Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဖေဖော်ဝါရီ ၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎အသံတိတ်သပိတ်​ကို နိုင်ငံတဝန်းရှိ ပြည်သူများ ပါဝင်ဆင်နွှဲ

အာဏာလုစစ်ကောင်စီက ခြိမ်း​ခြောက်​နေ​တဲ့ကြားကပဲ မြန်မာပြည်သူလူထုဟာ တိတ်ဆိတ်ငြိမ်သက်ခြင်း အသံတိတ် သပိတ် Silent Strike မှာ နိုင်ငံတဝန်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ စစ်အာဏာရှင်စနစ်ကို အလိုမရှိဆန့်ကျင်ကြောင်း တခဲနက်ပြသခဲ့တာဖြစ်သလို အရေးတော်ပုံ ၂ နှစ်ပြည့်ချိန်အထိ ပြည်သူလူထုဟာ သွေးမအေးဘဲ တော်လှန်စိတ်အပြည့်နဲ့ ဆက်လက် ပါဝင်နေတယ်ဆိုတာ သက်သေပြလိုက်တာလည်းဖြစ်ပါတယ်။ လူဦး​ရေ ၅ သန်းကျော်​နေထိုင်တဲ့ ရန်ကုန်မြို့ မှာ အသံတိတ်ပိတ်ဆင်နွှဲတဲ့အချိန် လမ်း​တွေ​ပေါ်မှာ လူနဲ့ကား​တွေမရှိသ​လောက်နည်းသွားသလို ဘတ်စ်ကားတွေမှာ၊ ကားမှတ်တိုင်​တွေမှာလည်း လူမရှိတာ့ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်​ကြောင်း အသံတိတ်သပိတ်ဆင်နွှဲခဲ့ပါတယ်။ အလားတူ နိုင်ငံတဝန်းရှိ မြို့တွေမှာလည်း အသံတိတ်သပိတ်ကို ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

▪︎အမြစ်တွယ်နေတဲ့ အာဏာရှင် သရုပ်သကန်ကိုချေဖျက်ဖို့ဖြစ်တယ်လို့ NUG ထုတ်ပြန်

မြန်မာပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ မကျေနပ်မှုများအတွက် စိတ်ကျေနပ်မှုရှာဖွေရုံ တော်လှန်ပုန်ကန်နေကြခြင်းမျိုးမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီနေ့ ထုတ်ပြန်တဲ့ ပြည်သူ့နွေဦးတော်လှန်ရေး(၂)နှစ်ပြည့်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ခေတ်အဆက်ဆက် အမြစ်တွယ်နေခဲ့တဲ့ အာဏာရှင်သရုပ်သကန်ကို မြန်မာ့မြေပေါ်မှ အပြီးအပိုင် ချေဖျက်မောင်းထုတ်နိုင်ရေးအတွက် ပြင်းပြတဲ့ စိတ်အားသတ္တိကို စနစ်ကျသော စုဖွဲ့မှု၊ ပြင်ဆင်မှု၊ စုစည်းညီညွတ်မှုတို့ကို ပေါင်းစပ်မွမ်းမံကာ ခိုင်မာအားကောင်းစွာ တည်ဆောက်တွန်းလှန်နေတဲ့ တော်လှန်ရေးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာ့နွေဦးတော်လှန်ရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် လွန်စွာအရေးပါတဲ့ ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေး တစ်ရပ်ဖြစ်တယ်ဆိုတာ နားလည်သိမှတ်ထားကြဖို့ အရေးကြီးတယ်လို့ NUGက ဆိုပါတယ်။

▪︎ပြည်သူများနိုင်ရာဝန်ထမ်းပြီး တသံတည်းညီတချီတည်း ရုန်းကြဖို့ NUG ကာကွယ်ရေး နှိုးဆော်

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြစ်နှစ်အဖြစ် သတ်မှတ်ထားရာ ပြည်သူတွေအနေနဲ့လည်း နိုင်ရာဝန်ထမ်းပြီး တသံတည်းညီ တချီတည်းရုန်းကြဖို့အမျိုးသားညီညွတ်ရေး၊အစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ပါတယ်။ ပြည်သူ့အစိုးရဆီက ပြည်သူ့အာဏာကို မင်းအောင်လှိုင်ဦးစီးတဲ့ အကြမ်းဖက် ဖက်ဆစ်စစ်တပ်က လက်နက်အားကိုးနဲ့ အဓမ္မလုယူခဲ့တဲ့(၂)နှစ်ပြည့်နေ့ အခုလိုတိုက်တွန်းနှိုးဆော်ခဲ့တာပါ။ ပြည်သူ့ရဲဘော်တွေကို သပြေခက်နဲ့ ရေစင်ကမ်းပြီး ကြိုလင့်နိုင်ဖို့၊ ဖက်ဆစ်စစ်တပ် အမြစ် ဖြတ်နိုင်ဖို့၊ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီ အရောက်လှမ်းနိုင်ဖို့ မိဘပြည်သူများကလည်း နိုင်ရာဝန်ထမ်းလို့ ဆက်ပြီး အားမာန်ပြင်းပြင်းနဲ့ တသံတည်းညီ တချီထဲရုန်းကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ ဒါ့အပြင် နိုင်ငံအနှံ့ရှိ PDF ရဲဘော်တွေရဲ့ နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် သတင်းစကားသံများ ရုပ်သံကိုလည်း ဖော်ပြခဲ့ပါတယ်။

▪︎အသံတိတ်သပိတ်မှာပါဝင်ကြသူတွေကို ကျေးဇူးတင်ကြောင်း ပခုက္ကူမြို့နယ်(ပအဖ) ထုတ်ပြန်

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်တဲ့ အသံတိတ်သပိတ်မှာ ပခုက္ကူမြို့ရှိ ပြည်သူများ ပူးပေါင်းပါဝင်မှုအပေါ် ကျေးဇူးတင်တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။ မအောင်မြင်တဲ့စစ်အာဏာသိမ်းမှု ၂နှစ်တင်းတင်းပြည့်တဲ့ ဒီနေ့ တိတ်ဆိတ်ခြင်းသပိတ်မှာ ဝိုင်း၀န်းပူးပေါင်းပါ၀င်ပေးတဲ့ ပခုက္ကူမြို့သူ၊ မြို့သားအားလုံးကို အထူးပဲကျေးဇူးတင်ကြောင်းနဲ့ ဆက်ပြီးတော့ စစ်အာဏာရှင်စနစ်တော်လှန်ရေးကြီးမှာ ရရာနည်းလမ်းကနေ ဝိုင်း၀န်း‌ပူးပေါင်းပါ၀င်ပေးကြဖို့ ပခုက္ကူ မြို့နယ်(ပအဖ)က မေတ္တာရပ်ခံပါတယ်။

▪︎စစ်ကောင်စီတပ်ကို စီးနင်းရာ ဗိုလ်အပါအဝင် စစ်သားနဲ့ ရဲ ခြောက်ဦးဖမ်းမိ၊ လက်နက်များရဟု CNF အတည်ပြု

ချင်းပြည်နယ် ထန်တလန်မြို့ရှိ CB ဘဏ် အဆောက်အဦးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ဒီနေ့ မနက်မှာ ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်အပါအဝင် စစ်ကောင်စီတပ်သားနှစ်ဦး၊ ရဲ လေးဦးဖမ်းဆီးရမိခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။ စီးနင်းပြီးချိန်မှာ သေနတ် ၈ လက် လည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ စီးနင်းမှုကို CNFနှင့် ချင်းကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်ဖွဲ့က ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ကလည်း မနက် ၁၀ နာရီခန့်မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

(ဖမ်းဆီးရမိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal)
(ဖမ်းဆီးရမိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ – The Chin Journal)

▪︎စစ်အာဏာသိမ်း(၂)နှစ်ပြည့်နေ့မှာ ကရင်နီပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များ စုပေါင်းဆန္ဒပြ

စစ်တပ်ရဲ့ အာဏာသိမ်းပြီး (၂)နှစ်ပြည့်နေ့မှာ ကရင်နီပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များ စုပေါင်းဆန္ဒပြမှုပြုလုပ်ခဲ့ပါတယ်။ ဒီး​မော့ဆိုမြို့နယ်မှာ ​​တော်လှန်​ရေးအင်အားစုတို့ပူး​ပေါင်းပြီး ဒီး​မော့ဆိုသပိတ်​ကော်မတီ ဦး​ဆောင်ကာ ဆန္ဒပြခဲ့တာလို့ ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ဆိုပါတယ်။ “၂၀၂၃ စစ်​ခွေးနိဂုံး၊ မင်း​အောင်လှိုင် မတရားပြုလုပ်မယ့်​ရွေး​ကောက်ပွဲကိုဆန့်ကျင်ကြ၊ ဒီတိုက်ပွဲလူငယ်တိုက်ပွဲ၊ လူငယ်အားနဲ့​ဖောက်ထွက်ရမယ်၊ ​တော်လှန်​ရေးတပ်ဦး CDM ၊ ​မေ့​​လျော့ခံ CDM များ၊ ​အာဏာရှင်မှန်တမျှတွန်းလှန်ကြ၊ အ​ရေး​တော်ပုံ​အောင်ရမည်” စတဲ့ဆိုင်းဘုတ်များကိုင်​ဆောင်ကာ လက်နက်ကိုင်ထားပြီး ကြွေး​ကြော် စီတန်းလှည့်လည် ဆန္ဒပြခဲ့ပါတယ်။

▪︎ရွေးကောက်ပွဲအတွက် စာရင်းလိုက်ကောက်နေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့တိုက်ခိုက်

မန္တလေးတိုင်း၊မတ္တရာမြို့နယ် ၊ ရှင်လှတောင်ကျေးရွာမှာ ရွေးကောက်ပွဲအတွက် စာရင်းလိုက်ကောက်နေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းငါးစင်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ မနေ့ နေ့ခင်းက မတ္တရာမြို့နယ် ၊ ရှင်လှတောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦးခန့်ဟာ ရွေးကောက်ပွဲအတွက် အိမ်ထောင်စု စာရင်းလိုက်လံကောက်နေစဥ် ဒရုန်း ငါးစီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများတယ်လို့ ပြင်ဦးလွင်ခရိုင်(ပကဖ) အဖွဲ့ကဖော်ပြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်ခဲ့လို့ ပြည်သူ နှစ်ဦး ကျည်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

▪︎ခင်ဦးမြို့နယ်မှာ မီးပတ်ရှို့နေတဲ့ စစ်ကောင်စီတပ်ကို တိုက်မိုင်း ၃ လုံးနဲ့တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မီးပတ်ရှို့နေတဲ့ စစ်ကောင်စီတပ်ကို တိုက်မိုင်း သုံးလုံးနဲ့ တိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာများရှိတယ်လို့ FIRE Dragon(KU)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ရုံးစုကျေးရွာကို မီးရှို့ကာ ညောင်ပင်ကြီးစုရွာ လယ်ကြားလမ်းအတိုင်းထွတ်လာတဲ့ စစ်ကောင်စီတပ်ကို မနေ့ မနက်ပိုင်းက တိုက်မိုင်း သုံးလုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာအများအပြားရရှိသွားတယ်လို့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

▪︎စစ်အာဏာသိမ်းမှု (၂)နှစ်ပြည့် ဘန်ကောက်မြို့မှာ ရာနှင့်ချီသော မြန်မာများ ဆန္ဒပြ

စစ်အာဏာသိမ်းမှု (၂)နှစ်ပြည့်တဲ့ ဒီနေ့မှာ ရာနှင့်ချီသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက ဘန်ကောက်မြို့ရှိမြန်မာသံရုံးရှေ့မှာ စုဝေးခဲ့ကြပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲပါဝင်သူများက ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးဖို့၊ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ဖို့၊ တရားမဝင်ရွေးကောက်ပွဲကို လူထုအားနဲ့ တိုက်ဖျက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ရဲ့ ရုပ်ပုံများကို ကိုင်ဆောင်သူ အများအပြားကို တွေ့ရပြီး ပြည်သူ့အစိုးရ NUG ကို ထောက်ခံကြောင်း နဖူးစည်းများ၊ အင်္ကျီများ၊ ပိုစတာများကိုလည်း ဝတ်ဆင်ကိုင်ဆောင်တာကို တွေ့ရပါတယ်။

▪︎(၂)နှစ်အတွင်း တိုက်ပွဲ ၁၆၀ ကျော်ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ကျော်သေဆုံးခဲ့ ဟားခါး CDF ထုတ်ပြန်

ဟားခါးမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)ဟာ ပြီးခဲ့သည့် (၂)နှစ်အတွင်း တိုက်ပွဲပေါင်း ၁၆၆ ကြိမ် ဖော်ဆောင်ခဲ့ရာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၁၀ ဦးသေဆုံးကာ ၂၂၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဟားခါး CDF က ဒီနေ့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေမှာ ဟားခါး CDF ရဲဘော် ၁၉ ဦး ကျဆုံးကာ ၄၁ ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ (၂)နှစ်တာကာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မှု၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၄ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ပြည်သူ ၃၇၄ ဦး မတရား ဖမ်းဆီး ချုပ်နှောင်ခံရပြီး ပြည်သူလူထုနေအိမ် ၃၀လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

You May Also Like