နွေဦးခင်/People’s Spring
ဒီနေ့ ဇွန်လ၁၉ ရက်နေ့ဟာ မြန်မာပြည်သူအများ လေးစားချစ်ခင်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနှင့်အတူ ပေါက်ဖွားလာတဲ့ ဒေါ်အောင်ဆန်းဆုကြည်ရဲ့ ဒီမိုကရေစီ ခရီးကြမ်းဟာလည်း အခုဆို ၃၆ နှစ်ကြာပြီ ဖြစ်ပါတယ်။
မြန်မာပြည်သူတစ်ရပ်လုံးအတွက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှုစတဲ့ ဒီမိုကရေစီ စံနှုန်းများကို မယိမ်းမယိုင်ဆွဲကိုင်ခဲ့သူဖြစ်တဲ့အပြင်၊ ပြည်သူအပေါ်ထားရှိတဲ့ မေတ္တာစေတနာနှင့် သူမရဲ့ စွန့်လွှတ် အနစ်နာခံမှုများကြောင့် မြန်မာပြည်သူများက “အမေစု”လို့ ချစ်ခင်မြတ်နိုးစွာ ခေါ်ဆို/ညွှန်းဆိုလေ့ရှိပါတယ်။
အခုချိန်မှာ တော်လှန်ရေးမှာ ပါဝင်နေကြသူများအားလုံး (စိတ်စွမ်းအား၊ ဉာဏ်စွမ်းအား၊ ကိုယ်စွမ်းအား၊ အနုပညာစွမ်းအား စတဲ့မျိုးစုံ)အတွက် ၃ နှစ်ကျော်ကြာလာပြီး၊ ဒုက္ခအမျိုးမျိုး အခက်အခဲအဖုံဖုံ ကျော်လွှားနေရချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ စွန့်လွှတ်အနစ်အနာခံမှုမျိုးစုံနှင့် ဒီမိုကရေစီခရီးကြမ်းကို လျောက်လှမ်းနေတဲ့ အမေစုရဲ့ မေတ္တာ၊ ရဲရင့်တဲ့သတ္တိ၊ ခွင့်လွှတ်ခြင်းနှင့် နိုင်ငံရေးစံနှုန်းတွေကို သတိရအောက်မေ့မိခြင်းက ကျွန်မတို့ ပြည်သူအားလုံး အမေစုကို လွမ်းဆွတ်သတိရစသလို၊ ခွန်အားနဲ့ မျှော်လင့်ချက်တွေလည်း ထပ်မံဖြစ်စေပါတယ်။

Public Service Announcement
အမေစုကိုယ်တိုင်ကတော့ သူမရဲ့ တသီးပုဂ္ဂိုလခံစားမှုနဲ့ ခက်ခဲရုန်းကန်ရမှုတွေကို တခါမှဖော်မပြပေမယ့် ကျမတို့အနေနဲ့ အခုချိန်မှာ ပိုပြီးတောင် မှန်းဆခံစားလို့ရပါတယ်။
၁၉၈၈ မှာ မိခင်ဒေါ်ခင်ကြည် မကျန်းမာတဲ့အတွက် မြန်မာပြည်ကို ပြန်လာချိန်မှာ မမျှော်လင့်ပဲ ရှစ်လေးလုံးအရေးတော်ပုံနဲ့ ကြုံခဲ့ပါတယ်။ အမေစုဟာ ဒီရှစ်လေးလုံး အရေးတော်ပုံမှာ ဦးဆောင်ပါဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ သူမခင်ပွန်းနဲ့ မိသားစုက ဝမ်းသာစွာကြိုဆိုခဲ့ကြပါတယ်။ သူတို့မိသားစုအတွက် အပြောင်းအလဲအများကြီး ဖြစ်မယ်ဆိုတာ သိပေမယ့် မိသားစုလုံးဝ ပြန်လည်ပေါင်းစည်းနိုင်မယ့် အနေအထား မရှိမှာကိုတော့ ကြိုသိကြပုံမပေါ်ပါဘူး။
အမေစုရဲ့ ပထမဆုံး အရေးပါတဲ့ လူပေါင်းသန်းချီတက်ရောက်ခဲ့တဲ့ ရွှေတိဂုံဘုရားတောင်ဘက်မုဒ် ပြည်သူ့ရင်ပြင် မိန့်ခွန်းကို သူမမိသားစုတစ်စုလုံး အားပေးကြည့်ရှုကြတယ်။ အဲ့အချိန်မှာ အမေစု ခင်ပွန်း မိုက်ကယ်အဲ့ရစ်(စ်)က အာဏာသိမ်းစစ်အစိုးရ ခရစ္စမတ်အချိန်ဆို (၁၉၈၈၊ ဒီဇင်ဘာ) ပြုတ်ကျပြီး၊ မိသားစု ခရစ္စမတ်မှာ ပြန်လည်ဆုံစည်းပြီး အရင်လိုဘဝပြန်ဖြစ်မယ် မျှော်လင့်ခဲ့တယ်လို့ဖွင့်ဟခဲ့ပါတယ်။
၁၉၈၈ ဒီဇင်ဘာလောက်မှာ ပြုတ်ကျသွားနိုင်တယ်လို့ မျှော်လင့်ခဲ့တဲ့ စစ်အစိုးရက သူတို့အာဏာ ထာဝရတည်မြဲဖို့ အဲ့အချိန်တည်းက အကြမ်းကြုတ်အယုတ်မာဆုံးနည်းလမ်းပေါင်းစုံသုံးခဲ့တာဟာ အခုဆိုရင် နှစ် ၃၆ နှစ်တောင် ကြာခဲ့ပါပြီ။ အမေစုဦးဆောင်မှုနဲ့ ထောင်ပေါင်းများစွာသော ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတက်ကြွလုပ်ရှားသူများစွာ မျိုးဆက်အဆက်ဆက်လက်ဆင့်ကမ်းပြီး၊ အသက်တွေ ဘဝတွေရင်းနှီးပြီး ဒီခရီးကြမ်းကို ဆက်လက်လျောက်လှမ်းခဲ့ကြပါတယ်။
နောက်ဆုံး ၂၀၁၂မှာ အတိတ်ကို ပြည်ဖုံးကားချပြီး၊ ပြည်သူတွေ စစ်အစိုးရလက်အောက်မှာ ဆက်လက်ပြီး ဒုက္ခဆင်းရဲရမယ့်အစား ပိုကောင်းတဲ့ အနာဂါတ်ကို ဖန်တီးနိုင်ဖို့ စစ်တပ်နဲ့ သူတို့ရဲ့လူမဆန်တဲ့လုပ်ရပ်တွေ အကုန်လုံးကို ခွင့်လွှတ်ပြီး၊ ဒီ စနစ်ဆိုးကနေ ရုန်းထွက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ စစ်တပ်ရဲ့ ဒီမိုကရေစီမဆန်တဲ့ စစ်တပ်အာဏာသက်ဆိုးရှည်စေဖို့ ဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူအားနဲ့ ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ခဲ့ပုံရပြီး ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။
၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၂၀ စတဲ့ ရွေးကောက်ပွဲတိုင်းမှာ မြန်မာပြည်သူလူထုဟာ အမေစု ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုပဲ တစိုက်မတ်မတ် မဲပေးခဲ့တာကြည့်ရင် နှစ်ပေါင်းများစွာကြာတဲ့အထိ မျိုးဆက်အဆက်ဆက်က ပြည်သူလူထုဟာ အမေစုအပေါ်မှာ အမြဲ ထောက်ခံ အားပေးယုံကြည်မှုခိုင်မာတာတွေ့ရပါတယ်။ ယနေ့ထိလဲ စစ်တမ်းများအရ အမေစုအပေါ် လူထုရဲ့ ယုံကြည်ထောက်ခံမှုဟာ ဆက်လက်အားကောင်းဆဲဖြစ်ပါတယ်။
အမေစုဟာ လူသားတစ်ယောက်ဖြစ်တဲ့အတွက် စင်းလုံးချောတဲ့ နတ်ဘုရားလိုတော့ မဟုတ်တာအမှန်ပါ။စင်းလုံးချောတဲ့ ခေါင်းဆောင်ဆိုတာလည်း ဘယ်ကမ္ဘာ့သမိုင်းမှာမှ မရှိပါဘူး။ ဒါပေမယ့် စင်းလုံးချောတဲ့ နိုင်ငံရေးခေါင်းဆောင်ကို မြင်ချင်ကြတဲ့ မျှော်လင့်ချက်ကြီးတဲ့ ပြည်သူတစ်ချို့နဲ့ အတိုက်အခံ အင်အားစုတွေက အမေစု အစိုးရတာဝန်ယူပြီးတဲ့အချိန်မှာ ဝေဖန်၊ထောက်ပြ၊ တိုက်ခိုက်မှုတွေ ရှိခဲ့တာအမှန်ပါ။
အမေစုကို သေစေချင်/လုပ်ကြံသတ်ဖြတ်လောက်အောင် မုန်းကြတဲ့ စစ်ခေါင်းဆောင် အဆက်ဆက်ဟာ အမေစု ပုံရိပ်ကျပြီး လူထုထောက်ခံမှု ကျလာဖို့ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ပုံရပါတယ်။ အမေစု အစိုးရကို ဝေဖန်မှုတွေကြောင့် လွယ်လွယ်ကူကူနဲ့ အာဏာသိမ်းပြီး၊ အမေစုကို နိုင်ငံရေးကနေ အပြီးတိုင်အနားပေးဖို့ မျှော်လင့်နေကြပါတယ်။ အခြားတဘက်မှာလည်း အမေစုကို ရှုံ့ချခဲ့သူတွေ၊ အတိုက်အခံအုပ်စုအချို့ဟာ အမေစု မပါတဲ့နိုင်ငံရေးကို မျှော်လင့်ခဲ့၊မျှော်လင့်နေဆဲဖြစ်နေပါတယ်။ ဒါပေမယ့် ယနေ့ထိ ၃ နှစ်ကျော်ကာလမှာ အဲ့လို ရှုံ့ချသူတွေ၊ အတိုက်အခံအုပ်စုတွေမှာ ရင့်ကျက်မှု နဲ့ လူထုကို စည်းရုံးနိုင်မှု မရှိတာကို တွေ့ရပါတယ်။
အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ အမေစုဟာ၊ ယခုအချိန်ထိ ထောင်ထဲမှာ သံမဏိလိုခိုင်မာတဲ့ စိတ်ဓါတ်နဲ့ ကြံ့ကြံ့ခံ အားတင်းပြီး သူမရဲ့ ဒီမိုကရေစီ ခရီးကြမ်းကို ဆက်လက်လျောက်လှမ်းနေဆဲဖြစ်ပါတယ်။
ပြည်သူတွေကိုလည်း စည်းလုံးကြဖို့၊ အားတင်းထားဖို့ မှာတယ်လို သိရပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဒီလိုအားပေးတဲ့ အမေစုရဲ့ ကြံ့ခိုင်မှုဟာ ၃ နှစ်တာ အသက်တွေ၊ ဘဝတွေ ရင်းနှီးပါဝင် ဆုံးရှုံးပြီး တိုက်ပွဲဝင်နေရတဲ့၊ အမှောင်ထုကြီးထဲမှာ ခက်ခဲစွာ ခရီးဆက်နေရတဲ့ ကျမတို့ ပြည်သူတွေအားလုံး အမှန်တကယ် လိုအပ်နေတဲ့ မျှော်လင့်ချက်အလင်းရောင်နဲ့ ခွန်အားတွေ ပေးနေဆဲဖြစ်ပါတယ်။
ဒါကြောင့် အမေစု အသက်ရှည်ကျန်းမာပြီး၊ သူမ လိုလားတဲ့ ဒီမိုကရေစီ ပန်းတိုင်ရောက်တာကို သူမအသက်ရှည် ကျန်းမာစွာနဲ့ ပြန်လည် မြင်တွေ့ရဖို့ ကျမတို့ ပြည်သူတစ်ရပ်လုံး”ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ ဆက်လက်လျောက်လှမ်းတိုက်ပွဲဝင်ကြမယ်လို့ ယုံကြည်နေပါတယ်။ ။
