Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ ညနေခင်းသတင်းလွှာ”

ဒီနေ့ (မတ်လ ၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်မှုမှန်သမျှအတွက် တရားမျှတမှု ပြန်လည်ရရှိရေး ဆောင်ရွက်မယ်လို့ NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်မြို့နယ် တာတိုင်ကျေးရွာရှိ ပြည်သူ ၁၇ ဦးကို ရက်စက်စွာအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုအပါအဝင် အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်မှုမှန်သမျှအတွက် တရားမျှတမှု ပြန်လည်ရရှိရေး အလေးအနက်ထားဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနေ့ထုတ်ပြန်ပါတယ်။ တာတိုင်ဖြစ်ရပ်အပါအဝင် မတရားအာဏာလုယူထားတဲ့ ကာလအတွင်း ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်မှု၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်များကို လုယူဖျက်ဆီးမှုအားလုံးကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ NUG အပါအဝင် တော်လှန်ရေးအင်အားစုများ အားလုံးနဲ့ အမြန်ဆုံး ညှိနှိုင်းတိုင်ပင် ကူညီပံ့ပိုးခြင်းအားဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုများ အမြန်ဆုံးအဆုံးသတ်နိုင်ရေး ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

▪️NUG နိုင်ငံခြားရေးဝန်ကြီး ဗြိတိန်၊ အမေရိကန်သို့ သွားရောက်ခဲ့တဲ့ ခရီးစဥ်အကြောင်း အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဖေဖော်ဝါရီလအတွင်း ယူကေနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုသို့ ခရီးစဥ်များ သွားရောက်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်အသိပေးပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဥ်များအတွင်း သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံခြားဝန်ကြီးဌာနများမှ ဝန်ကြီး၊ ဒုဝန်ကြီးနဲ့ အခြားသော တာဝန်ရှိသူများ၊ လွှတ်တော်အမတ်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ယူကေနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုသို့ ဒုတိယအကြိမ် သွားရောက်ခဲ့တာပါ။

▪️KNU ညီလာခံ အွန်လိုင်းက ကျင်းပဖို့ စီစဉ်မှု အဆင်မပြေ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညီလာခံကို မြေပြင်မှာ မျက်နှာစုံညီကျင်းပဖို့ အခက်အခဲ ဖြစ်ပေါ်နေလို့ အွန်လိုင်းမှ ကျင်းပဖို့ ကြိုးပမ်းခဲ့ရာ ကိုယ်စားလှယ်အချို့လက်မခံတာကြောင့် မကျင်းပနိုင်ဘူးလို့ KNU သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ KNU ရဲ့ (၁၇)ကြိမ်မြောက်ညီလာခံကို ဖေဖော်ဝါရီ ၂၇ ရက်မှာ စတင်ကျင်းပခဲ့ပေမယ့် ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းခဲ့ရာ အခက်အခဲ စိန်ခေါ်မှုများ ရှိနေတယ်လို့ သိရပါတယ်။ ညီလာခံ ကျင်းပရေး တိကျတဲ့ အဖြေမရသေးဘဲ ကြားကာလ ခေါင်းဆောင်မှုအတွက် ဦးဆောင်အဖွဲ့ ဖွဲ့စည်းနိုင်ဖွယ်ရှိတယ်လို့ သတင်းရင်းမြစ်က သုံးသပ်ပါတယ်။

(KNU တပ်သားများ စစ်ရေးလေ့ကျင့်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(KNU တပ်သားများ စစ်ရေးလေ့ကျင့်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

▪️ဖားကန့်နယ် ဆယ်ဇင်းဒေသတိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ ဒီနေ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများတယ်လို့ ဆယ်ဇင်းဒေသခံက ပြောပါတယ်။ ဆယ်ဇင်းဒေသ မှန်စိမ်းကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားတဲ့ နေရာသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်လာလို့ တိုက်ပွဲ ပြင်းထန်နေတာလို့ ဆိုပါတယ်။ မနေ့ ညပိုင်းကလည်း ဖားကန့်မြို့နယ် ဆိုင်းတော်(ဆိပ်မူ)ရွာရှိ စစ်ကောင်စီတပ်စခန်းကို KIAနဲ့ PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးပါဘူး။

▪️စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ခင်ဦးနယ်မှာ ကလေးငယ်နှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုနဲ့ လက်နက်​ကြီးကျည်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့တယ််လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ နေ့ခင်းက ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာအနီးတွင် အသက်(၁၂)နှစ်အရွယ် မောင်ချစ်ရင်ထူးဟာ နွားကျောင်းနေရာမှ စစ်ကောင်စီတပ်ထားခဲ့တဲ့ 79 ကျည်ဖူးကို ကောက်ယူခဲ့ရာမှ မတော်တဆ လွတ်ကျ ပေါက်ကွဲမှုဖြစ်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ဒီနေ့မှာလည်း စစ်ကောင်စီတပ် စစ်ကြောင်းရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ခင်ဦးနယ် မုံလှကျေးရွာက (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

▪️ယင်းမာပင်အခြေစိုက် အမိမြေတော်လှန်ရေးစခန်း စီးနင်းဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် အမိမြေတော်လှန်ရေးစခန်း စီးနင်းခံရပြီး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။ မတ်လ ၄ ရက် ညနေပိုင်းက အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ယင်းမာပင်ခရိုင်တပ်ရင်း (၂၇) တပ်ခွဲ(၁) အမိမြေတော်လှန်ရေးတပ်ဖွဲ့ စခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တာပါ။ ဒါပေမဲ့ ပြည်သူ့ရဲဘော်များ စခန်းစွန့်ခွာချိန်မှာ ထောင်ထားခဲ့တဲ့ မိုင်းကြောင့် စစ်အုပ်စု အထိအခိုက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးရဲဘော်များနဲ့ လက်နက်ခဲယမ်းများ ဆုံးရှုံးမှုမရှိခဲ့ပေမယ့် စခန်းရဲ့ အသုံးအဆောင်ပစ္စည်းများနဲ့ စားနပ်ရိက္ခာများ ဆုံးရှုံးခဲ့ရတယ်လို့ အမိမြေတော်လှန်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

▪️ကသာမှာ စစ်ကောင်စီတပ်ပစ်ထားတဲ့ လက်နက်ကြီးကျည် ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ကသာမြို့နယ် ပျဉ်ထောင်လေးကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ထားတဲ့ လက်နက်ကြီးကျည်တစ်လုံး မနေ့က ပေါက်ကွဲမှုဖြစ်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ မနေ့ မနက်က ပျဉ်ထောင်လေးကျေးရွာမှ အမျိုးသမီးနှစ်ဦးဟာ ဇီးသီးခူးဖို့ ခြုံရှင်းစဉ် (၆၀)မမကျည်ဖူးကို ဓားနဲ့ခုတ်မိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးကိုလည်း အရေးပေါ်ကုသနေရဆဲလို့ သိရပါတယ်။

▪️ရေနံချောင်းရဲစခန်းကို အဝေးထိန်းမိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်

မကွေးတိုင်း ရေနံချောင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရေနံချောင်းမြို့မရဲစခန်းကို အဝေးထိန်းမိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ People’s Defense Force – Yanangyaungက ပြောပါတယ်။ မနေ့ ညပိုင်းက ရေနံချောင်းမြို့မရဲစခန်းကို မကွေးခရိုင် PDF တပ်ရင်း (၂)၊ တပ်ခွဲ (၁)၊ PDF – Yanangyaung ၊ Yanangyaung Local People’s Defense Force(ဖေကံကောင်းအဖွဲ့)တို့ပူးပေါင်းပြီး စခန်းနဲ့ အနီးဆုံးနေရာအထိ သွားရောက်ကာ အဝေးထိန်းမိုင်းများနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်ချိန်မှာ မြို့မရဲစခန်းအတွင်း စစ်ကောင်စီ​ရဲ့ ရဲတပ်ဖွဲ့ဝင် ၃၀ ဦးခန့်ရှိနေပြီး ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိနိုင်ပေမယ့် အသေးစိပ်အခြေအနေကို မသိရသေးဘူးလို့ ပြောပါတယ်။

(ပြည်သူ့ရဲဘော်များ တိုက်ခိုက်ခဲ့သည့် ရေနံချောင်းမြို့မရဲစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ပြည်သူ့ရဲဘော်များ တိုက်ခိုက်ခဲ့သည့် ရေနံချောင်းမြို့မရဲစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

You May Also Like