Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့(ဇန်နဝါရီ ၂၆ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်ကောင်စီလက်အောက်ခံ ရှမ်းနီ SNA ရဲ့စခန်းသုံးခုကို KIA/PDF ပူး​ပေါင်းတိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသရှိ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီလက်နက်ကိုင်တပ်(SNA) တပ်စွဲရာ နေရာ သုံးနေရာကို ဒီနေ့ မနက်အစောပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF ပူး​ပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဆယ်ဇင်းဒေသခံက ပြောပါတယ်။

PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-CJ
PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-CJ

ဆယ်ဇင်းရဲ့ ပန်ချယ်၊ ရွှေတွင်းလမ်းဆုံ၊ မှန်စိမ်း စတဲ့ အထိုင်စခန်း သုံးခုကို သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံတပ်ဘက်က အများအပြားထိခိုက်ကျဆုံးကာ ဆုတ်ခွာပေးရတယ်လို့ ဆိုပါတယ်။ လက်နက်ခဲယမ်းများကိုလည်း သိမ်းပိုက်ရရှိမယ်လို့ ဒေသခံက ပြောပါတယ်။

(ဖားကန့် ​မှောဆီဇာရှိ စစ်​ကောင်စီတပ်စခန်းကို တိုက်ခိုက်မီးရှို့​နေစဥ် နှင့် KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ၊Nang Gawn)
(KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ၊Nang Gawn)

▪︎မိုးကုတ်ကျောက်မျက်လုပ်ကွက်တွေကို ရင်းနှီးမြှုပ်နှံဖို့ NUG ဖိတ်​ခေါ်

မိုးကုတ်ရတနာမြေမှာ ကျောက်မျက်တူးဖော်ခွင့်အတွက် ကျောက်မျက်လုပ်ကွက် တစ်ကွက်ကို ဒေါ်လာ နှစ်သိန်းနဲ့ ၁၀ နှစ်လုပ်ကိုင်ခွင့်ပြုပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်ပါတယ်။ ဘောလုံကြီးလုပ်ကွက် အမှတ် ၁ အမည်ရှိ ၅၅ ဧကကျော်ရှိ​ လုပ်ကွက်ကို ရင်းနှီးမြှပ်နှံသူက ရှယ်ယာ ၄၉ ရာခိုင်နှုန်း၊ အများပြည်သူကိုယ်စားအစိုးရက ရှယ်ယာ ၅၁ ရာခိုင်နှုန်းနဲ့ NUGက လုပ်ကိုင်ခွင့် ၁၀ သက်တမ်းချပေးမယ်လို့ ဆိုပါတယ်။ ကျောက်မျက်တူးဖော်ရေးကို ပြည်တွင်း၊ပြည်ပလုပ်ငန်းရှင်များကို ဖိတ်ခေါ်တာဖြစ်တယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီးဦးတင်ထွန်းနိုင်က ​ပြောပါတယ်။ အဲဒီလုပ်ကွက်ဟာ ဒေါ်လာ ၁၀ သန်းဖိုး အလားအလာရှိနိုင်ပြီး ဒေါ်လာ ၂၃၅,၂၀၀ နဲ့ ရင်းနှီးမြှပ်နှံလုပ်ကိုင်နိုင်မယ်လို့ NUG ရဲ့ Early Partnership Programက ထုတ်ပြန်ထားပါတယ်။

(NUG ၏ မိုးကုတ်​ကျောက်မျက်လုပ်ကွက်ပြ​မြေပုံ)
(NUG ၏ မိုးကုတ်​ကျောက်မျက်လုပ်ကွက်ပြ​မြေပုံ)

▪︎ကုလအထူးအစီရင်ခံစာတင်သွင်းသူနဲ့ ကန်နိုင်ငံခြားရေးအတိုင်ပင်ခံတို့ မြန်မာ့အရေးဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလက်ဟာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးနဲ့တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူနဲ့ အရေးပါတဲ့ကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး မြန်မာ့အကျပ်အတည်းအဆုံးသတ်ရေး စစ်တပ်ရဲ့ ရွံရှာစက်ဆုပ်ဖွယ်အကြမ်းဖက်မှုများအတွက် တာ၀န်ခံမှုရှိရေးတိုးမြှင့်ဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံမှာ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ် တည်ထောင်ဖို့တို့ကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံဒဲရစ်ရှိုလက်က တွစ်တာမှ အသိပေးပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံဟာ စစ်အုပ်စု ပြုလုပ်လာမယ့် အတုအယောင်ရွေးကောက်ပွဲကို အမေရိကန်အစိုးရက အသိအမှတ်ပြုမည်မဟုတ်ဘူးလို့ ပြတ်သားစွာပြောဆိုထားပါတယ်။

ကုလအထူးအစီရင်ခံစာတင်သွင်းသူနှင့် ကန်နိုင်ငံခြား ရေးအတိုင်ပင်ခံတို့ မြန်မာ့အရေးဆွေးနွေး
ကုလအထူးအစီရင်ခံစာတင်သွင်းသူနှင့် ကန်နိုင်ငံခြား ရေးအတိုင်ပင်ခံတို့ မြန်မာ့အရေးဆွေးနွေး

▪︎အိန္ဒိယရဲ့ ဒီမိုကရေစီမီးရှုးတန်ဆောင် မြန်မာပြည်သူများအပေါ်လည်း ထွန်းလင်းနိုင်ပါစေဟု NUG သဝဏ်လွှာပို့

အိန္ဒိယရဲ့ ဒီမိုကရေစီမီးရှုးတန်ဆောင်ဟာ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူများအပေါ်မှာလည်း ထွန်းလင်းနိုင်ပါစေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆုမွန်ကောင်းတောင်းပါတယ်။ ဒီနေ့ကျရောက်တဲ့ အိန္ဒိယနိုင်ငံရဲ့ (၇၄) နှစ်‌မြောက် အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က သဝဏ်လွှာပေးပို့ခဲ့တာပါ။ ဝန်ကြီးဒေါ်ဇင်မာအောင်က မြန်မာပြည်သူတွေရဲ့ လက်ရှိ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ရုန်းကန် တိုက်ပွဲဝင်နေမှုကို အိန္ဒိယနိုင်ငံမှ နားလည် သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်မိကြောင်းနဲ့ NUG၊ မြန်မာပြည်သူတွေအနေနဲ့ အိန္ဒိယရဲ့ ဒေသတွင်း အရေးပါမှုကို နားလည်သဘောပေါက်ထားကြောင်း ထည့်သွင်း ရေးသားပါတယ်။

▪︎ရွေးကောက်ပွဲမလုပ်ဖို့ မန္တလေး မြို့နယ်နှစ်ခုမှာ ဖောက်ခွဲသတိပေး

မန္တလေးမြို့ရှိ မြို့နယ်နှစ်ခုမှာ ‘မြနန္ဒာစစ်ဆင်ရေး’ အဖြစ် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာ ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ မနက်ပိုင်းက ပုသိမ်ကြီးမြို့နယ် လူဝင်မှုကြီး‌ကြပ်ရေးရုံးနဲ့ လျှပ်စစ်ရုံးကြားကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာလည်း ချမ်းအေးသာဇံမြို့နယ် ဟေမာဇလ ရပ်ကွက်ရုံးကို အသံဗုံးနဲ့ ဖောက်ခွဲ သတိပေးခဲ့တာပါ။ မဲဆွယ်အစည်းအဝေးပွဲတွေမလုပ်ဖို့၊ ပြည်သူတွေအားတက်ဖို့နဲ့ တော်လှန်ရေးကို မမေ့ဖို့ သတိပေးခဲ့တာလို့ မြနန္ဒာစစ်ဆင်ရေး တာဝန်ရှိသူက ပြောပါတယ်။

▪︎ဒီးမောဆိုမြို့နယ်အ​ရှေ့ဘက် စစ်​ရေးပြင်းထန်​နေပြီး စစ်ဘေးရှောင်များအရေးပေါ်ပြောင်းရွှေ့

ကရင်နီပြည်နယ် ဒီးမောဆိုမြို့နယ် အ​ရှေ့ဘက်မှာ စစ်​ရေးပြင်းထန်​နေပြီး စစ်ဘေးရှောင်များ အရေးပေါ်ပြောင်းရွှေ့နေရတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးများမှာ စစ်ရှောင်စခန်းများအနီးသို့ ကျရောက်လာတာကြောင့် အရေးပေါ်ပြောင်းရွှေ့နေရတာလို့ ဆိုပါတယ်။ ကရင်နီပြည်နယ်မှာ မိုးဗြဲနဲ့ ဖယ်ခုံ​မြို့မှ စစ်ဘေးရှောင် အရေအတွက် အပါအဝင် ၂၀၀,၀၀၀ ဝန်းကျင်ရှိပြီး ထက်ဝက်ခန့်မှာ ဒီးမော့ဆိုမြို့နယ်က ဖြစ်ပါတယ်။

▪︎မိုးဗြဲရှိ စစ်ကောင်စီတပ်စခန်းကို PDF နဲ့ KNDF တိုက်ခိုက်

မိုးဗြဲမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၃ တာဝန်ရှိသူက ပြောပါတယ်။ မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်မှာ ကျူး​ကျော်တပ်ဆွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မိုးဗြဲရေလှောင်တမံရှိ တပ်စခန်းတို့ကို ဇန်နဝါရီ ၂၄ ရက်ညပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ညောင်ဝိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကိ KNDF B-03နဲ့အတူ မိုးဗြဲ PDF တပ်ရင်း (၁)တို့ပူးပေါင်းပါဝင်ခဲ့ပြီး တစ်နာရီဝန်းကျင်မျှ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်မှာ ဖယ်ခုံအမြောက်တပ်က ပြည်သူတွေရဲ့ နေအိမ်ပေါ် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

▪︎ညောင်တုန်းမှာ စက်လှေတိမ်းမှောက်ရာ ကလေးငယ်နှစ်ဦးပျောက်ဆုံး၊ တစ်ဦးရုပ်အလောင်းတွေ့

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ရှိ အမှတ်(၃) တူးမြောင်းမှာ စက်လှေတိမ်းမှောက်စဥ် ပျောက်ဆုံးနေတဲ့ ကလေးတစ်ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတယ်လို့ မေတ္တာရှင်နာရေးကူညီမှုအသင်း တာဝန်ရှိသူက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက စက်လှေတိမ်းမှောက်ခဲ့ပြီး စက်လှေပေါ်လိုက်ပါလာသူ ကိုးဦးအနက် ကလေးနှစ်ဦးပျောက်ဆုံးခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ ကလေးနှစ်ဦးအနက် တစ်ဦးရဲ့ ရုပ်အလောင်းကို မွန်းလွဲပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ဆားမလောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။

▪︎ဒီပဲယင်းနယ် ညောင်လှကျေးရွာ သုံးကြိမ်မြောက် မီးရှို့ခံရပြီးနောက် ရွာလုံးကျွတ်ပြာကျ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ပိုင်းရှိ ညောင်လှကျေးရွာ သုံးကြိမ်မြောက်မီးရှို့ဖျက်ဆီးခံရမှုကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ၂၃ ရက်ကစလို့ ရေဦးနယ်မှတဆင့် ဒီပဲယင်းနယ်သို့ စစ်ကြောင်းထိုးလာပြီး ဇန်နဝါရီ၂၄ နဲ့ ၂၅ ရက်တွေမှာ ညောင်လှကျေးရွာကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ညောင်လှကျေးရွာဟာ သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး ပြန်လည်တည်ဆောက်ထားတဲ့ မီးဘေးသင့်တဲများ၊ အိမ်မွေးတိရစ္ဆာန်များပါမကျန် ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။

မီးလောင်ပြာကျခဲ့သောညောင်လှရွာနေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး
မီးလောင်ပြာကျခဲ့သောညောင်လှရွာနေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး

▪︎စစ်အုပ်စုစခန်း အနီးကပ်ပစ်ခတ်တိုက်ရာ ထိခိုက်မှုရှိဟု KSO ပြော

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အင်းပတ်ကွေ့နဲ့ ရွာသစ်ကုန်းရှိ စစ်ကောင်စီတ​ပ်နဲ့ပျူစခန်းကို တပြိုင်နက်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိတယ်လို့ Khin U Special Force Organization -KSO ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ခင်ဦးနယ် အင်းပတ်ကွေ့ဈေးတန်း အထိုင်ချစခန်းနဲ့ ရွာသစ်ကုန်းရှိ ပျူစောထီးစခန်းတို့ကို လက်လုပ် နှစ်ဆင့်ကွဲ(၁၈)လုံးတိတိ ချဥ်းကပ်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်နဲ့ပျူများ ငါးဦးသေဆုံးပြီး ထိခိုက်မှုများရှိတယ်လို့ ဆိုပါတယ်။ အဲဒီ စစ်ကောင်စီတပ်နဲ့ ပျူတွေဟာ ရေဦးနယ်နဲ့ ဒီပဲယင်းမြို့နယ်ဘက်သို့ အကူးအသန်းပြုလုပ်ကာ တပ်ကူလုပ်ပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

KSO အဖွဲ့ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ ဓာတ်ပုံ-KSO
KSO အဖွဲ့ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ ဓာတ်ပုံ-KSO

You May Also Like