close
Connect with us

Hi, what are you looking for?

ဆောင်းပါး

မင်းထင်ကိုကိုကြီးနဲ့ မြန်မာရုပ်ရှင်

လွန်ခဲဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ၂၀၀၃ ခုနှစ်မှာ စင်ကာပူနိုင်ငံကနေ ပြန်လာတဲ့ လူငယ်တစ်ယောက်ဟာ မြန်မာ့မြန်မာ့ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့တယ်။ သူက ဒါရိုက်တာမင်းထင်ကိုကိုကြီးပါ။

ဝဇီရာ/People’s Spring

လွန်ခဲဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ၂၀၀၃ ခုနှစ်မှာ စင်ကာပူနိုင်ငံကနေ ပြန်လာတဲ့ လူငယ်တစ်ယောက်ဟာ မြန်မာ့မြန်မာ့ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့တယ်။ သူက ဒါရိုက်တာမင်းထင်ကိုကိုကြီးပါ။

အဲဒီအချိန်ကဖလင်နဲ့ရိုက်တဲ့ရုပ်ရှင်ရယ်၊အငှားဆိုင်စျေးကွက်ကနေသွားတဲ့ ဗွီဒီယိုရယ်ဆိုတာရှိတယ်။ ဖလင်နဲ့ရိုက်ဖို့ကလည်း စျေးကွက်အရ အဆင်မပြေသေးဘူး။ ဗွီဒီယိုလည်း သူကမရိုက်ချင်ဘူး။ ဒါနဲ့ ရုပ်ရှင်အစား မြို့ပတ် ရုပ်ရှင်ရုံတွေမှာ ပြခွင့်ရတဲ့ DVD ဆိုတဲ့ ဒစ်ဂျစ်တယ်ရုပ်ရှင်ကို သူရိုက်ဖို့ စိတ်ကူးရတယ်။ သူပထမဆုံး ရိုက်ဖို့ စီစဥ်တာက ရာဇာနေဝင်းတွေ အများကြီးပါတဲ့ မောင်ရာဇာနေဝင်း (Clone)။

အဲဒီရုပ်ရှင်ရိုက်တဲ့အခါနာမည်ကျော်မြန်မာ့ရုပ်ရှင် ဆင်ဆာအဖွဲ့နဲ့ မင်းထင်ကိုကိုကြီးတို့ တည့်တည့်တိုးပါတယ်။shock အကြီးကြီးရလိုက်ပါတယ်လို့ မင်းထင်ကိုကိုကြီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဇာတ်ကား ရိုက်ကူးပြီးစီးလို့ ဆင်ဆာတင်တော့ ထောက်ညွှန်ချက် ၃ ချက်နဲ့ ပြန်ကျလာပါတယ်။ ထောက်ညွှန်ချက်ဆိုတာ ပြင်ဆင်/ ဖြတ်တောက်ပေးရတာပါ။ အဲတာ လုပ်မပေးရင် ဆင်ဆာကတ်မကျပါဘူး။ ဆင်ဆာကတ်ဆိုတာ မြန်မာ့ရုပ်ရှင်တွေမှာ ဇာတ်ကားမလာခင်ပြတဲ့စာရွက်ကြီးပါ။ ဆင်တာကတ်မကျရင် ရုံတင်ခွင့် မရှိပါဘူး။

ဆင်ဆာအဖွဲ့က မင်းထင်ကိုကိုကြီးကို ပေးလာတဲ့ ထောက်ညွှန်ချက် ၃ ခုထဲမှာ ၁ ခုက ရုပ်ရှင်ထဲမှာမပါပါဘူး။ ဆိုလိုတာက သူတို့ပြောတဲ့အချက်က မင်းထင်ကိုကိုကြီးရို​က်တဲ့ရုပ်ရှင်ထဲ ပါကိုပါမလာတာ။

မင်းထင်ကိုကိုကြီးဟာထောက်ညွန်ချက်ကို ရုပ်ရှင်ထဲမှာ ရှုာမတွေ့တဲ့အဆုံး သက်ဆိုင်ရာ တာဝန်ရှိသူကို ဝင်တွေ့ပြီး မေးရပါတော့တယ်။ ဆင်ဆာလူကြီးက မင်းထင်ကိုကိုကြီးကို “ပြင်ခိုင်းထားတာမဟုတ်လား၊ ခင်ဗျား ပြင်လိုက်ပါ”လို့ ထပ်ပြောတယ်။ “ရုပ်ရှင်ထဲမှာ မပါဘူး”လို့ ပြောတော့လည်း “ပြင်လိုက်ပါ၊ စာပြန်တင်တော့ အဲဒီအချက်ကိုလည်း ပြင်ပြီးကြောင်း ထည့်ရေးလိုက်ပါ”တဲ့။

“ဘုရား၊ ဘုရား။” မင်းထင်ကိုကိုကြီး ဘုရားတမိတယ်။

“သူတို့ မမှားဘူး၊ မှတ်တမ်းအရလည်း သူတို့ မှားခဲ့ကြောင်း မကျန်စေရဘူး။အံ့ဩပြီး သေမသွားခဲ့တာ ကံကောင်းလို့။”လို့ မင်းထင်ကိုကိုကြီးကဆိုတယ်။

၂၀၀၄ ခုနှစ် မတ်လမှာ မင်းထင်ကိုကိုကြီးရဲ့ ပထမဆုံး အဲဒီ မောင်ရာဇာနေဝင်း (Clone) ရုံတင်တယ်။ ရန်ကုန်က ပန်းဆိုးတန်းထိပ်က ရုပ်ရှင်ရုံမှာပြတယ်။ လူဝင်တယ်။ နှစ်ပတ်ပြရတယ်။ သူ့ကားရှေ့က မင်းသိင်္ခဝတ္ထုရိုက်ထားတဲ့ကားထက်ကို ဝင်ငွေက ပိုရတယ်။ မင်းထင်ကိုကိုကြီး ပျော်ခဲ့တယ်။

နယ်တွေမှာပြတဲ့အခါကျ လူနည်းတယ်။ တစ်နိုင်ငံလုံးပြပြီး စာရင်းချုပ်တော့ရှုံးတယ်။ငွေကြေးအရ အရှုံးပေါ်ခဲ့တယ်လို့ သိရတယ်။

“ရုပ်ရှင်ကြည့်ပရိသတ်က ရန်ကုန်နဲ့ နယ် ကွာပါတယ်။ ရန်ကုန်ရော၊နယ်ရော ကြိုက်အောင်ရိုက်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စဖြစ်မယ်ထင်ပါတယ်။”လို့ မင်းထင်ကိုကိုကြီး ယူဆခဲ့တယ်။

နောက်ထပ် ပွဲဆူစေပြန်တာက အိပ်မက်အလွန်။၂၀၀၆ မှာ လူမင်း၊ အိ​န္ဒြာကျော်ဇင်၊ မိုးဟေကိုတို့နဲရိုက်ခဲ့တာ။ ဝေဖန်မှုတွေလည်း တော်တော်ကြုံခဲ့ရပါတယ်။ ကဗျာဆရာတစ်ယောက်ကဆိုရင် သူ့ဇာတ်ကားကို Butterfly Effect 2 ဆိုတဲ့ ရုပ်ရှင် နဲ့တူနေပါတယ်လို့ ရုပ်ရှင် တေးကဗျာမဂ္ဂဇင်းကနေ ဝေဖန်တယ်။ သူပြောတဲ့ကား မကြည့်ဖူးလို့ ၃ ကားလုံး မင်းထင်ကိုကိုကြီးပြန်ရှာကြည့်ရတယ်။ ဘာမှလည်း မတူ၊ မဆိုင်တာနဲ့ဘဲ တရားစွဲဖို့လုပ်တယ်။ မဂ္ဂဇင်းကတောင်းပန်လို့ကျေအေးပေးခဲ့လိုက်တယ်လို့ သိရတယ်။

တစ်နေ့တော့ မင်းထင်ကိုကိုကြီးဆီ email တစ်ခုဝင်လာတယ်။ ပို့သူက နာမည်ကျော် စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဆရာဦးဝင်းဖေပါ။ ဆရာကြီးက အမေရိကားကနေ ရေးလိုက်တာ။

အိပ်မက်အလွန်ဇာတ်ကားရဲ့ကောင်းခြင်းတွေရေးထားတာပါ။ မင်းထင်ကိုကိုကြီး ဆရာဦးဝင်းဖေဆီ စာပြန်လိုက်တယ်။ဆရာကြီးဟာမြန်မာနိုင်ငံမှာ ကျွန်တော့် အကြိုက်ဆုံးဒါရိုက်တာဖြစ်ကြောင်း၊ ဆရာကြီးရဲ့စာက ကျွန်တော့်အတွက် အရေးကြီးတဲ့ ခွန်အားတစ်ရပ်ဖြစ်ကြောင်း ပြန်ရေးခဲ့ပါတယ်။ “တကယ်လည်း မပြိုသည့်မိုးကစလို့ ဆရာကြီးရုပ်ရှင်တွေ အကုန်ကြည့်ခဲ့ရပြီး နှင်းဆီနီအိပ်မက်နဲ့ မဟူရာက စကားစပ်တိုင်း ပြောနေရတဲ့ ရုပ်ရှင်တွေပါ။”လို့မင်းထင်ကိုကိုကြီးကရေးသားခဲ့ဖူးပါတယ်။

ဆရာကြီးဦးဝင်းဖေအပါအဝင် ပညာရှင်တွေရဲ့ ချီးမြှောက်မှုကိုရတဲ့အခါ မင်းထင်ကိုကိုကြီးလည်း ပုထုဇဥ်ပီပီ ကျေနပ်ပီတိ ဖြစ်ခဲ့ရပါတယ်။

“ကျွန်တော်ရိုက်တဲ့ ကျွန်တော့် ရုပ်ရှင်တွေကို နှစ်သက်တန်ဖိုးထားခံရတဲ့အခါ ကျွန်တော်ရတဲ့ ပီတိက အတိုင်းထက်အလွန်ပါ။ အထူးသဖြင့် ပညာရှင်က ချီးကျူးတဲ့အခါ ငွေကြေးနောက်မလိုက်ဘဲ ကိုယ်လုပ်ချင်ရာတွေနဲ့ပဲ မွေ့လျော်နေခဲ့မှုအတွက် ဂုဏ်သိက္ခာပိုမြင့်မားသွားတယ်လို့ခံစားရပါတယ်။”လို့ မင်းထင်ကိုကိုကြီးကဆိုတယ်။

နောက်ပြီး မင်းထင်ကိုကိုကြီးက “ဆရာကြီးဦးဝင်းဖေရဲ့ အဲဒီစာရပြီးကတည်းက ကျွန်တော့်ကို အမြဲ သတိပေးနေတာ တစ်ခုရှိလာပါတယ်။ ကျွန်တော်ရိုက်တဲ့ရုပ်ရှင်ကို ရုပ်ရှင်ပညာရှင်တစ်ယောက်ယောက်ကြည့်ပြီး ဖျင်းလိုက်တာလို့ အမြင်ခံရမှာ ကြိုရှက်နေတာပါ။”တဲ့။

မင်းထင်ကိုကိုကြီး ဆင်ဆာနဲ့ နောက်တစ်ကြိမ်ထပ်ဖိုက်ရပြန်ပါသေးတယ်။၂၀၁၃ ခုနှစ်မှာ သနပ်ခါးဆိုတဲ့ ဒစ်ဂျစ်တယ်ရုပ်ရှင်ကို ဆင်ဆာလျှောက်ပါတယ်။ရုပ်ရှင်ထဲမှာ ရဲတိုက် နဲ့ ဝတ်မှုန်ရွှေရည် ချစ်သူတွေအဖြစ် ပွင့်လင်းရောက်ရှိနယ်ကျွံသွားတဲ့ အခန်း ပါပါတယ်။ဒီအခန်းကို သူဘယ်လိုရိုက်မလဲ စဥ်းစားတယ်။ နောက်ဆုံးတော့ ဒီ ၂ ယောက် ဒီနေရာမှာ ဘာဖြစ်သွားမယ်ဆိုတာကို အဲလောက် ထူထူပိန်းပိန်းကြီး ပြစရာလိုလို့လားဆိုတဲ့ အတွေးကို သူတွေးမိတယ်။ အဲဒါနဲ့ သူဆုံးဖြတ်ချလိုက်တယ်။ “မပြတော့ဘူး၊ ပြစရာ မလိုတော့ဘူး။ တစ်ယောက်ကိုတစ်ယောက်ဖက်မယ်၊တစ်ယောက်လက်ကို တစ်ယောက် ဆုပ်မယ်။ လုံလောက်ပြီ။”တဲ့။

ဒါပေမဲ့ သူတစ်ခုတော့ လုပ်လိုက်ပါတယ်။ သူတို့ ၂ ယောက်လက်ချင်းဆုပ်မိတဲ့အချိန်မှာ black frame ၅ စက္ကန့်ဝင်ပါတယ်။အသံလည်းမပါတော့ပါဘူး။ အဲတာပြီးမှ နောက် scene ကို ပြောင်းပါတယ်။

ဆင်ဆာကအဲဒီblack frame ၅ စက္ကန့်ကို ထောက်ညွှန်ချက်နဲ့ ဖြုတ်ခိုင်းပါတယ်။နားမလည်တဲ့အတွက် ဆင်ဆာလူကြီးကို သူသွားတွေ့ရပါတော့တယ်။

ဘာဖြစ်လို့ ဖြုတ်ခိုင်းတာလဲလို့မေးတော့ သူဘာမှမပြဘဲထားခဲ့တဲ့ black frame ၅ စက္ကန့်နေရာမှာ ပရိသတ်က သူတို့ယူချင်သလို ယူတော့မယ်၊ သူတို့စဉ်းစားချင်သလို စဉ်းစားတော့မယ်၊ အဲလို မဖြစ်သင့်ဘူးတဲ့။ အလွန်အကျွံတွေ ရကုန်ကြလိမ့်မယ်တဲ့။ မင်းထင်ကိုကိုကြီး အင်မတန်ကိုမှပဲ အံ့အားသင့်ခဲ့ရပါတယ်တဲ့။

လူငယ် ၂ ယောက် မျိုသိပ်ဖိနှိပ်ထားခဲ့ရတဲ့ အချစ်တွေ ပေါက်ကွဲလွင့်စင်သွားမယ့် အခိုက်အတန့်လေးကို ပရိသတ်ဖာသာ ခံစားပါစေတော့လို့ ချန်ထားခဲ့တာကို ဆင်ဆာက ခွင့်မပြုနိုင်ဘူးတဲ့။

“ပရိသတ်ရဲ့စိတ်ကူးခွင့်အထိ လှမ်းချုပ်ချယ်ဖို့ ကြိုးစားနေကြတာပါ့လားလို့ ကျွန်တော် သိလိုက်ပြီ။တော်တော်လွန်နေပြီဆိုတာကျွန်တော် သိလိုက်ပြီ။ကျွန်တော်မလျှော့နိုင်တော့ဘူး။ငြင်းရခုန်ရတာလေးတွေဖြစ်ခဲ့တယ်။”လို့သူကအသိပေးတယ်။

နောက်ဆုံးတော့ မင်းထင်ကိုကိုကြီးက သူ တာဝန်ယူကြောင်းဝန်ခံလက်မှတ်ထိုးရင် ခွင့်ပြုမယ်ဆိုလို့ လက်မှတ်ထိုးပေးခဲ့ရပါသတဲ့။ အဲဒါမြန်မာ့ရုပ်ရှင်ပါ။

မြန်မာ့ရုပ်ရှင်လောကမှာ မြန်မာ့ရုပ်ရှင် အရည်အသွေးနိမ့်ပါးရခြင်းအကြောင်း ပြောကြရင် ရုပ်ရှင်လောကထဲကလူတွေ နှစ်ပေါင်းများစွာ ပေးနေခဲ့ကြတဲ့အကြောင်းပြချက် ၃ ခုပေးလေ့ရှိတယ်လို့ မင်းထင်ကိုကိုကြီးက ဆိုပါတယ်။

အဲဒီ ၃ ခုက ဆင်ဆာရဲ့အတားအဆီး၊ စက်ပစ္စည်းမပြည့်စုံတာ၊ ရုပ်ရှင်စတူဒီယိုမရှိတာ စတာတွေပါ။ မင်းထင်ကိုကိုကြီးကတော့ အဲဒီအကြောင်းပြချက်အားလုံးကို လုံးဝသဘောမတူခဲ့ပါဘူး။

မြန်မာ့ရုပ်ရှင်အတွက် အရေးတကြီး သေရေးရှင်ရေး လိုအပ်နေတာက ဇာတ်ညွှန်းပညာရှင်ပါ။ ဇာတ်ညွှန်းပညာရှင်နဲ့ ဇာတ်ညွှန်းကောင်းတွေကလွဲပြီး မြန်မာ့ရုပ်ရှင်ကို ကယ်တင်နိုင်မယ့်အရာနဲ့လူပုဂ္ဂိုလ်ဆိုတာ မရှိပါဘူးလို့ မင်းထင်ကိုကိုကြီးက ဆိုပါတယ်။

မြန်မာ့ရုပ်ရှင်လောကအတွက်အရေးတကြီးလိုအပ်နေတာက ဇာတ်ညွှန်းရေးဆရာကောင်းလို့ မင်းထင်ကိုကိုကြီးက သူ့အမြင်ကို ရေးသားပါတယ်။ အတတ်ပညာ၊ အနုပညာနဲ့ ဉာဏ်ပညာအရည်အသွေး မြင့်မားတဲ့ ဇာတ်ညွှန်းရေးဆရာတွေ အရေးတကြီး လိုအပ်နေတယ်လို့ သူက မြင်ပါတယ်။ ဇာတ်ညွှန်းကောင်းမရှိဘဲ ရုပ်ရှင်ကောင်းမဖြစ်ပါဘူးလို့ မင်းထင်ကိုကိုကြီးက ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ရုပ်ရှင်ဒါရိုက်တာလုပ်မယ်ဆိုရင် စာဖတ်ဖို့သူကမှာခဲ့တယ်။ရှေးကဆရာကြီးရွှေဒုံးဘီအောင်၊ ဆရာကြီးအေဝမ်းတင်မောင်၊ ဆရာကြီးဦးသုခ၊ ဦးဝင်းဦး၊ ရှုမဝဦးကျော်၊ သာဓု၊ ဆရာမောင်ဝဏ္ဏ၊ ဆရာကြီးဦးဝင်းဖေတို့ဟာ ကိုယ်တိုင်လည်းစာရေးကြပြီး စာလည်း အင်မတန်ဖတ်ကြတဲ့ ဒါရိုက်တာကြီးတွေပါ။ သူတို့ကိုယ်တိုင် ဝတ္ထုတွေ၊ ဇာတ်ညွှန်းတွေရေးခဲ့ကြတယ်။ ဘယ်ဟာက ဇာတ်ညွှန်းကောင်းဆိုတာကို လည်း သိခဲ့ကြတယ်လို့ မင်းထင်ကိုကိုကြီးက လမ်းညွှန်ခဲ့တယ်။

“storytelling ကို ထဲထဲဝင်ဝင် ကိုင်တွယ်အလုပ်လုပ်ရမယ့် လူတွေအတွက်၊ စာဖတ်ခြင်းဟာ မရှိမဖြစ် လိုအပ်နေတဲ့ အခြေခံအချက်ပါ။ ဇာတ်ညွှန်းကို နားလည်တဲ့ ဒါရိုက်တာဖြစ်ချင်သလား။ စာဖတ်ပါ။ ဒါရိုက်တာကောင်း ဖြစ်ချင်သလား။ စာဖတ်ပါ။”လို့ မှာခဲ့တယ်။

စာဖတ်ခြင်းသာ မရှိခဲ့ရင် မင်းထင်ကိုကိုကြီး ဆိုတာလည်း ဖြစ်လာမှာတောင် မဟုတ်ဘူး။ စာဖတ်ခြင်းကိုသာ ဖယ်လိုက်ရင် မင်းထင်ကိုကိုကြီးဆိုတာလည်း ပျောက်သွားလိမ့်မယ်တဲ့။

မြန်မာ့ရုပ်ရှင်အတွက် အိပ်မက်တွေအများကြီးရှိခဲ့ဖူးတဲ့ မင်းထင်ကိုကိုကြီးဟာ ဇွန် ၂ ရက်မှာ သူ့ပရိသတ်တွေကို နူတ်မဆက်ဘဲ ထွက်ခွာသွားခဲ့ပါပြီ။ သူဟာ၂၀၁၈ ၊နိုဝင်ဘာမှာ အသည်းကင်ဆာရောဂါ ခံစားခဲ့ရတာဖြစ်ပြီး အသည်းတစ်ခြမ်းကို လှီးထုတ်ကာ ကုသမှုခံယူခဲ့ပါတယ်။

မင်းထင်ကိုကိုကြီးဟာ အာဏာသိမ်းတဲ့နေ့မှာပဲ စစ်တပ်ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။

၂၀၂၂ နိုဝင်ဘာမှာ ပြန်လွတ်လာပေမဲ့ ထောင်တွင်းဆေးဝါးစောင့်ရှောက်မှု ကောင်းကောင်းမရခဲ့တာကြောင့် သူ့ဝေဒနါဟာ ပိုဆိုးလာခဲ့တာပါ။

ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်အရွယ်ဖြစ်ပြီး ကွယ်လွန်ချိန်အထိ သူယုံကြည်ရာကို သစ္စာမဖောက်ပဲ ရပ်တည်ခဲ့သူဖြစ်ကြောင်း သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ရေးသားဂုဏ်ပြုခဲ့ကြပါတယ်။

သူဟာ၂၀၁၂ မှာ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို စတင်ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဆုပေးပွဲကျင်းပလေ့ရှိပါတယ်။လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကိုလည်း တည်ထောင်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလတုန်းကလည်း ဒါရိုက်တာမင်းထင်ကိုကိုကြီးက NLD အောင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရေးသားထားတဲ့ ကဗျာစာရွက်ကို လေလံတင်ပြီး ပါဝင်ကူညီခဲ့ဖူးပါတယ်။

မင်းထင်ကိုကိုကြီးဟာ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းထဲက ထွက်လာတဲ့ ဇာတ်လမ်းကို ဇာတ်ညွှန်းရေးပြီး ရုပ်ရှင်အဖြစ် ဖန်တီးရတာ တော်တော်နှစ်သက်စွဲလန်းတယ်လို့ ဝန်ခံခဲ့ဖူးတယ်။

သူရိုက်ခဲ့တဲ့ digital ရုပ်ရှင် ၇ ကားမှာ မောင်ရာဇာနေဝင်း (Clone)၊ အိပ်မက်အလွန်၊ လရောင်ဆိုနာတာနဲ့ နောက်ဆုံးကဗျာ ဆိုတဲ့ကားတွေဟာ သူ့စိတ်ကူးစိတ်သန်းတွေပါ။

“အိပ်မက်အလွန် ဇာတ်ညွှန်းနဲ့ နောက်ဆုံးကဗျာ ဇာတ်ညွှန်းတွေအတွက်တော့ ကျွန်တော့်ကိုယ်ကျွန်တော် အမြဲ ကျေနပ်နေမှာပါ။ ကျွန်တော်ရေးခဲ့သမျှထဲမှာ နောက်ဆုံးကဗျာက ကျွန်တော် အကြိုက်ဆုံး။”လို့ မင်းထင်ကိုကိုကြီးက ဆိုခဲ့ပါတယ်။

မင်းထင်ကိုကိုကြီးရဲ့ စိတ်ကူးစိတ်သန်းကို အခြေခံထားတဲ့ ဇာတ်ညွှန်း ၄ ခုလည်း ကျန်ရစ်ခဲ့ပါတယ်။ အဲဒီ ၄ ခုက ဘယ်ဘက်ပါးပေါ်က မှဲ့၊ လေး၊ အပါယ်၊ အမျှင်၂၀၂၂ တဲ့။ သူကိုယ်တိုင်ဖန်တီးခွင့်တော့ မရသွားခဲ့ပါဘူး။ ။

(ကိုးကား-မင်းထင်ကိုကိုကြီး ရေးသားခဲ့သော Facebook Post များ)

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံရေးအကျဉ်းသားဟောင်းကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားတယ်လို့ သူရဲ့တူ‌ တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က အသိပေးထားပါတယ်။

ဆောင်းပါး

ပြည်ပရောက်နေတဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မြန်မာပြည်မှာ တစ်ပတ်ကို မြန်မာရုပ်ရှင် ​ဇာတ်ကားသစ်နှစ်ကား ရုံတင်နေတာ တော်တော်အိုကေနေပြီလားလို့ ထင်မိကြမှာပါ။ ရုပ်ရှင်ပရက်ရှိုးတွေမှာ လူတွေစည်ကားနေတာတွေကိုကြည့်ရင်း မြန်မာနိုင်ငံမှာ စစ်တပ်က တကယ်ကော အာဏာသိမ်းထားတာ ဟုတ်ပါ့မလားလို့တောင် ထင်မိသွားနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေထင်သလို လုံးဝ မဟုတ်ပါဘူး။

သတင်း

လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် ဘဝကိုစားသော ကိန်းဂဏန်းများဆိုတဲ့ ရုပ်ရှင်ဟာ တကယ်တော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အောက်တိုဘာ ၁ ရက်မှာ ကျရောက်မယ့် ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တာပါ။

အတွေးအမြင်

ဒီပ/People’s Spring ‘မိတ်​​ဆွေများနှင့် တွေ့ဆုံပွဲ’လို့အမည်တပ်ထားတဲ့စစ်တပ်ပါတီ ကြံ့ဖွံ့ နဲ့ စစ်တပ်​ထောက်ခံတဲ့ အနုပညာရှင်​တွေ ​တွေ့ဆုံပွဲမှာ တက်​ရောက်သူ​တွေအများကြီးထဲမှာ တစ်​ယောက်ရဲ့အမည်ကို​တော့ သင့် စိတ်ထဲစွဲ​နေ​အောင်မှတ်ထားဖို့ အကြံပြုပါတယ် ။ ဒါရိုက်တာ​ကျော်​​ဇောလင်း (အ​တွေးပုံရိပ်)ပါ ။တက်​ရောက်တဲ့ စစ်တပ်​ထောက်ခံတဲ့အနုပညာရှင် အားလုံးထဲမှာ ဒါရိုက်တာ​ကျော်​ဇောလင်းက အခရာအကျဆုံးပါ ။ စစ်သား​တွေက...