Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇန်နဝါရီ ၃၁ ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မြန်မာပြည်သူတွေနဲ့ ခိုင်မာစွာဆက်လက်ရပ်တည်တယ်လို့ ကုလအတွင်းရေးမှူးချုပ်ပြော

မြန်မာပြည်သူများနဲ့ ခိုင်မာစွာဆက်လက်ရပ်တည်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်အတွက် ထုတ်ဖော်ပြောဆိုပါတယ်။ အတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်ဟာ အားလုံးပါဝင်ပြီး ငြိမ်းချမ်းမျှတတဲ့ လူ့အဖွဲ့အစည်းနဲ့ ရိုဟင်ဂျာများအပါအဝင် အသိုက်အဝန်းအားလုံး ကာကွယ်မှုရဖို့ အတွက် မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ဒီမိုကရေစီဆန္ဒကို အားပေးထောက်ခံမယ်လို့ ဆိုပါတယ်။ ကုလအတွင်းရေးမှူးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရခေါင်းဆောင်တွေအဖြစ် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ဆက်လက်အသိအမှတ်ပြုဖော်ပြပါတယ်။ အတွင်းရေးမှူးချုပ်ဟာ ပုံသဏ္ဍာန်မျိုးစုံနဲ့ အကြမ်းဖက်မှု မှန်သမျှကို ရှုတ်ချထားပြီး အဲဒီအကြမ်းဖက်မှုတွေကြောင့် ဘက်ပေါင်းစုံမှ အကျပ်အတည်း ဆက်လက်ဆိုးရွားနေကာ ဒေသတွင်းကိုပါ သက်ရောက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

▪️စစ်အာဏာရှင်စနစ်ဆိုးကို ဖြုတ်ချရေး အတူ ကြိုးပမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း ကရင့်တော်လှန်ရေးနေ့သို့ NUG ကာကွယ်ရေး သဝဏ်လွှာပေးပို့

တိုင်းရင်းသားပြည်သူလူထုတရပ်လုံးရဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင်ဖြုတ်ချပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနဲ့ တရားမျှတမှုတို့ကို အပြည့်အဝအာမခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကိုထူထောင်နိုင်ဖို့ အတူတကွ လက်တွဲညီစွာ ကြိုးပမ်းအားထုတ်နိုင်လိမ့်မယ်လို့ အလေးအနက် ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ကရင့်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့ပါတယ်။ ဒီနေ့ ကျရောက်တဲ့ (၇၄) နှစ်မြောက်ကရင့်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့ခဲ့တာပါ။ ကရင်အမျိုးသားပြည်သူလုထုတရပ်လုံး လေးစားဂုဏ်ယူတန်ဖိုးထားရတဲ့ နေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကရင့်တော်လှန်ရေးနေ့ကို ကရင်အမျိုးသားများနဲ့ ထပ်တူဂုဏ်ပြုဦးညွှတ်ကြိုဆိုတယ်လို့ ဖော်ပြပါတယ်။

▪️မိုးကုတ်ကျောက်မျက်လုပ်ကွက် ၄၅ ကွက်အတွက်လုပ်ကိုင်ခွင့်​ကို NUG ရောင်းချ

မိုးကုတ်ပတ္တမြားမြေမှာ ကျောက်မျက်ရှာဖွေတူးဖော်ရေးလုပ်ကွက် ၄၅ ကွက်အတွက်​ ကျောက်မျက်ရှာ​ဖွေတူး​ဖော်ခွင့်ကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)က​ရောင်းချဖို့ ဖိတ်​ခေါ်ထားပါတယ်။ ​ကျောက်မျက် လုပ်ကွက် ၄၅ ကွက်ဟာ အနိမ့်ဆုံး ဒေါ်လာ ၂၃၅,၂၀၀ မှ ဒေါ်လာ ၂,၈၂၂,၄၀၀ အထိ သတ်မှတ်ထားပြီး လုပ်ပိုင်ခွင့်ကာလ ၁၀ နှစ်သတ်မှတ်ကာ ခွင့်ပြုထားပါတယ်။ လုပ်ကွက်တွေမှာ ဒေါ်လာ ၄ သန်းတန်မှ ဒေါ်လာ သန်း ၁၂၀ တန်ကြေးရှိ လုပ်ကွက်များပါဝင်တာ တွေ့ရပါတယ်။ အဲဒီလုပ်ကွက်တွေကို ဝယ်ယူသူများက တော်လှန်ရေးအလွန်မှာ ၁၀ နှစ်လုပ်ကိုင်ခွင့်ရရှိပြီး အစိုးရက ၅၁ ရာခိုင်နှုန်းနဲ့ ရင်းနှီးမြှပ်နှံသူက ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ခွင့်ရမယ်လို့ NUG ထုတ်ပြန်ပါတယ်။

NUG ကမိုးကုတ်ကျောက်မျက်လုပ်ကွက် ၄၅ကွက်အတွက်လုပ်ကိုင်ခွင့်​ရောင်းချ
NUG ကမိုးကုတ်ကျောက်မျက်လုပ်ကွက် ၄၅ကွက်အတွက်လုပ်ကိုင်ခွင့်​ရောင်းချ

▪️မြန်မာ့စီးပွားရေး မသေချာမှုတွေရင်ဆိုင်နေရဆဲလို့ ကမ္ဘာ့ဘဏ်ဆို

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ မသေချာ မရေရာမှုတွေ ကြုံတွေ့နေရဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က မနေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ ကျပ်ငွေတန်ဖိုးကျဆင်းလာတာ ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေကို ဆိုးဆိုးရွားရွားကြုံတွေ့နေရတာ ၊ ပဋိပက္ခတွေမြင့်တက်လာတာ ၊ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေအပြင် စစ်ကောင်စီရဲ့ မရေရာတဲ့မူဝါဒတွေကြောင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုဟာ နှောင့်နေးနေဦးမယ်လို့ ကမ္ဘာ့ဘဏ်ကဆိုထားပါတယ်။ ဒီအစီရင်ခံစာကို စစ်တပ်အာဏာသိမ်းကာလ ၂ နှစ်ပြည့်မှာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်လာတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှု အလားအလာတွေဟာ ၂ နှစ်အတွင်း သိသိသာသာထိခိုက်သွားတယ်လို့ ပြောထားပါတယ်။ မြန်မာကျပ်ငွေ တန်ဖိုးလည်း ပြီးခဲ့တဲ့ ၂ နှစ်တာကာလထက် ၅၀ ရာခိုင်နှုန်းကျဆင်းသွားသလို စီးပွားရေးလုပ်ငန်းတွေဟာ မီးပြတ်တာ ၊ ဝယ်လိုအားကျလာတာ ၊ ကုန်ဈေးနှုန်းကြီးမြင့်တာစတဲ့အကျပ်အတည်းတွေကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

▪️ပခုက္ကူနယ် နေအိမ် ၁၀၀ ခန့် ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မကွေးတိုင်း ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာနဲ့ ဆားကျင်းကျေးရွာတို့ကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ထုတ်ပြန်ပါတယ်။ မနေ့က ကန်တော်ကျေးရွာရှိ နေအိမ် ၇၀ ခန့်ကို မီးရှို့ခဲ့ပြီး ဒီနေ့မှာ ဆားကျင်းရွာမှ နေအိမ် ၃၀ ခန့်ကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံများတိမ်းရှောင်ခဲ့ရပြီး ကန်တော်ကျေးရွာ၊ ဆားကျင်းကျေးရွာနဲ့ ၎င်းကျေးရွာအနီးတဝိုက်တွင်စစ်ဘေးရှောင် ၂၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ပခုက္ကူမြို့နယ်မှာ အာဏာသိမ်း ၂ နှစ်တာကာလအတွင်း မီးရှို့ခံရတဲ့ ကျေးရွာ ၁၆ ရွာအထိရှိနေတယ်လို့ ဖော်ပြပါတယ်။

(ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာ နှင့် ဆားကျင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - ပခုက္ကူ(ပအဖ))
(ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာ နှင့် ဆားကျင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ – ပခုက္ကူ(ပအဖ))

▪️စစ်ကောင်စီတပ်ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး နှလုံးရပ်သေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ မိသားစုတစ်စုလိုက်ပါလာတဲ့ စက်လှေကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ အမျိုးသမီးတစ်ဦး နှလုံးရပ်သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့က မိသားစုတစ်စုဟာ ယင်းမာပင်မြို့နယ်မှ ၎င်းတို့နေထိုင်ရာ ကနီမြို့နယ် ယင်းယိမ်ကျေးရွာသို့ ချင်းတွင်းမြစ်အတိုင်း စက်လှေတစ်စီးနဲ့ ဆန်တက်လာစဥ် ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။ သပြေတောကျေးရွာအနီးသို့ စက်လှေ ရောက်ချိန် စစ်ကောင်စီရေယာဥ်များပေါ်မှ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ရာ စက်လှေပေါ်ရှိမိသားစုအနက်မှ မမာမာဝင်းဆိုသူ နှလုံးဖောက်ကာ သေဆုံးသွားတယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးပါတယ်။

▪️ရွှေဘိုနယ်မှာ စစ်အုပ်စုကို တိုက်ခိုက်ရာ အများအပြားသေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို တော်လှန်ရေးအင်အားစုများက စောင့်​ဆိုင်းတိုက်ခိုက်ရာ စစ်အုပ်စုအများအပြားသေဆုံးတယ်လို့ ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက တည်သီးတောကျေးရွာမှ ပျူခေါင်းဆောင်နဲ့ စစ်ကောင်စီတပ်သားများထွက်လာရာ အသင့်စောင့်နေတဲ့ တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ နာရီဝက်ခန့် တိုက်ခိုက်ခဲ့ရာ ပျူအကြီးပိုင်း သုံးဦးအပါအဝင် စစ်ကောင်စီတပ်နဲ့ ပျူ ၁၃ ဦးခန့်သေဆုံးနိုင်ကာ ခြောက်ဦးလည်း ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

▪️ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ကို တစ်နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း- (၁၀) တပ်ခွဲ- (၁) သိန်းငှက် ပြောက်ကျားတပ်ဖွဲ့ -ရေစကြိုက သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့ခင်းက ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ပေါက်အူကျေးရွာအနီး ဧရာဝတီမြစ်ကြောင်းမှဆန်တက်လာတဲ့ စစ်ကောင်စီတပ်များကို မဟာမိတ်တပ်ဖွဲ့များက လက်နက်ငယ်တွေနဲ့ ၄၅ မိနစ်ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က အသိပေးပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိတယ်လို့ ဖော်ပြပါတယ်။

(ရေကြောင်းစစ်ဆင်ရေးများတွင် တွေ့ရသည့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များ)
(ရေကြောင်းစစ်ဆင်ရေးများတွင် တွေ့ရသည့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များ)

▪️မုံရွာ-မန္တလေးလမ်းပိုင်း စစ်ကောင်စီယာဥ်များ နှစ်ကြိမ် မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်း စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်များကို နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ People’s knight Defense Force Myinmu အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့မနက် အစောပိုင်းက စစ်ကိုင်းမှ ဘိုးမင်းကြီးကင်းစခန်းသို့ထွက်ခွာလာတဲ့ အင်အား ၂၀ ခန့်ပါ စစ်ကားတစ်စီးကို ဝမ်းပြည့်နဲ့ အလ္လကပ္ပရွာကြား လေးလုံးတွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ ကားထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ နောက်ထပ် စစ်ကောင်စီကားနှစ်စီးကို လည်း ဝမ်းပြည့်နဲ့ အလ္လကပ္ပရွာကြားမှာပဲ ခြောက်လုံးတွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ ကားနှစ်စီးလုံး ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ဒုတိယပတ်အတွင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီး မိုင်းထိပြီးနောက် ရပ်တန့်သွားစဥ်၊ ဓာတ်ပုံ-Local PDF
ဇန်နဝါရီလ ဒုတိယပတ်အတွင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီး မိုင်းထိပြီးနောက် ရပ်တန့်သွားစဥ်၊ ဓာတ်ပုံ-Local PDF

▪️ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ ကျေးရွာ ၁၀ရွာနဲ့ မြို့ပေါ်ရပ်ကွက်တစ်ခုကို စစ်ကောင်စီတပ် မီးရှို့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာဆယ်ရွာနဲ့ မြို့ပေါ်ရပ်ကွက်တစ်ခုတို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၂၃ ရက်ဝန်းကျင်က ရေဦးမြို့နယ်မှတဆင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းသို့ဝင်ရောက်ကာ ကျေးရွာတွေကို မီးရှို့ခဲ့တာပါ။ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စုစုပေါင်း အိမ်ခြေ ၇၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒီပဲယင်းမြို့ပေါ် အနောက်ကွက်သစ်ရပ်ကွက်မှ နေအိမ် ၂၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။

You May Also Like