Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CEC အားလုံး နုတ်ထွက်ရန်၊ ခေါင်းဆောင်အချို့အားအရေးယူရန် ကရင်အဖွဲ့များ၏ တောင်းဆိုချက်အပေါ် KNU ပြန်ကြားချက် ထုတ်ပြန်

ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူ့အဖွဲ့အစည်းများက ဖေဖော်ဝါရီ ၂၃ရက်က အိတ်ဖွင့်ပေးစာ တစ်ရပ် ပေးပို့ခဲ့ရာKNU ဗဟိုအလုပ်အမှုဆောင် ကော်မတီတစ်ဖွဲ့လုံး နုတ်ထွက်ပေးရန် တောင်းဆိုထားသည်။

KNU တပ်သားတစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
KNU တပ်သားတစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️အဖွဲ့၏ ဖွဲ့စည်းပုံပြဌာန်းချက်အတိုင်း အရေးယူခြင်းဆောင်ရွက်ရမည်ဟု တုံ့ပြန်

▪️ရာဇဝတ်မှုနှင့် မကင်းသည့်လုပ်ငန်းများလုပ်ဆောင်ခြင်း လက်မခံကြောင်းကြေညာ၊ ယင်းလုပ်ငန်းများတွင် KNUအဖွဲ့ဝင်များ ပါဝင်ထောက်ကူခြင်း မပြုရန်တားမြစ်ထားဟု အသိးပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီ တစ်ဖွဲ့လုံး နုတ်ထွက်ရန် နှင့် KNU ခေါင်းဆောင်ပိုင်းအချို့အား အရေးယူခြင်းပြုလုပ်ရန် ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူ့အဖွဲ့အစည်းများ၏ တောင်းဆိုချက်အပေါ် KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးနှင့် KNU အလုပ်အမှုဆောင်ကော်မတီက ယနေ့ ညပိုင်း၌ ပြန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူ့အဖွဲ့အစည်းများက ဖေဖော်ဝါရီ ၂၃ရက်က အိတ်ဖွင့်ပေးစာ တစ်ရပ် ပေးပို့ခဲ့ရာKNU ဗဟိုအလုပ်အမှုဆောင် ကော်မတီတစ်ဖွဲ့လုံး နုတ်ထွက်ပေးရန် တောင်းဆိုထားသည်။

ထိုသို့ တောင်းဆိုရခြင်းအကြောင်းများအနက် မောထိုတလေးနယ်မြေ၌ ပြုလုပ်သည့် စီမံကိန်းဖွင့်ပွဲသို့ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကာကွယ်ရေးဌာနဌာနမှူး ပဒိုစောရောဂျာခင် တက်ရောက်ခဲ့မှုအား အရေးယူဆောင်ရွက်ခဲ့မှုမရှိခြင်း၊ ရွှေကုက္ကိုလ် မြို့သစ်နှင့်နီးသည့် ဟွမ်ယာမြို့သစ်စီမံကိန်းကို ပဒိုစောရောဂျာခင်မှ ခွင့်ပြုချက် ပေးခဲ့မှုအား အရေးယူဆောင်ရွက်ခဲ့မှုမရှိခြင်း၊KNU၏ မူဝါဒနှင့် ဆန့်ကျင်လုပ်ဆောင်နေသည့် KNU ခေါင်းဆောင်များအား အရေးယူမှု မရှိခြင်း အချက်များ ပါဝင်သည်။

ထို့ပြင် ရန်သူစစ်အာဏာရှင်က ပေးခဲ့သည့် ဂုဏ်ထူးဆောင်ချီးမြှင့်ဆုကို လက်ခံခဲ့သည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နှင့် KNU ဗဟို၏ ဆုံးဖြတ်ချက်နှင့် ညွှန်ကြားမှုကို ဆန့်ကျင်ပြီး စစ်ကောင်စီနှင့် လက်တွဲအလုပ်လုပ်နေသည့် ဗဟိုအမြဲတမ်းကော်မတီဝင် ခေါင်းဆောင်အချို့၏ အပြုအမူများသည် KNU ဗဟိုအလုပ်မှုဆောင်ကော်မတီ နှင့် ဗဟိုအမြဲတမ်း ကော်မတီ နှစ်ရပ်လုံး၏ ကျဆင်းနေသော ခေါင်းဆောင်မှုပြဿနာများအား ပြသနေခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာ၌ ဖော်ပြသည်။

ထို့ကြောင့် ဗဟိုအလုပ်မှုဆောင်ကော်မတီ တစ်ဖွဲ့လုံး မိမိဆန္ဒဖြင့် နုတ်ထွက်ပေးရန်နှင့် နိုင်ငံရေး ဦးဆောင်မှုအကြပ်အတည်းအဖြေရှာနိုင်ရေး ဗဟိုအလုပ်အမှုဆောင်ကော်မတီအသစ် မရွေးကောက်နိုင်မီ ကြားကာလ စီမံခန့်ခွဲရေးအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းရန် တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုချက်များအပေါ် ပဒိုစောတာဒိုမူးက သဘောထား ပြန်ကြားချက် ထုတ်ပြန်ခဲ့ရာ KNU အဖွဲ့ဝင်များ၏ စည်းကမ်းချိုးဖောက်မှုများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အပိုဒ် (၂၀) တွင် ဖော်ပြထားသည့် အပြစ်ပေး အရေးယူခြင်း ပုဒ်မ အရ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။

ယင်းပုဒ်မ၌ မည်ကဲ့သို့ပါရှိသည်ကို မဖော်ပြထား၍ ပဒိုစောတာဒိုမူးထံသို့ ဆက်သွယ်မေးမြန်းရာ အဆက်အသွယ်မရပေ။

KNU၏ တော်လှန်ရေး လမ်းစဉ် လုပ်ငန်းစဉ်ကို လက်ခံယုံကြည်သည့် ကရင်လူမှုအဖွဲ့အစည်းများ အပါအဝင် ပြည်တွင်း ပြည်ပမှ လူပုဂ္ဂိုလ် အဖွဲ့အစည်းများ အားလုံးကို KNU၏ အင်အားများအဖြစ်လည်းမှတ်ယူထားပြီး ပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်လျက်ရှိကြောင်း ပဒိုစောတာဒိုမူးက အကြောင်းပြန်ကြားသည်။

အိတ်ဖွင့်ပေးစာပါ ကိစ္စများကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များအရ ကိုယ်တွယ်ဖြေရှင်းသွားရန် လိုအပ်သည်ဟု ရှုမြင်ကြောင်း သဘောထား ပြန်ကြားခဲ့ပြီး ပေးစာနှင့်ပတ်သက် ၍ လိုအပ်ပါက ပွင့်လင်းရင်းနှီးစွာ တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း အသိပေးထားသည်။

KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီကလည်း ကရင်ပြည်နယ် အတွင်းတရားမဝင် ကာစီနိုလောင်းစကားမြို့သစ် တည်ဆောက်နေခြင်းများနှင့် ပတ်သက်သည့် သဘောထား ထုတ်ပြန်ချက်ကို ယနေ့ ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်၌ KNU ကာကွယ်ရေးဌာန ဌာနမှူး ပဒိုစောရောဂျာခင် က မြို့သစ်စီမံကိန်း အုပ်မြစ်ချပွဲ အခမ်းအနား တက်ရောက်ခဲ့မှုအပေါ် ရှင်းလင်းထားကာ ပဒိုစောရောဂျာခင်အပေါ် ပြည်သူအများက အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဖော်ပြထားသည်။

KNU အနေဖြင့် စီမံကိန်း၌ မည်သို့မျှ ပါဝင်ပတ်သက်ခြင်းမရှိသကဲ့သို့ အခြားသော မည်သည့် တရားမဝင် လောင်းကစားလုပ်ငန်းများ နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ အပါအဝင် အခြားသော ရာဇဝတ်မှုနှင့် မကင်းသည့် လုပ်ငန်းများ ကရင်ပြည်နယ်အတွင်း လုပ်ဆောင်ခြင်းကို လက်မခံကြောင်း အတိအလင်း တရားဝင် ထုတ်ပြန်ကြေညာသည်ဟု အသိပေးခဲ့သည်။

မည်သည့် KNU အစည်းအရုံးဝင် တစ်ဦးတစ်ယောက်ကိုမှ ဤသို့သော ရာဇဝတ်မှုများနှင့် ဆပ်စပ်သည့် စီးပွားရေး လုပ်နငန်းဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်းခြင်း ထောက်ကူခြင်း စသည်တို့ကို ဖြစ်စေသည့် မည်သည့် လုပ်ရပ်မဆိုတွင် ပါဝင်ခြင်းမှ တားမြစ်ထားကြောင်း ထုတ်ပြန်သည်။

ကရင့်မြေပေါ်တွင် ရောက်ရှိလာသည့် မည်သည့် လောင်းကစား လုပ်ငန်းများမဆိုသည် ထူးခြားဆိုးဝါး ပြင်းထန်သော လူမှုဒုက္ခများကို ဆောင်ကြဉ်း ပေးရန်သာရှိပြီး ဒေသတွင်း ရာဇဝတ်မှု ဖြစ်ပွားမှု နှုန်းကို တိုးတက်စေနိုင်ကြောင်းအား အခိုင်အမာယုံကြည်ပြီး ကရင်ပြည်နယ်အတွင်း တရားမဝင် ရာဇဝတ်မှု လုပ်ငန်းများ နှင့် ဆက်နွယ်နေသည့် လောင်းကစား လုပ်ငန်းများ ပပျောက်ရေးကို လိုလားသည်ဟု KNU ဗဟို အလုပ်အမှုဆောင် ကော်မတီက ကြေညာသည်။

KNU အနေဖြင့် ကရင်ပြည်နယ်နှင့် ဒေသတွင်း တရားမဝင် ရာဇဝတ်မှု လုပ်ငန်းများ လောင်းကစားလုပ်ငန်းများ လျော့နည်းပပျောက်ရေး နှင့် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ ထူထောင်ရေး တရားဥပဒေ စိုမိုးရေးတို့အတွက် ပြည်တွင်း ပြည်ပ မည်သည့် အဖွဲ့အစည်းများနှင့်မဆိုတက်ကြွစွာ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

You May Also Like

သတင်း

KNLA၊BPLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် Force for Federal Democracy(FFD) တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

KNUနှင့် စစ်ကောင်စီတပ်တို့ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ထောင်ချီဖြစ်ခဲ့သော်လည်း KNU တပ်မဟာ(၇)နယ်မြေ၌ တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိခဲ့ပေ။

သတင်း

ပဒိုစောအယ်နာဒိုကို မေးမြန်းထားသည့်အင်တာဗျူးကို Salween Pressသတင်းဌာနက ယနေ့ ဖော်ပြခဲ့ရာ ပဒိုစောအယ်နာဒိုကဒေသတွင်းအခြေအနေများနှင့် ပဋပက္ခ ဖြစ်ပွားနေမှုများနှင့်ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

KTLA တပ်သည် KNU တပ်မဟာ(၆)နယ်မြေတွင်လည်း လှုပ်ရှားမှုရှိသော်လည်း တပ်မဟာ(၄) နယ်မြေ၌ သာ တိုက်ပွဲဖြစ်ပွားမှုရှိသည်။