Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ ညနေခင်းသတင်းလွှာ”

ဒီနေ့ (မတ်လ ၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎တိုင်းနဲ့ပြည်နယ် ၈ ခုသို့ ခရီးသွားလာခြင်းမပြုဖို့ ဗြိတိန်တားမြစ်

ဗြိတိန်ဟာ သူ့နိုင်ငံသားများကို မွန်၊ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်ပြည် နယ်မြောက်ပိုင်းသို့ သွားရောက်ခြင်းမပြုဖို့ မနေ့က တားမြစ်ထုတ်ပြန်ပါတယ်။ ဗြိတိန်ရဲ့ နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးမှုဌာန(FCDO)က အဲဒီဒေသများသို့ ခရီးသွားလာခြင်းမပြုဖို့ တားမြစ်ထားပြီး မဖြစ်မနေခရီးသွားလာရမည်ဆိုပါက ရှမ်းပြည်နယ်၊ မန္တလေးနဲ့ တနသ်ာရီတိုင်း၊ ရခိုင်ပြည်နယ် အလယ်ပိုင်းတို့ကို ခွင့်ပြုထားပါတယ်။ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေဟာ ခန့်မှန်းလို့မရဘဲ ကြိုတင်အသိပေးချက်မရှိ ပြောင်းလဲထုတ်ပြန်မှုများရှိတယ်လို့ FCDO က ဖော်ပြပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းချိန်ကစလို့ ပစ်ခတ်မှုများ၊ ဖောက်ခွဲတိုက်ခိုက်မှုများအပါအဝင် နိုင်ငံတဝန်းမှာ ပဋိပက္ခများ၊ ထင်ရှားတဲ့ အကြမ်းဖက်မှုများဖြစ်ပေါ်နေခဲ့တယ်လို့ ဆိုပါတယ်။

▪︎လူထုဆီမှ တရားမျှတစွာ၊ ကြောင်းကျိုးဆီလျော်စွာ အခွန်ကောက်ဖို့ ယာယီသမ္မတ ပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ ပြည်သူလူထုထံမှ အခွန်ကောက်ခံရာမှာ တရားမျှတခြင်းနဲ့ ကြောင်းကျိုးဆီလျော်ခြင်းကို အခြေခံမူအဖြစ် ထားရမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက မှာကြားပါတယ်။ ဒီနေ့ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုအခွန်ကောက်ဥပဒေ အတည်ပြုဖို့နဲ့ပတ်သက်လို့ ယာယီသမ္မတက လမ်းညွှန်ခဲ့တာပါ။ NUG အခွန်ကောက်ဥပဒေဟာ အခွန်ထမ်းပြည်သူလူထုကို အလွန်အမင်း ဝန်ပိစေတာမျိုး အထူး ရှောင်ကြဉ်ဖို့နဲ့ လက်နက်ပြပြီး အခွန်ကောက်တာမျိုးမလုပ်ဖို့လည်း တိုက်တွန်းပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလ
ယာယီသမ္မတ ဒူဝါလရှီးလ

▪︎ထန်တလန်တပ်ကုန်း ရိက္ခာလာပို့တဲ့ ရဟတ်ယာဉ်ကို ချင်းတပ်ဖွဲ့ ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်

ချင်းပြည်နယ် ထန်တလန်မြို့ စစ်ကောင်စီတပ်စွဲရာ တပ်ကုန်းသို့ စစ်ကောင်စီတပ် ရဟတ်ယာဉ် ရိက္ခာလာပို့စဉ် ချင်းပူးပေါင်းတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီရဟတ်ယာဉ် မီးခိုးတလူလူနဲ့ ပြန်လည်ထွက်ခွာသွားတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။ မတ်လ ၃ ရက် ညနေပိုင်းက စစ်ကောင်စီ ရဟတ်ယာဉ် ထပ်မံတိုက်ခိုက်ခံရပြီး မီးခိုးတလူလူနဲ့ ဟားခါးဘက်ပြန်သွားတယ်လို့ The Chin Journalက ဖော်ပြပါ တယ်။ ဒါ့အပြင် ရဟတ်ယာဉ်ပေါ်မှ ချထားတဲ့ ပစ္စည်းအချို့လည်း မီးလောင်မှုရှိခဲ့တယ်လို့ ဆလိုင်းထက်နီက ဆိုပါတယ်။

▪︎ကလေးမှ ချင်းပြည်သို့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့စစ်ကောင်စီတပ်များ ဝင်ရောက်လာတာကြောင့် တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)-ဇိုလဲန်း(Zoland)က ဒီနေ့ အသိပေးပါတယ်။ စစ်ကောင်စီတပ်ဟာ ကလေး-သိုင်းငင်း-တီးတိန်လမ်းမကို အသုံးပြုလာခြင်းကြောင့် အဲဒီလမ်းမကြီးပေါ်မှာ အချိန်မရွေး တိုက်ပွဲများဖြစ်လာနိုင်တယ်လို့ PDF-Zolandက ထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် မိဘပြည်သူများအနေနဲ့ အဲဒီလမ်းမကြီးပေါ်မှာ ခရီးသွားလာခြင်း၊ တောထွက်ခြင်းမပြုဖို့လည်း အသိပေးထားပါတယ်။

(ကရင်ပြည်နယ် ၊​လေး​ကေ့​ကော်မြို့သစ်ကို ၂၀၂၁ ဒီဇင်ဘာလကစစ်​ကြောင်းထိုးဝင်​ရောက်ခဲ့စဥ်က စစ်သားအချို့။ ဓါတ်ပုံ-CJ)
(ကရင်ပြည်နယ် ၊​လေး​ကေ့​ကော်မြို့သစ်ကို ၂၀၂၁ ဒီဇင်ဘာလကစစ်​ကြောင်းထိုးဝင်​ရောက်ခဲ့စဥ်က စစ်သားအချို့။ ဓါတ်ပုံ-CJ)

▪︎ရေစကြိုမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့တယ်လို့ Myingyan Black Tiger(MBT) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါ တယ်။ မနေ့ မနက်ပိုင်းက ရေစကြိုမြို့၊ အမှတ်(၁) ထင်းတန်းရပ်ကွက်၊မီးကင်းလမ်းဆုံမှာ Myingyan Black Tiger(MBT) ရဲဘော်များ စောင့်ဆိုင်းနေစဥ် ရုံးပေါင်းစုံနဲ့ ဆေးရုံကြီးမှာ ရှိတဲ့ စစ်ကောင်စီတပ်သားများက အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းသုံးခုခွဲ ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။အဲဒီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက တပ်တွင်းသတင်းရင်းမြစ်ကို ကိုးကားပြောဆိုပါတယ်။

▪︎ခင်ဦးနယ် ကလုံရွာကိုအကြမ်းဖက်စစ်အုပ်စုမီးတင်ရှို့နေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကလုံကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေပြီး အသက်(၉၀) ကျော် စစ်ဘေးရှောင် အဘွားအိုတစ်ဦး အအေးမိသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ မနေ့က ရေဦးမြို့နယ် အောင်သာယာ ပျူစောထီးကျေးရွာမှ ခင်ဦးမြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ညပိုင်းမှာ ကလုံကျေးရွာမှာ ညအိပ်ကာ ဒီနေ့ မနက်ပိုင်းမှာ ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံများက ပြောပါတယ်။ စစ် ကြောင်းရန်ကြောင့် သရက်ကုန်းကျေးရွာမှ အသက်(၉၀)ကျော် အဖွားအိုတစ်ဦးဟာ စစ်ရှောင်ရင်း အအေးမိကာ ဒီနေနံနက်ပိုင်းမှာပဲ သေဆုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ စစ်ရှောင်ပြည်သူများထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေး သူငယ်များစွာ ပါဝင်နေပြီး အရေးပေါ်အကူအညီများ လိုအပ်နေတယ်လို့ သိရပါတယ်။

▪︎မုံရွာအခြေစိုက်PDF သုံးဖွဲ့ပေါင်းပြီးဒေသတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်း

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)သုံးဖွဲ့ပေါင်းပြီး မုံရွာ​​ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု Monywa Local Revolution Union (MLRU)ကို ဖွဲ့စည်းလိုက်တယ်လို့ Special Force-11 (PDF) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးအတွက် တော်လှန်ရေးအဖွဲ့အစည်းများ၊ LPDFများ စုပေါင်းချိတ်ဆက် လှုပ်ရှားနိုင်ဖို့ ညီညွတ်သော တပ်ပေါင်းစုတစ်ခုရှိရန် လိုအပ်နေပြီလို့ Special Force-11 (PDF) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မုံရွာနယ်အတွင်းရှိ စစ်ရေး နိုင်ငံရေးအခြေအနေဟာ ​ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများအကြား သဟဇာတဖြစ်တဲ့ အနေအထားတစ်ရပ်အထိ ပေါင်းစပ်ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ဖို့ အထူးလိုအပ်နေတာတွေ့ရတယ်လို့ ဆက်ပြောပါတယ်။ တပ်ပေါင်းစုကို Special Force-11 (PDF)၊ Brave Heart Army (BHA)၊ Monywa Special ဒိတ်ဒိတ်ကြဲ (PDF)တို့နဲ့ ဖွဲ့စည်းခဲ့တာပါ။

▪︎ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးလောင်ကျွမ်းမှုအပေါ် အနက်ရှိုင်းဆုံးစာနာမှုနဲ့ စည်းလုံးညီညွတ်မှုတို့ကို NUG ဖော်ပြ

ဘဂ်လားဒေ့ရှ် Cox’s Bazar ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မတ်လ ၅ ရက်က မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခံစားခဲ့ကြရတဲ့ ရိုဟင်ဂျာအိမ်ထောင်စုများအတွက် အနက်ရှိုင်းဆုံးစာနာမှုနဲ့ စည်းလုံးညီညွတ်မှု တို့ကို ဖော်ပြအပ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။ အမျိုးသားညီ ညွတ်ရေးအစိုးရဟာ UNHCR၊ နိုင်ငံတကာမိတ်ဖက်များ၊ ဒေသခံရိုဟင်ဂျာအဖွဲ့အစည်းများနဲ့အတူ ထိခိုက်ခံစားခဲ့ရတဲ့ အိမ်ထောင်စုများအတွက် အကူအညီများပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ တိုင်းပြည်ရဲ့ အညာဒေသမှာလည်း နေ့စဉ်လိုလို ရွာမီးရှို့ခံရတဲ့ သတင်းတွေကလည်း ကြားသိနေရလို့ အတော်ဝမ်းနည်းမိပြီး လူသားဆန်တဲ့ စိတ်မှာ လူသားတွေ ဒုက္ခနဲ့ ကြုံတဲ့အခါ စိတ်ထဲ ထိခိုက်ခံစားရတာ အမှန်ပဲလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။

You May Also Like