▪︎စစ်ကောင်စီတပ်နှင့်ပျူစောထီး၁၀ ဦးသေ၊ ကားတစ်စီးသေနက် ၇ လက်နှင့်ကျည်များရရှိ
မကွေးတိုင်း ပခုက္ကူ – ရေစကြိုလမ်း၌စစ်ကောင်စီတပ်နှင့် ပျူစောထီးများ လိုက်ပါလာသည့် ယာဉ်နှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်၊ ပခုက္ကူခရိုင်တပ်ရင်း(၃) တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ဦး သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်အချို့ကပြောသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင်ပခုက္ကူ – ရေစကြို ကားလမ်းရှိစက်သုံးဆီဆိုင်တစ်ဆိုင်ရှေ့၌စစ်ကောင်စီတပ်နှင့်ပျူစာထီးစုစုပေါင်း ၁၄ ဦးပါလာသောကား ၂စီးကို PDF များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး နေရာတွင် သေဆုံးခဲ့သည်။ကားတစ်စီး လွတ်မြောက်သွားသော်လည်း ထိုကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး ဆေးရုံ၌ ထပ်မံ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃ဦးရှိခဲ့ကာ တစ်ဦးသာ ဒဏ်ရာမရဘဲ လွတ်မြောက်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်၊ ပခုက္ကူခရိုင်တပ်ရင်း(၃)က သတင်းထုတ်ပြန်သည်။
သေဆုံးသူများတွင် ဟင်္သာ ကျေးရွာပျူခေါင်းဆောင် အောင်နိုင်မိုး အပါအဝင်စုစုပေါင်း ၁၀ဦးဖြစ်ကြောင်းလည်းသိရသည်။
ဒေသခံတစ်ဦးကလည်း “ အဲဒီနေ့က ပျူကား အပစ်ခံရတယ်လို့ပြောတယ်။ လက်နက်တွေရော ကာဘိုင်တွေ ပျူတွေကိုင်တဲ့ သေနတ်တွေရတယ်လို့ ပြောတယ်။”ဟု ပြောသည်။
တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ကားတစ်စီး၊ သေနက် ၇လက်၊လက်ပစ်ဗုံးသုံးလုံး ၊ကျည်ဆံများ ၊စစ်ကာင်စီတပ် ဝတ်စုံအချို့ သိမ်းဆည်းရရှိခဲ့သည်ဟုသိရသည်။
ကာဘိုင်သေနက် ၆ လက်၊MA4 တစ်လက်၊ ကာဘိုင်ကျည်ဘောက် ၆ ဘောက်၊ကာဘိုင်ကျည် ၁၄၆တောင့်၊MA4ကျည်
ဘောက် ၅ ဘောက်၊ ၅.၅၆ ကျည် ၉၄ တောင့်၊လက်ပစ်ဗုံး ၃ လုံး၊ ၄၀ မမ၊ ဗုံးသီး ၄ လုံး ၊စစ်တပ်အသုံးအဆောင်ပစ္စည်းအချို့နှင့် စူပါ ကာစတန် ကားတစ်စီး သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်၊ ပခုက္ကူခရိုင်တပ်ရင်း(၃)ကဖော်ပြထားသည်။
အဆိုပါ စစ်ဆင်ရေးမှာ ၅ မိနစ်သာကြာမြင့်ခဲ့ပြီး၊ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များ ထိခိုက်မှုမရှိဟုသိရသည်။
ပခုက္ကူခရိုင်အမှတ်(၃) တပ်ရင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)စစ်ဒေသ ၊ ပခုက္ကူခရိုင်ကွပ်ကဲရေး အောက်တွင်ရာနှုန်းပြည့်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်းလည်းအသိပေးထားသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အားပေးကူညီခြင်းများ ၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အနီးကပ် နေထိုင်သွားလာခြင်းများ လုံးဝမပြုလုပ်ကြပါရန်လည်း ပခုက္ကူခရိုင်အမှတ်(၃) တပ်ရင်းကမေတ္တာရပ်ခံသည် ။