Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့(ဇန်နဝါရီ၈ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ပုသိမ်ထောင်တွင်း မတရားညှင်းနှိပ်စက်မှုနဲ့ဥပဒေမဲ့ သတ်ဖြတ်မှုကို AAPPPပြင်းထန်စွာကန့်ကွက်ရှုတ်ချ

နိုင်ငံရေးအကျဉ်းသားတစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအများအပြား ဒဏ်ရာရခဲ့တဲ့ ပုသိမ်အကျဉ်းထောင်အတွင်း မတရားညှဉ်းပန်းနှိပ်စက်မှုနဲ့ ဥပဒေမဲ့သတ်ဖြတ်ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ပုသိမ်အကျဉ်းထောင်အတွင်း ဇန်နဝါရီ ၅ ရက် ညပိုင်းမှာ နိုင်ငံရေးအကျဉ်းသားများနဲ့ ထောင်အာဏာပိုင်တို့ကြား ပြဿနာဖြစ်ခဲ့ပြီး ထောင်အာဏာပိုင်တို့ဘက်မှ လူကိုသေစေနိုင်တဲ့ လက်နက်တွေနဲ့ ပစ်ခတ်ခြင်း၊ အသံဗုံးခွဲခြင်း၊ အုပ်စုလိုက်ဝိုင်းဝန်းရိုက်နှက်ခြင်း၊ လက်ပြန်ကြိုးတုပ်ပြီးအပြင်းအထန်ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ရာ နိုင်ငံရေးအကျဉ်းသားအနည်းဆုံးတစ်ဦး သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားအများအပြား အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီလုပ်ရပ်ဟာ အကျဉ်းထောင်လုပ်ထုံး လုပ်နည်းများကိုကျော်လွန်ကာ လုပ်ဆောင်ခြင်းဖြစ်ပြီး မတရားညှဉ်းပန်းနှိပ်စက်မှုနဲ့ ဥပဒေမဲ့သတ်ဖြတ်ခြင်းဖြစ်တဲ့ ကြီးမားသောရာဇဝတ်မှုကိုပါ ကျူးလွန်လိုက်တဲ့လုပ်ရပ် ဖြစ်တယ်လို့ AAPPက ထုတ်ပြန်ခဲ့ပြီး ပုသိမ်အကျဉ်းထောင် တာဝန်ခံအရာရှိ နေမင်းထက်၊ ပုသိမ်မြို့မရဲစခန်မှူး မြင့်အောင်၊ နယ်မြေစခန်းမှူးကျော်ဦးတို့အပါအဝင် အမိန့်ပေးစေခိုင်းသူများ၊ သက်ဆိုင်ရာထောင်အာဏာပိုင်များ၊ ကိုယ်တိုင်ကျူးလွန်သူများအားလုံးအနေနဲ့ တာဝန်ခံရမယ်လို့ ဖော်ပြပါတယ်။

ပုသိမ်မြို့ အကျဉ်းထောင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
ပုသိမ်မြို့ အကျဉ်းထောင်အား တွေ့ရစဉ်၊ ဓာတ်ပုံ – CJ

▪︎ဧရာ၀တီမြစ်ကြောင်းဘေးရှိရွာများကိုဗုံးကြဲခြင်း၊ဒေသခံများကိုတိမ်းရှောင်ခိုင်းခြင်းစစ်ကောင်စီလုပ်ဆောင်နေ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဧရာ၀တီမြစ်ကြောင်းဘေးတစ်လျှောက်ရှိ ကျေးရွာအချို့မှ ပြည်သူများကို ကျေးရွာအတွင်းမှ ထွက်ခွာသွားဖို့ စစ်ကောင်စီတပ်က ဖိအားပေးပြောဆိုနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းမှ ထွက်သွားဖို့ မကြာခဏပြောဆိုလာလို့ ပြည်သူအချို့ဟာ နီးစပ်ရာ ဆွေမျိုးအိမ်များနဲ့ဘုရားကျောင်းများသို့ တိမ်းရှောင်နေရတယ်လို့ KIA ပြန်ကြားရေးဌာနက မနေ့က ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ဟာ ၂၀၂၂ ဒီဇင်ဘာ ၃၀ ရက် ညကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တို့နဲ့ ဧရာ၀တီမြစ်ကြောင်းတလျှောက်ရှိ ရေလည်၊ မြစေတီ ၊ သဖန်းပင်ကျေးရွာများရှိ ရွှေလုပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

(ရွှေကူမြို့နယ် ဧရာဝတီမြစ်အတွင်း ဖြတ်သန်းသွားနေသော စစ်ကောင်စီရေယာဉ်အုပ်စုအား ၂၀၂၂ အောက်တိုဘာက တွေ့ရစဉ်၊ဓာတ်ပုံ - မြို့လှ PDF)
(ရွှေကူမြို့နယ် ဧရာဝတီမြစ်အတွင်း ဖြတ်သန်းသွားနေသော စစ်ကောင်စီရေယာဉ်အုပ်စုအား ၂၀၂၂ အောက်တိုဘာက တွေ့ရစဉ်၊ဓာတ်ပုံ – မြို့လှ PDF)

▪︎စစ်တပ်နဲ့ရှမ်းနီတပ်ပူး​ပေါင်းစစ်​ကြောင်းတန်ပြန်တိုက်ခိုက်ခံရပြီး စစ်​ကြောင်းမှူးအပါအဝင် ၁၀ ဦး​သေ

စစ်ကိုင်းတိုင်း ဟုမ္မလင်း-ဖောင်ပြင်လမ်းမှ PDF စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်ဖွဲ့က စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်းမှူးအပါအဝင် ဆယ်ဦးသေဆုံးသွား​တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဟုမ္မလင်း-ဖောင်ပြင်လမ်းပိုင်းရှိ နတ်နန်းကျေးရွာမှ PDF စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်ဖွဲ့(SNA)က ဇန်နဝါရီ ၅ ရက်မှစတင်ကာ စစ်ကြောင်းထိုးလာ​တာကြောင့် ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအထိနာပြီး ဖရိုဖရဲထွက်ပြေးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ဇန်နဝါရီ ၅ ရက်မှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအဖွဲ့မှ စစ်ကြောင်းမှုးအပါအဝင် ရှစ်ဦး၊ ဇန်နဝါရီ ၆ ရက်မှာ စစ်ကောင်စီဘက်ကနှစ်ဦး စုစုပေါင်း ဆယ်ဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။

(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့ ပူး​ပေါင်းစစ်​ကြောင်းမှ​သေဆုံးသူအချို့ ၏ယူနီ​ဖောင်း။ ဓါတ်ပုံ-The 74 media)
(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့ ပူး​ပေါင်းစစ်​ကြောင်းမှ​သေဆုံးသူအချို့ ၏ယူနီ​ဖောင်း။ ဓါတ်ပုံ-The 74 media)

▪︎KNLAနဲ့ ပူးပေါင်းတပ် တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ခုနစ်ဦးသေ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှာ ဒီနေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်း (၃၇၀၂)က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ကျောက်ကြီးမြို့နယ် နတ်သံကွင်းရွာနဲ့ ကျောက်ကြီးလမ်းမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး ၃ နာရီခန့်ကြာမြင့်ခဲ့ကာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ KNLAနဲ့ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ကျဆုံးမရှိဘူးလို့ သိရပါတယ်။

▪︎သုံးခွမြို့နယ် ကတုံးပေါ်ရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ရန်ကုန်တိုင်း သုံးခွမြို့နယ်မှ ကတုံးပေါ်နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းက ရန်ကုန် (ပကဖ) တောင်ပိုင်းခရိုင်ဇုံ(၂) Fire Dragon တပ်ခွဲမှ ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် သုံးခွမြို့နယ်ရှိ ကတုံးပေါ်ကျေးရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ ရဲ ၃ ယောက်ကျဆုံးပြီး G3 လက်နက် ၂ လက်ရယူနိုင်ခဲ့ကာ စခန်းကို မီးရှို့နိုင်ခဲ့တယ်လို့ ရန်ကုန်စစ်ဒေသခွဲမှ တာဝန်ရှိသူက ပြောပါတယ်။

'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ရန်ကုန်တိုင်း သုံးခွမြို့နယ် ကတုံးပေါ်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်
‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ရန်ကုန်တိုင်း သုံးခွမြို့နယ် ကတုံးပေါ်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်

▪︎ဆားလင်းကြီးမှာ စစ်ကောင်စီတပ်က သုံးရက်အတွင်း ကျေးရွာ ၅ ရွာထက်မနည်းမီးရှိူ့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က သုံးရက်အတွင်း ကျေးရွာ ၅ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၅ ရက်က ဆားလင်းကြီးမြို့နယ်အတွင်းသို့ ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး ဇန်နဝါရီ ၆ ရက် မနက်ပိုင်းမှစတင်ကာ ဘင်္ကားကျေးရွာ၊ ဖောင်းကတာရွာ၊ ကျောက်ဖြူတိုင်ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း ဆားလင်းကြီးမြို့နယ် ​မိုးကြိုးပြင်(မြောက်)ရွာနဲ့ ကိုင်းကျေးရွာတို့ကို စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးနေတယ်လို့ ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ အဲဒီလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဆားလင်းကြီးမြို့မရဲစခန်းကို ဇန်နဝါရီ ၆ ရက် ညပိုင်းမှာ ညီနောင်မဟာမိတ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

▪︎မုံရွာမြို့သို့ထွက်လာတဲ့ တပ်မ(၃၃)ယာဥ်တန်းမိုင်းထိပြီး တစ်စီးပျက်စီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ(၃၃)မှ မုံရွာမြို့သို့ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ပြင်းအားမြင့် မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ ယာဉ်တစ်စီးပျက်စီးပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုရှိတယ်လို့ People’s Army To Fight Dictatorship (PAFD)က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်ပိုင်းက မုံရွာ – မန္တလေးလမ်းမကြီးပေါ်မှာ စစ်ကိုင်းတပ်မ (၃၃)မှ တစ်စီးလျှင် လူဦးရေ ၃၀ ခန့်ပါတဲ့ စစ်ကားနှစ်စီး မုံရွာမြို့ဘက်သို့ ထွက်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနှစ်စီးအနက် ဒုတိယမြောက်ယာဥ်ကို မြင်းမူမြို့နဲ့ ဝမ်းပြည့်ကျေးရွာကြားမှာ ပြင်းအား​​မြင့်မိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု သေဆုံးထိခိုက်မှုရှိတယ်လို့ PAFD က ပြောပါတယ်။

▪︎သပိတ်ကျင်းနယ်ရှိ ကြာညှပ်ရဲကင်းစခန်းကိုဗုံးချတိုက်ခိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကြာညှပ်ရဲကင်းစခန်းကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာရဲစခန်းမှာ စစ်ကောင်စီတပ် ၁၅ ဦးခန့်ရှိနေချိန် ဒရုန်းနဲ့ M9 အမျိုးအစား ဗုံးတစ်လုံးချကာ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ ရဲကင်းစခန်းရှိ လက်နက်တိုက်အနီး ကျရောက်ပေါက်ကွဲခဲ့လို့ အပျက်အစီးရှိတယ်လို့ ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

စစ်ဆင်ရေးတွင်တွေ့ရသည့် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ရဲဘော်များ၊ ဓာတ်ပုံ-TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့
စစ်ဆင်ရေးတွင်တွေ့ရသည့် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ရဲဘော်များ၊ ဓာတ်ပုံ-TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့

You May Also Like