သစ်ရွက်
၂၀၁၈ ကမ္ဘာ့ဖလားကိုအိမ်ရှင်အဖြစ်ကျင်းပခဲ့ချိန်မှာ ရုရှားဟာ နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေရဲ့ အဓိကကျတဲ့ နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ ဖွင့်ပွဲမှာရုရှသမ္မတပူတင် ပဏာစားပြီးပြောခဲ့တာက သူ့နိုင်ငံဟာ ‘ပွင့်လင်းဖေါ်ရွေပြီး ခင်မင်စရာကောင်းတဲ့’ နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတာပါပဲ။
သူကဆက်ပြောပါတယ်၊ ‘ဘောလုံးအားကစားရဲ့စွမ်းအားဟာ လူတွေကြားမှာငြိမ်းချမ်းရေးနဲ့ အပြန်အလှန်နားလည်မှုကိုတည်ဆောက်ပေးပါတယ်’ တဲ့။
အခု ပြန်ကြည့်တဲ့အခါမှာတော့ ပူတင်ပြောခဲ့တဲ့ စကားအားလုံးဟာအလိမ်အညာဖြစ်ခဲ့ပါပြီ။ ရုရှဟာ ကမ္ဘာ့ဘောလုံးဆိုတဲ့စာအုပ်ကနေ ပျောက်ကွယ်သွားပြီဖြစ်တဲ့ စာမျက်နှာတစ်ခုပါပဲ။

Public Service Announcement
ရုရှဘောလုံးအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားကမောင်းထုတ်ခံရတဲ့အပြင် စိန့်ပီတာစဘာ့ဂ်မှာကျင်းပမယ့် ၂၀၂၂ ချန်ပီယံလိဂ် ဖိုင်နယ်ကိုလည်း ပြင်သစ်က စတန်းဒီဖရန့်ကွင်းကိုလွှဲပေးခဲ့ရပါတယ်။ ယူကရိန်းကိုကျူးကျော်ခဲ့မှု အတွက်အပြစ်ပေးခံရတာတွေပါ။
အခု ၂၀၂၄ ယူရိုဖလားမှာ ၂၄နိုင်ငံဆုံတွေ့ကြတဲ့အခါမှာလည်းရုရှဟာ သူတက်ရောက်ခွင့်မရှိတဲ့ညစာစားပွဲကို အိမ်အပြင်ကနေမှန်ပြူတင်းကိုနှာခေါင်းနဲ့ကပ်ပြီးငေးမောကြည့်ရှုနေရသူပါပဲ။
ပူတင်အတွက်ဝမ်းနည်းစရာ ကတော့ သူ ၂၀၀၈ ကကျူးကျော်ခဲ့တဲ့ ဂျော်ဂျီယာနဲ့ အခုသူကျူးကျော်နေတဲ့ ယူကရိန်းတို့က ယူရို ၂၀၂၄ မှာဝင်ရောက်ယှဉ်ပြိုင်နေကြတာပါပဲ။ ဘောလုံးကွင်းထဲမှာရုရှဂျာစီတွေမရှိတော့ပါဘူး။
ယူကရိန်းအသင်းကရိုမေးနီးယားနဲ့သူတို့ရဲ့ပထမဆုံးပွဲစဉ်အဖြစ်မြူးနစ်မှာကစားတဲ့အခါ UEFA ကသူတို့ စိုက်ထူထားတဲ့ ဥရောပနိုင်ငံအလံတွေထဲက ရုရှအလံကိုပြန်ဖယ်ရှားခဲ့ပါတယ်။
ယူကရိန်းအမျိုးသားအသင်းရဲ့လက်ရွေးစင်ကစားသမား ၁၃ဦးကတော့အခု ယူရိုပွဲမစခင်မှာ ၉၀ စက္ကန့်ကြာတဲ့ ဗီဒီယိုတစ်ခုကိုတယ်လီဂရမ်ကတစ်ဆင့်တင်ခဲ့ပါတယ်။
“ကျွန်တော်တို့မြို့တွေမှာယူရိုပွဲကိုအိမ်ရှင်အဖြစ်ကျင်းပချင်ပါတယ်။ အခုတော့ဒီမြို့တွေဟာ တိုက်ပွဲဝင်နေရပါတယ်၊ အားကစားပြိုင်ပွဲအတွက်မဟုတ်ပါဘူး၊ လွတ်လပ်ရေးအတွက်ပါ”လို့သူတို့က မက်ဆေ့ချ်မှာပြောကြပါတယ်။
ဗီဒီယိုထဲမှာပျက်စီးနေတဲ့အဆောက်အဦတွေ၊အားကစာကွင်းတွေကိုလည်းဖေါ်ပြထားကြပါတယ်။ ဒိုင်နမိုကိယက်အသင်းရဲ့ ကစားသမားမိုင်ကိုလာ ရှာပါရမ်ကို ကတော့ “ကျွန်တော်ဟာ ဗယ်လီကာ နိုဗိုဆီလ်ကာမြို့ကပါ၊ အခုတော့ကျွန်တော့်မြို့ကိုရုရှတွေဖျက်ဆီးလိုက်ကြပါပြီ”လို့ ဗီဒီယိုထဲမှာပြောပါတယ်။
ယူကရိန်းအသင်းရဲ့နည်းပြ ဆာဟီရဘ်ရော့ကတော့ “ယူရိုပွဲမှာပါဝင်ရတာယူကရိန်းအတွက် အရမ်းအရေးကြီးပါတယ်၊ ဘာဖြစ်လိုလဲဆိုတော့ ကျွန်တော်တို့ ယူကရိန်းအားလုံးဟာဥရောပမိသားစုဝင်အဖြစ်ပါဝင်ချင်လို့ပါပဲ” လို့ဆိုပါတယ်။
ဂန္ထဝင်ယူကရိန်းကစားသမားကြီးလည်းဖြစ်၊ယူကရိန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဌလည်းဖြစ်တဲ့ အန်ဒရေ ရှက်ချင်ကိုကတော့ “ဘောလုံးနဲ့စစ်ပွဲကိုခွဲထုတ်လို့မရပါဘူး” လို့ဆိုပါတယ်။ “ဘောလုံးဟာအားကစားတစ်ခုထဲမဟုတ်ပါဘူး၊ အင်မတန်အားကောင်းတဲ့အရာတစ်ခုပါ၊ အတူတကွလက်တွဲမှု၊ညီညွတ်မှု နဲ့ကျွန်တော်တို့တိုင်းပြည်ကအရေးတကြီးလိုအပ်နေတဲ့ ထောက်ပံ့ကူညီမှုတစ်ခုပါ”တဲ့။
ဘောလုံးနဲ့နိုင်ငံရေးဟာသမိုင်းမှာအမြဲဒွန်တွဲနေခဲ့ပါတယ်။
ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရုဂွေးမှာကျင်းပတော့ လက်တင်အမေရိကမှာကျင်းပလို့ဆိုပြီးဘောလုံးဘိုးအေအဂ်လန်နဲ့ဥရောပနိုင်ငံအချို့ကသပိတ်မှောက်ခဲ့ကြပါတယ်။
ဒုတိယကမ္ဘာ့ဖလားကို အာဏာရှင်မူဆိုလီနီလက်ထက်က အီတလီမှာ၁၉၃၄မှာကျင်းပတော့ နိုင်ငံအများအပြားမပါဝင်ခဲ့ကြပါ။
၁၉၆၆ကမ္ဘာ့ဖလားကိုအဂ်လန်မှာကျင်းပတဲ့အခါ အာဖရိကတစ်တိုက်လုံးကအုံနဲ့ကျင်းနဲ့သပိတ်မှောက်ကြပါတယ်၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ခွဲခြားဆက်ဆံမှုနဲ့ အဂ်လန်ကအာဖရိကလူမည်းတွေကိုအသားအရောင်ခွဲခြား ဆက်ဆံတဲ့တောင်အာဖရိကကိုရင်းနှီးစွာဆက်ဆံတဲ့အတွက်ဖြစ်ပါတယ်။
၁၉၆၉မှာ ကမ္ဘာ့ဖလားအတွက် အယ်လ်ဆာဗေဒို နဲ့ ဟွန်ဒူးရပ်စ်တို့ခြေစစ်ပွဲကစားအပြီး သုံးပါတ်အကြာမှာ နှစ်နိုင်ငံစစ်ဖြစ်ကြပါတယ်။ ဘောလုံးပွဲကြောင့်ဆိုပေမယ့်ကျောင်းတော်ကရန်စတွေလည်းပါဝင်ပါတယ်။
၂၀၀၄ ခုနှစ်ကအာရှဖလားဖိုင်နယ်မှာဂျပန်ကတရုတ်ကိုပီကင်းမှာအနိုင်ယူလိုက်တဲ့အခါ တရုတ်ပရိတ်သတ်တွေကြားမှာအဓိကရုဏ်းဖြစ်ကြပါတယ်။ သမိုင်းမှာဂျပန်က တရုတ်ကိုကျူးကျော်ခဲ့မှုရဲ့ ခံစားချက်ကိုအခြေခံပြီး ဂျပန်အလံတွေကိုမီးရှို့ကြပါတယ်။
၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားမှာတော့ပြည်သူအများအပြားဆန္ဒပြခဲ့ကြပါတယ်၊ ခြစားမှုတွေနဲ့ သုံးစွဲတဲ့စားရိတ်တွေကို ပြည်သူတွေအတွက်ဖြစ်သင့်တယ်လို့တောင်းဆိုခဲ့ကြတာပါ။
၂၀၁၈ ရုရှကမ္ဘာ့ဖလားကတော့အတော်ပဲ ဆူညံပါတယ်။ ရုရှက ယူကရိန်းရဲ့ကရိုင်းမီးယားကို၂၀၁၄မှာ ဝင်သိမ်းလိုက်တာကြောင့်ပါ။
၂၀၂၂ ကာတာဖလားကတော့ ပြည်ပကကစားကွင်းလာဆောက်တဲ့အလုပ်သမားတွေထောင်ချီ သေဆုံးမှုကြောင့်သပိတ်မှောက်ခံခဲ့ရပါတယ်။
ဒါပေမယ့် အခုတစ်ကြိမ်ရုရှနဲ့ ယူကရိန်းစစ်ပွဲကြောင့် ရုရှကိုဝိုင်းဖယ်ကျဉ်တာကတော့ထူးခြားတဲ့ လက္ခဏာတစ်ခုဖြစ်နေပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာဟာ တော်ရုံတန်ရုံနဲ့ အာဏာရှင်တွေကို ပစ်ပယ်လေ့မရှိပါဘူး။ မပစ်ပယ်တဲ့အပြင်နွေးထွေးစွာလက်တွဲလေ့ရှိခဲ့ပါတယ်။ ၂၀၁၈ ရုရှဖလားကိုကြည့်ရင်သိသာထင်ရှားပါတယ်။
နိုင်ငံရေးရမ်းကားမှုဟာ’အတိုင်းအတာ’ ရှိတယ်ဆိုတာကိုဖီဖာဟာတစ်စုံတစ်ရာအထိ လက်ခံလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါဟာကမ္ဘာ့ယဉ်ကျေးမှုအတွက်ကောင်းမွန်တဲ့ခြေလှမ်းဖြစ်ပြီး နောက်နောင်အာဏာရှင် နိုင်ငံတွေအတွက်နမူနာဖြစ်ပါတယ်။
ယခုဆောင်းပါးရေးနေရင်သတိရမိတာတစ်ခုကတော့ ၁၉၈၈ခုနှစ်ယူရိုဖလားရဲ့ဖိုင်နယ်ပွဲစဉ်ကို မြူးနစ်မြို့မှာကျင်းပခဲ့တာပါ။ အခုလိုပဲ ဂျာမဏီကအိမ်ရှင်အဖြစ်လက်ခံဆောင်ရွက်ခဲ့ပါတယ်။
နယ်သာလန်အသင်းနဲ့ ဆိုဗီယက်ရုရှအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။
နောက်ဆုံးဂိုးကိုနယ်သာလန်ရဲ့ဂန္ထဝင်တိုက်စစ်မှုး မာကိုဗန် ဘတ်စတင်းက ဆိုဗီယက်ရုရှရဲ့ပိုက်ထဲကို မြေမကျကန်သွင်းသွားခဲ့ပါတယ်။ ဆိုဗီယက်ဂိုးသမား ရီနတ်ဒါဆာရက်ဘာမှမလုပ်နိုင်တော့ပါဘူး။
အဲဒီအချိန်က ဆိုဗီယက်ဂိုးသမားကြီးကို ‘သံကန့်လန့်ကာကြီး’လို့ ကမ္ဘာကတင်စားခေါ်ကြပါတယ်။ သူ့ရဲ့ဂိုးပေါက်ကိုကာကွယ်နိုင်တဲ့စွမ်းရည်ရောသူ့နိုင်ငံရဲ့ အာဏာရှင်စနစ်ကိုရောပေါင်းစည်းပြီး ခေါ်ကြတာပါ။
ဒါပေမယ့်ဗန် ဘတ်စတင်းရဲ့ဂိုးက ‘သံကန့်လန့်ကာ’ကိုဖေါက်ထွက်သွားခဲ့ပါတယ်။ အဲဒီပွဲအပြီး၃နှစ်အကြာမှာဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲသွားခဲ့တာပါပဲ။
အားကစားကထာဝရတည်မြဲနိုင်ပေမယ့် အာဏာရှင်စနစ်ကထာဝရမတည်မြဲနိုင်ဘူးမဟုတ်ပါလား။ ။
