ကာကွယ်ဖို့ ဒရုန်း (Drone) နည်းပညာတွေနဲ့ ဒရုန်းရန်ကာကွယ်ရေးစနစ် (Counter-drone systems) တွေကိုပါ ထည့်သွင်းအသုံးပြုသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပွဲစဉ်တွေကို လာရောက်ကြည့်ရှုမယ့် ကမ္ဘာလှည့်ခရီးသွားတွေနဲ့ပရိသတ်တွေဘေးကင်းစေဖို့အတွက် မက္ကဆီကိုအစိုးရဟာလုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၁ သိန်းကျော် အထိ တိုးမြှင့်ချထားပြီး ထင်ရှားတဲ့ ခရီးသွားနေရာတွေမှာ လုံခြုံရေးကို အထူးတင်းကျပ်ထားပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားကို မက္ကဆီကို၊ အမေရိကန်နဲ့ ကနေဒါ ၃ နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပတာဖြစ်လို့ အမေရိကန် မြောက်ပိုင်းစစ်ဌာနချုပ် (USNORTHCOM) အပါအဝင် မက္ကဆီကို စစ်တပ်၊ ရေတပ်နဲ့ အထူးတပ်ဖွဲ့တွေဟာ လုံခြုံရေးအရ အနီးကပ်ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။
မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘမ်က နိုင်ငံတွင်းလုံခြုံရေး ပိုမိုကောင်းမွန်လာစေဖို့ Sinaloa နဲ့ Jalisco New Generation အစရှိတဲ့ နာမည်ကြီး မူးယစ်ဂိုဏ်းကြီးတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းလျက်ရှိပါတယ်။ဖေဖော်ဝါရီလအတွင်းကလည်း မူးယစ်ရာဇာ” El Mencho” ကိုနှိမ်နင်းနိုင်ခဲ့ပါတယ်။
●ဖွင့်ပွဲနှင့် ဗိုလ်လုပွဲ ဖျော်ဖြေရေးအစီအစဉ်များ
ယခုနှစ်မှာတော့အိမ်ရှင်နိုင်ငံတိုင်းမှာဖွင့်ပွဲအခမ်းအနား သုံးခုစီ ရှိမှာပါ။ ဖွင့်ပွဲမှာနိုင်ငံတကာက နာမည်ကျော် အနုပညာရှင်တွေက ဖျော်ဖြေပါမယ်။
မက္ကဆီကို (ဇွန် ၁၁) မှာတော့ Alejandro Fernández၊ J Balvin၊ Tyla နဲ့ အခြားအနုပညာရှင်တွေ ပါဝင်မှာပါ။ တိုရွန်တို (ဇွန် ၁၂) မှာတော့ Alanis Morissette၊ Michael Bublé နဲ့ အခြားအနုပညာရှင်တွေ ပါဝင်မှာဖြစ်ပြီး လော့စ်အိန်ဂျလိစ် (ဇွန် ၁၂) မှာတော့ ကေတီပ်ရီ၊လီဆာ၊ Future၊ Anittaနဲ့ အခြားအနုပညာရှင်တွေ ပါဝင်ဖျော်ဖြေမှာဖြစ်ပါတယ်။
ဗိုလ်လုပွဲ Half-time မှာတော့ Coldplay အဖွဲ့မှ Chris Martin ရဲ့ စီစဉ်မှုနဲ့အတူ ရှာကီရာ၊မက်ဒေါနား နဲ့ BTS တို့ ဖျော်ဖြေမှာ ဖြစ်ပါတယ်။
●ကမ္ဘာ့ဖလားအကြိမ်အရေအတွက်အများဆုံးနိုင်ငံနဲ့ကစားသမားများ
ဘရာဇီးနိုင်ငံဟာ ၁၉၃၀ ခုနှစ် ပထမဆုံးကမ္ဘာ့ဖလားကနေယခု ၂၀၂၆ အထိ ကျင်းပခဲ့သမျှ ကမ္ဘာ့ဖလားပြိုင်ပွဲအားလုံး (၂၃ ကြိမ်လုံး)ကိုတကြိမ်မှမပျက်ကွက်ဘဲ ပါဝင်ကစားခွင့်ရထားတဲ့ တခုတည်းသော နိုင်ငံအဖြစ် စံချိန်တင်ထားပါတယ်။
အာဂျင်တီးနာက လီယွန်နယ် မက်ဆီ ၊ပေါ်တူဂီက ခရစ်စတီယာနို ရော်နယ်ဒို ၊မက္ကဆီကို ဂိုးသမား ဂီယာမို အိုချိုအာ တို့ဟာ လက်ရှိအကြိမ်အရေအတွက် စံချိန်တင်ကစားတဲ့ ကစားသမားများ ဖြစ်ပြီး အခုအကြိမ်ဟာ ၆ ကြိမ်မြောက် ဖြစ်ပါတယ်။၂၀၀၆ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ၆ ကြိမ်မြောက်အဖြစ် ပူးတွဲစံချိန်တင်ထားတာပါ။
လက်ရှိမှာမက်ဆီဟာ ၂၀၂၂ဗိုလ်လုပွဲအထိ့ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာစုစုပေါင်း ၂၆ ပွဲနဲ့ စံချိန်တင်ကစားထားပြီး၊ အခု ၂၀၂၆ ပြိုင်ပွဲမှာ ပါဝင်ကစားပါက သမိုင်းတလျှောက် ကမ္ဘာ့ဖလားပွဲအများဆုံးကစားသမားအဖြစ် မိမိရဲ့စံချိန်သစ်ကို ထပ်ချိုးဦးမှာ ဖြစ်ပါတယ်။
အသက်၄၁နှစ် ရှိပြီဖြစ်တဲ့ရော်နယ်ဒိုအတွက်လည်းကမ္ဘာ့ဖလားဆုဖလားကြီးကို အရယူနိုင်မယ့် နောက်ဆုံးမျှော်လင့်ချက်လည်း ဖြစ်ပါတယ်။
ဒီပြိုင်ပွဲရဲ့ အစွဲဆောင်ဆုံး အချက်ကတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္ထဝင်ပြိုင်ဘက်ကြီးနှစ်ဦးဖြစ်တဲ့ လီယွန်နယ် မက်ဆီ (အာဂျင်တီးနား) နဲ့ ခရစ်စတီယာနို ရော်နယ်ဒို (ပေါ်တူဂီ) တို့ကို ကမ္ဘာ့ဖလားစင်မြင့်ထက်မှာ နောက်ဆုံးအကြိမ် မြင်တွေ့ရမယ့် အခွင့်အရေး ဖြစ်နေတာပါပဲ။ သူတို့နှစ်ဦးရဲ့ “ နောက်ဆုံးကခုန်ခြင်း” (The Last Dance) လို့ပြောရမယ့် ပြိုင်ပွဲ ဖြစ်နေပါတယ်။
ဒါအပြင် ၂၀၂၆ ကမ္ဘာဖလားဘောလုံးပြိုင်ပွဲဟာနေမာ ၊မိုဒရစ် ၊ နူအာ တို့လို ဝါရင့်ကစားသမားတွေအတွက်လည်းနောက်ဆုံးပြိုင်ပွဲတွေ ဖြစ်လာမှာဖြစ်ပါတယ် ။
●သမိုင်းတလျှောက်ကမ္ဘာ့ဖလားဗိုလ်စွဲမှုအများဆုံး နိုင်ငံများ
၁၉၃၀ ပြည့်နှစ်မှစတင်ခဲ့တဲ့ ကမ္ဘာ့ဖလားသမိုင်းမှာ ချန်ပီယံဆုကို ဆွတ်ခူးဖူးတဲ့နိုင်ငံ ၈ နိုင်ငံသာရှိပြီး အဲ့ဒီအထဲမှာမှ အများဆုံးဗိုလ်စွဲထားတဲ့ ထိပ်သီးနိုင်ငံတွေကတော့ဘရာဇီးက ၅ ကြိမ်၊ ဂျာမနီနဲ့ အီတလီတို့က ၄ ကြိမ်စီ၊ အာဂျင်တီနားက ၃ ကြိမ်၊ ပြင်သစ်နဲ့ ဥရုဂွေးတို့က ၂ ကြိမ်စီ ဖြစ်ကြပါတယ်။ အင်္ဂလန် နှင့် စပိန် တို့ကတော့ ချန်ပီယံဆု ၁ ကြိမ်စီ ရရှိထားဖူးကြပါတယ်။ ။
ကိုးကားချက် အရင်းအမြစ်များ (CNN Sports, Time, FIFA Official Website)


















































