Connect with us
close

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

ချင်းပြည်ကောင်စီတပ်ပေါင်းစု နဲ့ ချင်းညီ​နောင် ​ပြော​​​ရေးဆိုခွင့်ရှိသူ နှစ်ဦးနဲ့​မေးမြန်းခန်း

ချင်းပြည်ကောင်စီတပ်ပေါင်းစုမှာ ပါဝင်တဲ့ ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို People’s Spring က ဇွန်လ ၁၉ရက် မနက်ပိုင်းမှာ ဆက်သွယ်​မေးမြန်းထားပါတယ်။

ချင်းပြည်ကောင်စီတပ်ပေါင်းစု နဲ့ ချင်းညီ​နောင် ​ပြော​​​ရေးဆိုခွင့်ရှိသူ နှစ်ဦးနဲ့​မေးမြန်းခန်း
ချင်းပြည်ကောင်စီတပ်ပေါင်းစု နဲ့ ချင်းညီ​နောင် ​ပြော​​​ရေးဆိုခွင့်ရှိသူ နှစ်ဦးနဲ့​မေးမြန်းခန်း

“အကောင်းဆုံးကတော့ AA အနေနဲ့ ရက္ခိုင်ပြည်နယ်မှာ လုပ်ချင်တဲ့စစ်ကောင်စီတပ်စခန်းတွေအများကြီးရှိပါတယ်။ အဲဒီမှာ သွားလုပ်ပါ။ ကျနော်တို့လည်း ဒီမှာလုပ်မယ်။ မလုပ်နိုင်စရာ အကြောင်းကို မရှိဘူး”

▪︎ချင်းပြည်ကောင်စီတပ်ပေါင်းစု​ပြော​ရေးဆိုခွင့်ရှိသူ

“ချင်းညီနောင်အနေနဲ့ ကအဖိနှိပ်ခံ တိုင်းရင်းသား အချင်းချင်း လိုအပ်သလို မဟာမိတ်ဖွဲ့ ပူးပေါင်းပြီး အတူတူ တိုက်ပွဲဝင်ဖို့ ရှိပါတယ်။ CNA ဖက်က AA အပေါ် အမြင်ကတော့ သူတို့ကို မေးမြန်းရင် ပိုကောင်းပါတယ်”

▪︎ချင်းညီနောင်သတင်းပြန်ကြားရေးအဖွဲ့ဝင်တစ်ဦး

-ထားမြတ်/People’s Spring

ချင်းပြည်နယ် မတူပီမြို့ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေတဲ့ ချင်းပြည်ကောင်စီ တပ်ပေါင်းစုနဲ့ ချင်းညီနောင်၊မဟာမိတ်တပ်ပေါင်းစု တို့ဟာ ဇွန်လ ၁၈ရက်မှာ ချင်း တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းအကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဖက်ထိခိုက်ကျဆုံးမှုအချို့လည်းရှိခဲ့ပါတယ်။ ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့များ စုစုပေါင်း ၁၈ဖွဲနဲ့ စုဖွဲ့ထားတဲ့ ချင်းပြည်ကောင်စီ တပ်ပေါင်းစုဟာ မတူပီ ခရိုင်ရုံးကို မေလ ၃၀ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ရက္ခိုင့်တပ်တော်(AA)နဲ့ ချင်းညီနောင် တပ်ဖွဲ့တွေပါတဲ့ မဟာမိတ်ပူးပေါင်းတပ်ဟာလည်း ဇွန်လ ၉ ရက်မှာ မတူပီကစစ်တပ်စခန်း​တွေကို ထိုးစစ်ကို စတင်ခဲ့ပြီး ဇွန် ၁၇ရက်မှာ မတူပီ ခမရ(၃၀၄)တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်​ကောင်စီရဲ့ ခလရ ၁၄၀ ကို ​ချင်းညီ​နောင်​ရော ၊ချင်းပြည်​ကောင်စီတပ်​တွေ​ရော ပြင်ဆင်​နေကြစဥ်မှာပဲဇွန်လ ၁၇ရက်ည​နေမှာ ချင်းပြည်ကောင်စီ တပ်ပေါင်းစုက ရဲဘော် ၁ဦးကို ချင်းညီနောင်က ဖမ်းဆီးခဲ့ပါတယ် ။ ဇွန် ၁၈ မနက်မှာ​တော့ တပ်သား ၁ ဦးအဖမ်းခံထားရတဲ့ ချင်းပြည်​ကောင်စီ ကတပ်​တွေက ချင်းညီ​နောင်တပ်​တွေကို တိုက်ခိုက်ရာက​​နေ နှစ်ဖက်အကြား တိုက်ပွဲစတင်ခဲ့ပါတယ်။ ဒီ အခြေအနေနဲ့ပတ်သက်ပြီး ချင်းပြည်ကောင်စီတပ်ပေါင်းစုမှာ ပါဝင်တဲ့ ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို People’s Spring က ဇွန်လ ၁၉ရက် မနက်ပိုင်းမှာ ဆက်သွယ်​မေးမြန်းထားပါတယ် ။ အလားတူ ချင်းညီနောင်သတင်းပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးနဲ့မေးမြန်းခန်းကိုလည်းပူးတွဲ​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

-ချင်းပြည်ကောင်စီတပ်ပေါင်းစုမှ CNAပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

မေး။မတူပီ အခြေအနေမေးချင်ပါတယ်။ မတူပီမှာ ဇွန် ၁၈ ရက်က စပြီး ချင်းညီနောင် နဲ့ ချင်းပြည်ကောင်စီ တပ်ပေါင်းစုနဲ့ပစ်ခတ်မှုတွေ ဖြစ်တဲ့အပေါ် ရှင်းပြပေးပါလား။

ဖြေ။ချင်းညီနောင်နဲ့ AAနဲ့ပေါ့။AAဦးဆောင်တာဖြစ်တယ်။

အဓိကကတော့ မတူပီမှာ ၁၄၀နဲ့ ဗျူဟာကုန်းကို ကျနော်တို့က အဲဒီမှာ စစ်ဆင်ရေးလုပ်ဖို့။ သူတို့က ( ခမရ ၃၀၄)ကို လုပ်ဖို့ ဆိုပြီးတော့ ကနဦးက မတူပီ CDF နှစ်ဖွဲ့ ကွဲနေတဲ့ ဒေသခံကာကွယ်ရေးတပ် နှစ်ဖွဲ့က ညှိနှိုင်းပြီးသားဖြစ်တယ်။ အဲဒီလို စစ်ဆင်ရေးဖော်ဆောင်ဖို့ရှိတယ်။ အဲဒါကို ကျနော်တို့နဲ့ ၁၄၀ကြားမှာ သူတို့က နေရာဝင်ယူပြီးတော့ ၁၄၀ (စစ်​ကောင်စီတပ်ရဲ့ ခလရ ၁၄၀တပ်ရင်း)ကို ပစ်တာ။ အဲဒီမှာ ပစ်တော့ ပြည်သူလူထု တချို့က ပိတ်မိတဲ့ဟာကို ကျနော်တို့ကို အကူအညီလာတောင်းတော့ သူတို့ကို သွားကြိုတဲ့နေရာမှာကားသမားကို သူတို့က ဖမ်းထားတယ်။ ဒါနဲ့ လမ်းဖွင့်ပေးပါ ၁၄၀ကို နဂို ညှိထားတဲ့ အတိုင်း လုပ်သွားမယ်ဆိုတာကို သူတို့က လက်မခံဘူး။ အဲဒါနဲ့ ပစ်ခတ်မှု ဖြစ်တာပေါ့။အမှန်ဆိုရင် ၃၀၄ နဲ့ ၁၄၀ က သုံးမိုင်လောက်ဝေးတယ်။ မြို့အစွန်မှာ ရှိတဲ့ဟာ။ သူတို့က အဲဒီလိုလာလုပ်တော့ ကျနော်တို့ အဲဒါ သိမ်းဖို့ကို အသိမ်းမခံဘူးပေါ့။ သူတို့ပဲ အားလုံး သိမ်းကျုံးမယ် အဲဒီလို ပုံစံနဲ့ ဖြစ်သွားတာ။

မေး။ ဇွန် ၁၈ ရက်က တော်လှန်ရေးအဖွဲ့အချင်းချင်း စဖြစ်တာ မှာ ဒီ​နေ့ (ဇွန် ၁၉ ရက်)အထိအခြေအနေတွေဘယ်လိုရှိပါသလဲ။

ဖြေ။ ဒီမနက် (ဇွန် ၁၉ မနက်)အထိတော့ ကျနော်တို့ ဘာမှ မသိရသေးဘူး။ ဒါပေမဲ့ဟိုဘက်က ဆုတ်(ဆုတ်ခွာ)ပေးတာတို့ တော့ လုပ်ဖို့ ကောင်းတယ်။ မလုပ်ဘူးဆိုရင်တော့ မဖြစ်သင့်တဲ့ဟာတွေ ဖြစ်ကုန်မှာပဲ။

မေး။စစ်ကောင်စီတပ်စခန်း တွေကို တိုက်ဖို့ ခွဲပြီး တာဝန်ယူကြဖို့ ညှိထားပြီးသားမှာ ဒီလို အခြေအနေ ဖြစ်လာတာဆိုရင် ဒီအ​ပေါ် ဘယ်လိုမြင်မိပါသလဲ။

ဖြေ။ သူတို့ပဲ စလုပ်ခဲ့တာ။ သူတို့အကုန်လုံး ဝင်သိမ်းကျုံးသွားတဲ့ဟာ။ ၁၄၀ နဲ့ ကျနော်တို့ ကြားထဲဝင်နေရာယူတဲ့ဟာ။ မလုပ်သင့်တဲ့ဟာ။ ပြီးတော့ ကျနော်တို့ အနေနဲ့က ကျနော်တို့ ချင်းပြည်သူကို အထိအခိုက်အနည်းဆုံးဖြစ်အောင် မြို့သိမ်း စခန်းသိမ်းတိုက်ပွဲတွေလုပ်တာ။ အခုက မတူပီမြို့ထဲကို အားလုံး နေရာဝင်ယူကြတော့(စစ်​ကောင်စီက) ဂျက်ဖိုက်တာ နဲ့ ဘာနဲ့ မြို့ထဲကို ကြိုက်သလိုပစ်နေတော့တယ်။ အဲဒါက ကျနော်တို့ အနေနဲ့ လက်မခံနိုင်ဆုံးဖြစ်တယ်။ အမှန်ဆိုရင်တော့ အဲဒီ စခန်း ၂ခုက မြို့ပြင်မှာ ရှိတယ်။ အခုက မြို့ထဲမှာ အဲဒီလိုလုပ်တော့ ဂျက်ဖိုက်တာနဲ့ လေယာဉ်နဲ့ ကြိုက်သလို ပစ်နေတော့တာ။ လူထုအသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေတော့တာ။ အဲဒါ ကျနော်တို့ကလုံး၀လက်မခံနိုင်ဆုံးအချက်ဖြစ်တယ်။

မေး။ ချင်းညီနောင် ပူးပေါင်းတပ်တွေ ဖမ်းထားတဲ့ ရဲဘော်​ရော ပြန်လွှတ်​ပေးပါပြီလား ။

ဖြေ။ မလွှတ်ဘူးခင်ဗျာ။

မေး။ ​ချင်း​တော်လှန်​ရေးတပ်​တွေချင်းဖြစ်တဲ့ ဇွန် ၁၈ ရက် တိုက်ပွဲမှာ အထိအခိုက်တွေရော ရှိပါသလား။

ဖြေ။ကျနော်တို့ဘက်က ရဲဘော်တစ်ယောက်ကျတယ်။ ကားသမား လွှတ်သလား ဘယ်လိုလုပ်လိုက်သလဲ ကျနော်တို့က မသိဘူး။ သူတို့ အဆိုအရတော့ သူတို့ ၂ယောက်တော့ ကျဆုံးတယ်လို့ သိရတယ်။ သူတို့ရဲ့ သတင်းထဲမှာပေါ့နော်။ အဓိကတော ရည်ရွယ်ချက်ရှိရှိ ကျနော်တို့က မတူပီ ၁၄၀ကို မသိမ်းနိုင်အောင် သူတို့က လုပ်နေတာလား။ ၁၄၀ကိုသူတို့ဝင်သိမ်းဖို့ လုပ်နေတာလား ဒါကတော့ ကျနော်တို့ မသိရသေးဘူး။ အဓိက တော့လူထု အထိအခိုက် အနည်းဆုံးဖြစ်အောင်လုပ်မယ့်ဟာကို ဒီလိုပုံစံမျိုးလုပ်တာ ကျနော်တို့က လုံး၀ လက်မခံနိုင်ဘူး။

မေး။ ချင်းညီနောင် ပူးပေါင်းတပ်နဲ့ AA လည်း အတူပူးပေါင်း ပါဝင်တိုက်ခိုက်တာဖြစ်တော့ ဒီကိစ္စအတွက် AAဆီကို အကြောင်းကြားတာရှိပါသလား။

​ဖြေ။ AAကတော့ နဂိုကတည်းက ဆွေးနွေးညှိနှိုင်းမယ်ဆိုတာ လုပ်ပြီးသား။ သူတို့က အဆွေးနွေးမခံဘူး။ အဲဒီလို ဖြစ်နေတယ်။ အဲဒီလို ဖြစ်ပြီးတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်တွေဘာတွေ ပေးပြီး အခုလို လုပ်နေတာ။ ရေရှည်ကျတော့ ချင်းအချင်းချင်းကြားမှာ AAက ပြဿနာ ဖြစ်လိုက် ၊ ဘာလိုက်နဲ့။ အခုလည်း အဲဒီလို ဖန်နေပြီ။ အဲဒီအနေအထားကတော့ လုံး၀ မလုပ်သင့်တဲ့ မဖြစ်သင့်တဲ့ဟာဖြစ်တယ်။

မေး။အခုလို အခြေအနေမှာ AAကို ဘာ​ပြောလိုပါသလဲ။

ဖြေ။အကောင်းဆုံးကတော့ AA အနေနဲ့ ရက္ခိုင်ပြည်နယ်မှာ လုပ်ချင်တဲ့စစ်ကောင်စီတပ်စခန်းတွေအများကြီးရှိပါတယ်။

အဲဒီမှာ သွားလုပ်ပါ။ ကျနော်တို့လည်း ဒီမှာလုပ်မယ်။ မလုပ်နိုင်စရာ အကြောင်းကို မရှိဘူး။ သူတို့လည်း ရက္ခိုင်ပြည်ကို ပြန်ပြီးတော့ ရက္ခိုင်မှာ စစ်ကောင်စီ တပ်စခန်းတွေ သိမ်းဖို့ အများကြီး ရှိပါသေးတယ်။ ဒီမှာ ပြဿနာတော့ မီးခွက်ထွန်းရှာတာမျိုး ဖြစ်နေတော့ အဲဒီလိုပဲ ပြန်ရုတ်ပေးရင်တော့ အသင့်တော်ဆုံးပါ။

မေး။တကယ်လို့ ဒီအတိုင်းဆက်ရှိနေရင် တော်လှန်ရေး တပ်တွေအချင်းချင်း အကြားပြဿနာတွေ ဆက်ရှိနေနိုင်လား။

ဖြေ။ကျနော်တို့က ကိုယ့်ပြည်နယ် ကိုယ့်ဒေသ ကိုယ့်ပြည်သူလူထုထဲမှာပဲ တိုက်ပွဲက ဆင်နွှဲနေတာ။ သူတို့က တကူးတကလာပြီးတော့ စည်းကျော်တာမျိုး ဖြစ်နေလို့ကတော့ကျနော်တို့က အတက်နိုင်ဆုံး ကာကွယ်သွားမှာပဲ။ ကိုယ့်ပြည်သူလူထု ကိုယ့်ဒေသ တည်ငြိမ်ရေး၊ လုံခြုံရေး စစ်ကောင်စီ ကင်းစင်ရေးကတော့ ကိုယ့်ဒေသထဲမှာ ကိုယ့်ပြည်နယ်ထဲမှာ ဆက်လုပ်စရာရှိပါတယ်။ အဲဒီလို လုပ်သွားမှာ ဖြစ်ပါတယ်။

မေး။AAကတော့ ရခိုင်ပြည်နယ်မှာ AAကလွဲပြီး အခြားတပ်တွေရှိတာ လက်မခံဘူးလို့တရားဝင် အသိပေးထားတယ်။ တစ်ဖက်မှာတော့ ဒီချင်းပြည်ဘက် စစ်ဆင်ရေးမှာ ပါဝင်တာမျိုးရှိတော့ ဒီအခြေအနေအပေါ် ဘာပြောလိုပါသလဲ။

ဖြေ။သူတို့ လုပ်ချင်သပ ဘာညာဆိုရင်တော့ လာညှိနှိုင်းပါ။ ပြောပါ။ ရပါတယ်။ နွေဦးတော်လှန်ရေးမှာ အဲဒီလို တိုက်ပွဲ အတူတူ ဆင်နွှဲဖို့ကတော့ကျနော်တို့ကအမြဲတမ်း အဆင်သင့်ပေါ့။ ဒါပေမဲ့ အဲဒါကို နိုင်ငံရေးအရ အကျိုးအမြတ် ၊ ကိုယ်ကျိုးအတွက် အသုံးချပြီးတော့ လုပ်တာမျိုးကတော့ လုံး၀ မလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်။

မေး။ ချင်းညီနောင် အဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းအ​ဖြေရှာနိုင်ဖို့အတွက် သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ။ ညှိနှိုင်းတယ်။ သူတို့က အကြောင်းပြချက်တွေက များနေတယ်။ ညှိနှိုင်းမယ် လာကြပါလုပ်ပြီးတော့ သူတို့က အကြောင်းပြချက် က ညှိနှိုင်းချင်တယ်ဆိုရင် ကျနော်တို့ ဒေသက တပ်တွေ ရုတ်သိမ်းပေးပါ အဲဒီလို လုပ်ပါဆိုတာမျိုးတွေဖြစ်လာတော့ ချင်းအမျိုးသားတပ်မတော်ဟာ ချင်းတမျိုးသားလုံးအတွက် ရပ်တည်ထားတဲ့ တပ်မတော် ဖြစ်တယ်။ ချင်းဒေသ ဘယ်နေရာမှာမဆို နေရမှာပဲ။ သူတို့ ဒေသအစွဲ မျိုးနွယ်စုအစွဲနဲ့ အဲဒီလိုမျိုး လုပ်နေလို့ ဒါကတော့ အဲဒီလို လုပ်နေလို့ကတော့ ဆွေးနွေးစရာ ညှိနှိုင်းစရာ ဝေးသွားမှာပေါ့။

မေး။ အခြားဘာပြောလိုပါသလဲ။

ဖြေ။ ။ဟုတ်ကဲ့ အဲဒါပါပဲ။ ။

———————————————‐————————

ချင်းညီနောင်သတင်းပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးနဲ့ မေးမြန်းခန်း

ချင်းပြည်နယ် မတူပီမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတဲ့ ချင်းညီနောင် မဟာမိတ်တပ်တွေနဲ့ ချင်းပြည်ကောင်စီ တပ်ပေါင်းစုတွေဟာ ဇွန်လ ၁၈ရက်မှာ တော်လှန်ရေး တပ်ဖွဲ့အချင်းချင်းအကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အရင်ကတည်းက ပြဿနာ အချို့ရှိနေတဲ့ ချင်းအမျိုးသားတပ်မတော်(CNA) ပါဝင်တဲ့ ချင်းပြည်ကောင်စီ တပ်ပေါင်းစု နဲ့ ချင်းညီနောင်တို့ရဲ့ တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ပါတယ်။ ချင်းညီနောင်ဘက်မှာရက္ခိုင့်တပ်တော်(AA)လည်းပါဝင်ခဲ့ပါတယ်။ မတူပီ မှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားခဲ့မှု အပါအဝင် စစ်ရေး အခြေအနေများကို ချင်းညီနောင် သတင်းပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးကို People’s Spring ကဇွန် ၁၉ ရက်ည​နေမှာ ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါတယ်။

-ထားမြတ်/People’s Spring

မေး။မတူပီမှာ ချင်းပြည်ကောင်စီ တပ်ပေါင်းစုနဲ့ ပြဿနာ အချို့ဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ အခြေအနေကို ရှင်းပြပေးပါလား

ဖြေ။ဇွန်လ (၁၆) ရက်နေ့က ခလရ ၁၄၀ စကစ စခန်းအနီးကပ်ရပ် ဖနိုင်ရွာထိပ်က စကစ စခန်းကို ချင်းညီနောင်အနေနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ (၁၇) ရက်နေ့မှာ အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီ ဇွန်လ (၁၇) ရက်နေ့ ညနေ ပိုင်းမှာဘဲ ယဉ်မောင်း တစ်ဦးက CNA တွေ တပ်စွဲထားတဲ့ စခန်းကနေ ချင်းညီနောင် စစ်ဆင်ရေး တပ်ဖွဲ့တွေကို ဖြတ်သန်းပြီး ခလရ ၁၄၀ ဖက်ကို ဦးတည် မောင်းနှင်လာလို့ လုံခြုံရေးအရ ခေတ္တခဏ ထိန်းသိမ်းထားတဲ့သဘောပါ။ စစ်ဆင်ရေး ကာလမို့လို့ စစ်ဝတ်စစ်စား အပြည့်အစုံ နှင့် ဝင်ရောက်လာတဲ့သူကို စစ်ဆေးတာက တပ်ဖွဲ့ဝင်တိုင်း နားလည်လို့ရပါတယ်။ဖမ်းဆီးထားသူကို ပြန်လွှတ်ဖို့ စဉ်းစားထားပေမယ့် ဇွန်လ (၁၈) ရက်နေ့ မနက် ၅ နာရီခွဲခန့်မှာ CNA နှင့် လက်အောက်ခံ တပ်ဖွဲ့ဝင်များက ချင်းညီနောင် နှင့် မဟာမိတ် တပ်ဖွဲ့များကို ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ယနေ့( ဇွန်လ ၁၉ ရက်နေ့)ထိ အပစ်မရပ်ဘဲ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာပါတယ်။

မေး။ တိုက်ပွဲမဆင်နွှဲခင်ကတည်းက ချင်းပြည်ကောင်စီမှာ ပါတဲ့ CDF မတူပီ တပ်မဟာ(၂) နဲ့ ချင်းညီနောင်မှာ ပါတဲ့ CDF မတူပီ တပ်မဟာ(၁)တို့အကြား ညှိနှိုင်းမှုတွေရှိတယ်ဆိုတာမျိုးကြားရပါတယ်။ ချင်းညီနောင်က ခမရ(၃၀၄)ကို တိုက်ဖို့ဆိုတာနဲ့ ချင်းပြည်ကောင်စီက မတူပီ ဗျူဟာနဲ့ ခလရ(၁၄၀)ကိုတိုက်ဖို့ ဆိုတာမျိုး သဘောတူကြတယ်ဆိုတာမျိုး CDF မတူပီတပ်မဟာ (၂ )ကထုတ်ပြန် ထားတာရှိပါတယ်။ ဒီအပေါ် ရှင်းပြပေးပါလား။

ဖြေ။မေလ (၂၆)ရက်နေ့က တပ်မဟာ-၁ နှင့် ၂ တပ်မှူးအစည်းအဝေးမှာ စစ်ဆင်ရေး ခွဲလုပ်ဖို့၊ ဆုံးဖြတ်ချက်မှတ်တမ်းတွေ ဘာတစ်ခုမှ မရှိပါဘူး။

မေး။ချင်းညီနောင်က ရက္ခိုင့်တပ်တော်(AA)နဲ့ အတူ လက်တွဲတိုက်ပွဲဝင်မယ်ဆိုတာမျိုး သဘောထားရှိသလို တစ်ဖက်မှာလည်း ချင်းပြည်ကောင်စီတပ်ပေါင်းစုက AA ကို ချင်းပြည် စစ်ရေး ဆောင်ရွက်ချက်တွေ မလုပ်ဖို့ တောင်းဆိုထားတာရှိတော့ ဒီကွဲလွဲမှုအပေါ် ဘာပြောလိုပါသလဲ။

ဖြေ။ချင်းညီနောင်အနေနဲ့ ကအဖိနှိပ်ခံ တိုင်းရင်းသား အချင်းချင်း လိုအပ်သလို မဟာမိတ်ဖွဲ့ ပူးပေါင်းပြီး အတူတူ တိုက်ပွဲဝင်ဖို့ ရှိပါတယ်။ CNA ဖက်က AA အပေါ် အမြင်ကတော့ သူတို့ကို မေးမြန်းရင် ပိုကောင်းပါတယ်။

မေး။ချင်းတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ပြေလည်မှု ရရှိစေဖို့ ဘယ်လိုအခြေအနေတွေလိုအပ်ပါသလဲ။ သက်ဆိုင်ရာ ချင်းပြည်ကောင်စီဘက်ကို ဘာသတင်းစကား ပြောလိုပါသလဲ။

ဖြေ။ဘုံရန်သူဖြစ်တဲ့ စကစကို အမြန်ဆုံး တိုက်ခိုက်ဖို့ နှောင့်နှေးပြီး အချင်းချင်း တိုက်ခိုက်ရာမှာ ခြေမြန် လက်မြန် လုပ်နေတဲ့ သူတွေကို ဆန်းစစ်ပါ၊ ဝေခွဲပါ။ အကျိုးမရှိဘဲဆိုးကျိုးများစေသော တိုက်ပွဲများ ရပ်တန့်ဖို့ ဖိအားတွေပေးကြပါ။

မေး။ ချင်းပြည်ကောင်စီ တပ်ပေါင်းစုကလည်း ခလရ(၁၄၀)နဲ့ ဗျူဟာကို တိုက်ခိုက်သိမ်းဖို့ ရည်မှန်းထားသလို ချင်းညီနောင်ကလည်း မတူပီက ကျန်နေတဲ့ စစ်ကောင်စီတပ်စခန်း အားလုံး သိမ်းပိုက်ဖို့ အသိပေး ထားတာဆိုတော အတူပူးပေါင်းတိုက်ခိုက်တာမျိုး ဖြစ်လာဖို့ ဘယ်လို အခြေအနေတွေလိုအပ်ပါသလဲ။

ဖြေ။ ။ မေလ (၂၆) ရက်နေ့ အစည်းအဝေးတုံးက ခမရ ၃၀၄ ကို ချင်းညီနောင်မှ တိုက်ခိုက်ဖို့၊ ဟိုဖက်က ခလရ ၁၄၀ တိုက်ဖို့ ခွဲထားတာမျိုး ဘာမှတ်တမ်း သဘောတူညီချက်မှ မရှိပါ။ ဘယ်သူတိုက်တိုက် စစ်ကောင်စီ အမြန်ဆုံး ပြုတ်ကျဖို့က အဓိကပါ။ ။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်ဘက်မှ ထိခိုက်လူနာများသွားပို့သည့်တပ်ဖွဲ့များကိုပါ ချင်းပြည်ကောင်စီဘက်က တိုက်ခိုက်မှုရှိကြောင်း ချင်းညီနောင်ဘက်ကဆိုသည်။

သတင်း

စစ်ကောင်စီက လေကြောင်းနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်မြင့်လာသည့် အပေါ် ယနေ့(ဇွန်လ ၁၁ရက်)တွင် သတိပေးထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

မောင်တောမြို့နယ်အတွင်း အခြားနေရာအချို့၌လည်း တိုက်ပွဲရှိခဲ့ပြီး စစ်ကောင်စီက သာယာကုန်းရွာ ဝန်းကျင်မှ ရွာသား ၅ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားရာ ၁ဦးသာ လွတ်မြောက်လာသည်ဟု ဆိုသည်။

သတင်း

စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုများကို လက်ရဲဇက်ရဲ ဆက်တိုက်ကျူးလွန် ခဲ့သော ဖက်ဆစ် စစ်ကောင်စီအား ကန့်ကွက်ရှုတ်ချကြောင်း AAက ထုတ်ပြန်ခဲ့ပြီး သတိပေးမှုများလည်း ပြုလုပ်ခဲ့သည်။