Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထန်တလန်မြို့ပြန်ရရေး စစ်ကောင်စီ စစ်အင်အားဖြည့်တင်းပြင်ဆင်နေ

ရဲစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် စစ်ကောင်စီတပ်ကုန်းသို့ အကြိမ်ကြိမ်လာရောက်လျက်ရှိသည်ဟု ဆိုသည်။

၂၀၂၂ မတ်လ ၁ ရက်တွင် Thantlang Placement Affairs Committee က ထုတ်ပြန်သည့် ထန်တလန်မြို့မြင်ကွင်း။ ဓာတ်ပုံ - TPAC
၂၀၂၂ မတ်လ ၁ ရက်တွင် Thantlang Placement Affairs Committee က ထုတ်ပြန်သည့် ထန်တလန်မြို့မြင်ကွင်း။ ဓာတ်ပုံ - TPAC

“ထန်တလန်တပ်ကုန်း မရှိတော့ရင်တော့ ထန်တလန် မြို့နယ်တစ်ခုလုံးကတော့ စစ်ကောင်စီက မရှိတော့ဘူး” CNF/CNA ပြောရေးဆိုခွင့်ရှိသူ

ချင်းပြည်နယ် ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းနှင့် ကင်းစခန်းများကို ချင်းပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်သိမ်းပိုက်နေရာယူထားပြီးနောက် စစ်ကောင်စီတပ်က ထန်တလန်ရှိ စစ်ကောင်စီတပ်စွဲရာ တပ်ကုန်းသို့ ရဟတ်ယာဉ်ဖြင့် စစ်အင်အားဖြည့်တင်းနေသည်ဟု ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဖေဖော်ဝါရီ ၈ရက် ညပိုင်းတွင် စစ်ကောင်စီ ရဲစခန်းကို CNA နှင့် ချင်းကာကွယ်ရေးတပ်(CDF) တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး လေးဦးသေဆုံးပြီးလက်နက်မျိုးစုံ ၄၂လက် ရရှိခဲ့သည်ဟု ဆိုသည်။

“သူတို့ကတော့ ထန်တလန်မြို့က တပ်ကုန်းတစ်ခုတည်းပဲ တပ်စွဲနိုင်တော့တယ်။ ကျန်တဲ့ နေရာအားလုံး ရဲစခန်းအပြင် ကျန်တဲ့ တပ်စိတ်တစ်စိတ် လုံခြုံရေးကင်းစခန်းတွေကို ကျနော်တို့အားလုံးနေရာယူထားတယ်ဆိုတော့ သူတို့က ပြန်သိမ်းနိုင်ဖို့တော့ ကြိုးစားမှာပေါ့။ ဒါကတော့ လွှဲရှောင်လို့မရတဲ့ ကိစ္စပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement
Public Service Announcement

ရဲစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် စစ်ကောင်စီတပ်ကုန်းသို့ အကြိမ်ကြိမ်လာရောက်လျက်ရှိသည်ဟု ဆိုသည်။

“သူတို့ စစ်အင်အားဖြည့်တာလည်းဖြစ်နိုင်တယ်။ ရိက္ခာဖြည့်တာလည်းဖြစ်နိုင်တာပေါ့။ ထန်တလန်ဘက်ကို ဟားခါးဘက်က လက်နက်ကြီးတွေ ပစ်ကူနေတာတွေတော့ ရှိတာပေါ့။ ထန်တလန် တပ်ကုန်းထဲမှာ ရှိနေတဲ့ စစ်ကောင်စီနဲ့ ကျွန်တော်တို့ အခုထိတော့ ရင်ဆိုင်တိုက်ပွဲတွေမရှိဘူးပေါ့။ထန်တလန် တပ်ကုန်းမရှိတော့ရင်တော့ ထန်တလန် မြို့နယ်တစ်ခုလုံးကတော့ စစ်ကောင်စီက မရှိတော့ဘူးလို့ ပြောရမှာပေါ့။ အခုကတော့ ထန်တလန် ကိစ္စနဲ့ပတ်သက်ပြီးတော့ တပ်ကုန်းမှာ သူတို့ရှိနေသေးတော့ သူတို့လုံခြုံရေးအတွက် သူတို့ ပြန်လည်ပြီးတော့ နေရာစိုးမိုးနိုင်ရေးအတွက် မြေပြင်ကနေသော်လည်းကောင်း ဝေဟင်ကနေ သော်လည်းကောင်း စစ်ကူတွေ ဘာတွေတော့ ပြင်ဆင်ဖို့တော့ လာလုပ်မှာပါပဲ။ အခုလည်းလာလုပ်နေပါတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းပူးပေါင်းတပ်ဖွဲ့များအနေဖြင့်လည်း အတက်နိုင်ဆုံး ခုခံတွန်းလှန်သွားမည်ဟု ၎င်းက ဆိုသည်။

ထန်တလန်ရဲစခန်း သိမ်းပိုက်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့် သတင်းဌာနက ထုတ်ပြန်ထားရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့်လုံခြုံရေးတပ်စခန်းကို CNF/CDF များက လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုပြီး အင်အားအလုံးအရင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရမှုများပြားခဲ့ဟု ထုတ်ပြန်သည်။ ထို့ကြောင့် စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ကူနှင့် အမြောက်ပစ်ကူများ ရယူပြီး ဆုတ်ခွာခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ပြီး ပြုပြင်ရန်လိုအပ်သည့် လက်နက်ငယ်အချို့ ဆုံးရှုံးခဲ့ကြောင်း ဖော်ပြသည်။

ချင်းတပ်ဖွဲ့၏ ပြောကြားချက်တွင် စစ်ကောင်စီတပ်ထံမှ G3 သေနတ်များအပါအဝင် လက်နက် မျိုးစုံ ၄၂လက်ရရှိခဲ့ကြောင်း၊ ဒရုန်း ကာကွယ်ရေးလက်နက်တစ်ခုလည်း ရရှိခဲ့ကြောင်း ပါရှိသည်။ထို့ပြင် ရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲရာ နေရာမှာ မိုင်ဝက်ခန့်သာဝေးသော်လည်း စစ်ကောင်စီတပ်ဘက်က ရဲစခန်းအား စစ်ကူလာရောက်ပေးခြင်း၊ လက်နက်ကြီး ပစ်ကူပေးခြင်းများ မရှိခဲ့ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီသတင်းထုတ်ပြန်ချက်တွင်လည်း ရဲစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၉ရက် ညနေပိုင်း၌ ထန်တလန်သို့ ရောက်ရှိစုဖွဲ့နေသည်ဟု ဆိုသည်။

You May Also Like

သတင်း

အာဏာသိမ်းမှု ၂ နှစ်အတွင်း ချင်းပြည်နယ်တွင် လူနေအိမ် ၁,၄၈၄ လုံး နှင့် အခြားတိုင်းနှင့် ပြည်နယ်များတွင် စုစုပေါင်း လူနေအိမ် ၁,၄၈၄ လုံး စစ်တပ်၏ မီးရှို့ဖျက်ဆီးခံခဲ့ကြောင်း Data For Myanmar က ဖော်ပြသည်။

သတင်း

ဇန်နဝါရီ ၂၀ ရက်နောက်ပိုင်းမှစ၍ အဆိုပါ ဒေသ၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယမန်နေ့အထိ တိုက်ပွဲဆက်ဖြစ်ခဲ့သည်ဟုဆိုသည်။

သတင်း

ရှမ်းပြည်နယ်နဲ့မန္တလေး နယ်စပ် နောင်ချိုမြို့နယ်ထဲမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းကလည်း PDF နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

သတင်း

“ထန်တလန်မှာ သူတို့ထောက်ပို့ ပစ္စည်းတွေ စစ်ကူတွေလာပို့တာလို့ ခန့်မှန်းလို့ရတာပေါ့။ မနေ့ကလည်း လုပ်တယ်။ ဒီနေ့လည်းလာသွားတယ်” ဟုဆလိုင်းထက်နီကပြောသည်။