Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

အာဏာသိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်​သွားတဲ့ သစ်ဆွဲဆင်​တွေ

ဂန့်ဂေါမြို့နယ်ထဲတွင်ဆင်စခန်း၁၁ခုကျော်ရှိပြီးအနည်းဆုံး ဆင်ကောင်ရေ ၈၀ ကျော်ရှိသည်။ ထိုဆင်များသည်စစ်တပ်အာဏာမသိမ်းခင်က အစိုးရသစ်ထုတ်ရေးစခန်းမှသစ်လုံးများကိုကားလမ်းအပေါ်သို့ဆွဲ​ပေးသည့်သစ်ဆွဲဆင်များဖြစ်သည်။သို့​သော်ယခုအခါအလုပ်လက်မဲ့ဖြစ်နေကြသည်။

အာဏာသိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်​သွားတဲ့ သစ်ဆွဲဆင်​တွေ

စောနွေဦး/People’s Spring

“ဟိန်းထွန်းဇော်..သားကြီးရေ။သားကြီးရေထထ”ပူးပြင်းသည့်နေရောင်​အောက် သစ်ပင်ရိပ်တွင် အိပ်နေသည့် ၉ နှစ်အရွယ်ဆင်မှာဆင်ဦးစီးအသံကြားသည်နှင့်ထလာသည်။ မျက်နှာစိမ်းလူများကို မြင်တွေ့သည့် အခါဆင်ထီးလေးမှာ ကြောက်လန့်သွား​တော့သည်။

“ဆရာဝန်ထင်ပြီးကြောက်တာ။အကောင်ကြီးသလောက် အသဲငယ်တယ်လေ။ ဆေးထိုးခံရမှာအရမ်းကြောက်တယ်” ဟုဆင်ဦးစီးကိုသားငယ်(အမည်လွှဲ)ကပြောသည်။

ဟိန်းထွန်းဇော်အမည်ရှိဆင်ထီး၏မလှမ်းမကမ်းတွင်ဆင်အပျိုပေါက်လဲ့လဲ့ကြူမှာလည်း အနားရှိသစ်ရွက်၊သစ်ခက်များကို ဝါးနေ​လေသည်။

ဟိန်းထွန်းဇော်သည်ဂန့်ဂေါမြို့နယ်အတွင်းရှိဆယ်မိုင်ဆင်စခန်းမှ ဆင်ပျိုတစ်ကောင်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်အလုပ်လက်မဲ့ဖြစ်သွားသည့်ဆင်တစ်ကောင်ဖြစ်သည်။ ဆယ်မိုင်ဆင်စခန်းတွင်ဆင် ၇ ကောင်ရှိပြီး ယခုအခါအလုပ်မရှိ၍ တောထဲတွင်သဘာဝအတိုင်း လွှတ်ကြောင်းထားခြင်းဖြစ်သည်။

အာဏာသိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်​သွားတဲ့ သစ်ဆွဲဆင်​တွေ

စစ်တပ်အာဏာသိမ်းပြီးနောက်မကွေးတိုင်းအတွင်းတရားဝင်သစ်ထုတ်လုပ်မှုများ ရပ်တန့်သွားပြီးတရားမဝင်သစ်ထုတ်လုပ်မှုများတိုးပွားလာသည်။တရားဝင်သစ်ထုတ်လုပ်ငန်းများ ရပ်တန့်သွားသဖြင့်သစ်ဆွဲဆင်များလည်း အလုပ်လက်မဲ့ဖြစ်ကုန်ကြသည်။ထိုထဲတွင်ဂန့်ဂေါမြို့နယ်မှဆယ်မိုင်ဆင်စခန်းမှဟိန်းထွန်းဇော်လည်းပါဝင်သည်။

ဂန့်ဂေါမြို့နယ်ထဲတွင်ဆင်စခန်း၁၁ခုကျော်ရှိပြီးအနည်းဆုံး ဆင်ကောင်ရေ ၈၀ ကျော်ရှိသည်။ ထိုဆင်များသည်စစ်တပ်အာဏာမသိမ်းခင်က အစိုးရသစ်ထုတ်ရေးစခန်းမှသစ်လုံးများကိုကားလမ်းအပေါ်သို့ဆွဲ​ပေးသည့်သစ်ဆွဲဆင်များဖြစ်သည်။သို့​သော်ယခုအခါအလုပ်လက်မဲ့ဖြစ်နေကြသည်။

ဂန့်ဂေါမြို့နယ်အတွင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအားကောင်းလာခြင်းကြောင့် ​ခေတ်အဆက်ဆက်အစိုးရသစ်ထုတ်လုပ်ရေး လုပ်ငန်းများအားလုံးနီးပါးရပ်ဆိုင်ကုန်သည်။ ဆင်စခန်းရှိ ဆင်ဦးစီးနှင့်ဝန်ထမ်းများသည်လည်းCDM လုပ်စရာမလိုဘဲသစ်ထုတ်လုပ်မှုရပ်ဆိုင်းကုန်၍ ဆင်ထိန်းကြောင်းရုံသာအလုပ်ရှိတော့သည်။ဆင်စခန်းများတွင်ဆင်ဦးစီးများမှာမိသားစုအလိုက်နေထိုင်ကြသည်။

အာဏာသိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်​သွားတဲ့ သစ်ဆွဲဆင်​တွေ

မြို့​ပေါ်မှ သစ်​တောအရာရှိအဆင့်အစိုးရဝန်ထမ်းများမှာမူ PDF များစိုးမိုးထား​သောနယ်​မြေရှိ သစ်စခန်းများဘက်သို့ခြေဦးပင်မလှည့်ကြတော့။

“ဒီဘက်ကိုဘယ်သူမှမလာရဲကြတော့ဘူး။အရင်တုန်းက ဆင်ဆရာဝန်တွေလာသေးတယ်။ အခုမလာရဲကြတော့ဘူး”ဟုဆင်ဦးစီးကိုသားငယ်ကပြောသည်။

စစ်တပ်အာဏာမသိမ်းခင်က ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းတစ်ခုလုံးတွင်ကျွန်းသစ်တန် ၁၀၀၀ နှင့် သစ်မာ တန်ချိန် ၁၆၀၀၀ ကိုထုတ်လုပ်ခဲ့သည်။ ဂန့်ဂါသစ်ထုတ်လုပ်ရေးစခန်းတစ်ခုတည်းမှ ကျွန်းသစ် တန် ၇၀၀၊ သစ်မာ တန် ၇၀၀၀ ထုတ်လုပ်ခဲ့သည်ဟု သစ်တောဦးစီးဌာန၏ စာရင်းများတွင်ဖော်ပြထားသည်။

မကွေးတိုင်းတွင်းမင်းဘူး၊ဂန့်ဂေါနှင့်သရက်ဟူ၍ သစ်ထုတ်လုပ်ရေးစခန်းသုံးခုရှိသည်။ ၎င်းတို့အနက် PDFများက နယ်မြေအမြောက်အများထိန်းချုပ်ထားသည့် ဂန့်ဂေါတွင်သစ်ထုတ်လုပ်ရေးလုပ်ငန်းများက လုံးဝရပ်ဆိုင်းနေခြင်းဖြစ်သည်။

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်းသစ်​တောသယံဇာတများကို ထိန်းသိမ်းနိုင်ရန် ၂၀၂၁ ဇွန်လ ၂၉ ရက်ကသစ်လုံးများသယ်ယူပို့ဆောင်ခြင်းကို တားမြစ်ခဲ့သည်။ ပြည်သူများနေအိမ်များတည်ဆောက်ရန်၊စာသင်ကျောင်းများပြန်လည်တည်ဆောက်ရန်တိုင်၊မျော၊ ဝါးများကို ထုတ်ယူခွင့်ပြုထားကြောင်းဇွန်လကထုတ်ပြန်ထားသည်။

အာဏာသိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်​သွားတဲ့ သစ်ဆွဲဆင်​တွေ

“သစ်ထုတ်လုပ်ရေးကိုအခုချိန်မှာလုံးဝရပ်ဆိုင်းထားပါတယ်။ ဒါကလည်းတော်လှန်ရေးပြီးတဲ့ အချိန်ထိ သစ်ထုတ်တာကို ရပ်ဆိုင်းထာပါ။ အခွန်ရလည်း သစ်ထုတ်တာကို ရပ်ထားပါတယ်”ဟု ဂန့်ဂေါမြို့နယ်က ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(ပကဖ)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

တော်လှန်ရေးကာလအတွင်းသဘာဝပတ်ဝန်းကျင်နှင့် သယံဇာတကိုထိန်းသိမ်းနိုင်ရန်အတွက်မူဝါဒချမှတ်လုပ်ကိုင်​နေခြင်းဖြစ်​ကြောင်းအထက်ပါတာဝန်ရှိသူတစ်ဦးကရှင်းပြသည်။

ဂန့်ဂေါရှိ ဆင်များသည် သစ်တောဦးစီးဌာနပိုင်ဆင်များဖြစ်ပြီး အာဏာမသိမ်းခင်က မြန်မာနိုင်ငံအနှံကို သစ်ဆွဲရန် အလုပ်လုပ်ရသည်။ ကျွမ်းကျင်လိမ္မာလွန်းလျှင် ထိုင်းနိုင်ငံသို့ရောင်းစားခံရသည်ဟု ဆင်ဦးစီးများက​ပြောသည်။ ထိုကြောင့် ဆင်များနှင့်မခွဲလို၍ ဆင်ဦးစီးများက လိမ္မာပါးနပ်အောင် များများစားစားမသင်ပေး​တော့ ဆင်ဦးစီးတစ်ဦးက​ပြောသည်။

လက်ရှိ ဆင်ဦးစီးများသည်တရားဝင်CDMမလုပ်သော်လည်း ဆင်စခန်းများသည် PDFထိန်းချုပ်နယ်မြေများတွင်ရှိသောကြောင့် စစ်ကောင်စီတပ်သားများကဆင်ဦးစီးများကို ပြည်သူများနည်းတူ မြို့​ပေါ်တက်လျှင်အနိုင်ကျင့်နှိပ်စက်မှုကြုံသည်။

“မြို့ပေါ်တက်ရင် လိုချင်တဲ့ ပစ္စည်းရှိရင် အကုန်သိမ်းတယ်။ လူကိုလည်းမထင်ရင်မထင်သလို ရိုက်တယ်။ ဒါကြောင့် ဘယ်သူမှ မြို့ပေါ်မသွားချင်ဘူး”ဟု ဆင်ဦးစီးကိုသားငယ်ကဆိုသည်။

အာဏာသိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်​သွားတဲ့ သစ်ဆွဲဆင်​တွေ

လက်ရှိတွင် ဆင်ဦးစီးများသည် စစ်တပ်အာဏာသိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားသည့်ဆင်များကို ထိန်းကြောင်းရင်း ယခင်လို တရားဝင်သစ်ထုတ်လုပ်ရမည့်​နေ့ရက်များကို​စောင့်​မျှော်နေသည်။ ယခုအခါဆင်များ၏ထိန်း​ကြောင်းစာရိတ်ကိုဆင်ဦးစီးများကသာ မိမိအစီအစဥ်ဖြင့်မိမိ
ဖြေရှင်း​ပေးရ​သော​ကြောင့် ၊စာရိတ်သက်သာ​အောင်​အချိန်အများစုကိုတောထဲသို့လွှတ်ထားကြခြင်းဖြစ်သည်။

စစ်အုပ်စုအာဏာသိမ်းထား​သောကာလတွင်စစ်တပ်အတွက် ဘဏ္ဍာရှာ​ဖွေ​ပေးရ​သောအလုပ်မလုပ်ရဘဲ ယခုကဲသို့ သစ်ထုတ်လုပ်မှုများရပ်ထားရခြင်းအ​ပေါ် ဆင်ဦးစီးများက​ကျေနပ်​နေသည်။

“အခုတော့ဆင်တွေကို ဘယ်သူမှမပိုင်တော့ဘူး။ ဘယ်သူမှလည်း မတရားခိုင်းလို့လည်းမရတော့ဘူး၊ ဒီကနေလည်း ဘယ်သူမှခေါ်သွားလို့လဲမရတော့ဘူး” ဟုဆင်ဦးစီးတစ်ဦးကပြောပါသည်။

You May Also Like

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင်စစ်ကောင်စီတပ်က၁၀မိနစ်ခန့် ရမ်းကားပစ်ခတ်ခဲ့ပြီး​နောက်နည်းပညာတက္ကသိုလ်(ကလေး)ထဲကို ဝင်ရောက်သွားသည်။

သတင်း

လက်ရှိတွင် မြန်မာနိုင်ငံရှိ အကျဥ်းထောင်အသီးသီး၌ အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခြင်းခံရသည့် ဗကသများအဖွဲ့ချုပ်၏ အဖွဲ့ဝင် ကျောင်းသားရဲဘော် ၃၀ကျော်အထိရှိကြောင်း ABFSU က ဖော်ပြခဲ့သည်။

သတင်း

ကော့ကရိတ် အခြေစိုက်ခလရ(၂၃၁) တပ်ရင်းကို KNU ဦးဆောင်သည့် ပူးပေါင်းတပ်များက ထိုးစစ် ဆင်ရာမှာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ကော့ကရိတ်နှင့် ကော့နွဲ့ကြား၌ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံက ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် မြောင်နယ်အတွင်းရှိ ကျေးရွာများက ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။