Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ ညနေခင်းသတင်း”

ဒီနေ့ (မတ်လ ၁၅ ရက်)ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်ကောင်စီထံ နိုင်ငံရေးပါတီမှတ်ပုံတင်တဲ့လုပ်ရပ် လူထုဆန္ဒကိုဆန့်ကျင်နေတယ်လို့ NUG ကြေညာ

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီမှတ်ပုံတင်သူတွေဟာ လူထုရဲ့ဆန္ဒကို ဆန့်ကျင်ရာရောက်သလို လူထုအပေါ် စစ်ကောင်စီရဲ့ဖိနှိပ်သတ်ဖြတ်မှု တွေကို အားပေးရာ ရောက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။ တရားမဝင်တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီမှတ်ပုံတင်တဲ့ လုပ်ရပ်ဟာ စစ်အုပ်စုရဲ့ဖြစ်တည်မှုကို အတိအလင်းလက်ခံတာဖြစ်တယ်လို့လည်း NUG ကဆိုပါတယ်။ ဒါဟာ စစ်အုပ်စုအလိုကျ လိုက်ပါအသုံးတော်ခံတဲ့ လုပ်ရပ်ဖြစ်ပြီး စစ်အုပ်စုကိုအားပေးအားမြှောက်ပြုရာလည်းရောက်တယ်လို့ NUG က အသိပေးပါတယ်။ စစ်အုပ်စုအနေနဲ့ တရားမဝင် ရွေးကောက်ပွဲကို လူထုဆန္ဒနဲ့ဆန့်ကျင်ပြီး အတင်းအကျပ်ပြုလုပ်လို့ အဲဒီရွေးကောက်ပွဲတွေကနေ ထွက်ပေါ်လာမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ၊ လွှတ်တော်တွေဟာ လူထုကို ကိုယ်စားပြုမှာ မဟုတ်ဘဲ စစ်အုပ်စုရဲ့ ရုပ်သေးတွေသာဖြစ်မယ်လို့ NUG က ထုတ်ပြန်ပါတယ်။

▪︎ဖားကန့်မှ KIA အရာရှိတစ်ဦးအိမ်ကို စစ်တပ်စီးနင်း

ကချင်ပြည်နယ် ဖားကန့်မှာ KIAတပ်ရင်း(၆) ဒုတိုက်နယ်မှူးတန်ဆန်းရဲ့ နေအိမ်ကို ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ဝင်​ရောက်စီးနင်းခဲ့ရာ ​နေအိမ်ရှိပြည်သူငါးဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒုတိယတိုက်နယ်မှုး တန်ဆန်းကို ဖမ်းဆီးနိုင်ခြင်းမရှိဘဲ နေအိမ်ရှိ ကချင်တိုင်းရင်းသားငါးဦးကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဖမ်းဆီးခံရသူများမှာ ကိုဒွဲဂျာ၊ ကိုလအောင်၊ နော်လီ၊ ဂွမ်ထန်နော်အောင်၊ ဆွတ်လွတ်နော်လတ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

(ဖားကန့်မြို့နယ်မှ ​မှော်လှည့်သပိတ်က စစ်​ကောင်စီကိုဆန့်ကျင်​ကြောင်း ၊KIA၊NUG နှင့်​တော်လှန်​ရေးအင်အားစုများကို​ထောက်ခံ​ကြောင်း ၊တိုက်ပွဲအရှိန်မြှင့်ရန် ​ဖေ​ဖော်ဝါရီ လလယ်ကဆန္ဒထုတ်​ဖော်ခဲ့ကြစဥ်။ဓါတ်ပုံ-ဖားကန့်ပင်မသပိတ်)
(ဖားကန့်မြို့နယ်မှ ​မှော်လှည့်သပိတ်က စစ်​ကောင်စီကိုဆန့်ကျင်​ကြောင်း ၊KIA၊NUG နှင့်​တော်လှန်​ရေးအင်အားစုများကို​ထောက်ခံ​ကြောင်း ၊တိုက်ပွဲအရှိန်မြှင့်ရန် ​ဖေ​ဖော်ဝါရီ လလယ်ကဆန္ဒထုတ်​ဖော်ခဲ့ကြစဥ်။ဓါတ်ပုံ-ဖားကန့်ပင်မသပိတ်)

▪︎ကရင်နီ​ပြည် သုံးရက်တာတိုက်ပွဲအတွင်း စစ်သား ၂၉ ဦး​သေဆုံး၊ စစ်သုံ့ပန်း ၆ ဦးဖမ်းမိ

ကရင်နီပြည်နယ် သုံးရက်တာ တိုက်ပွဲအတွင်းစစ် ကောင်စီတပ်သား ၂၉ ဦး သေဆုံးကာ ၆ ဦးကို အရှမ်းဖမ်းမိပြီး လက်နက်နဲ့ ခဲယမ်းများစွာသိမ်းဆည်းရရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီနေ့ထုတ်ပြန်ပါတယ်။ ဖယ်ခုံမြို့နယ် တိုက်ပွဲမှာ စစ်သား ၂၄ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ လွိုင်ကော်မြို့နယ်တိုက်ပွဲမှာ စစ်သား ၄ ဦး သေဆုံးခဲ့သလို့ ဒီမော့ဆိုအရှေ့ခြမ်းမှာ တပ်မ ၆၆ ကင်းထောက်တစ်ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

▪︎PNO/PNA ပြည်သူ့စစ်လုပ်ဆောင်ချက် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုများကို အားပေးခွင့်ပြုဟုပအိုဝ်းအရပ်ဘက်အဖွဲ့များ ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNO/PNA ပြည်သူ့စစ်ရဲ့ လုပ်ဆောင်ချက်တွေဟာ အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု၊ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုများကို အားပေးအားမြှောက်တဲ့ လုပ်ရပ်ဖြစ်ပြီး ဆက်လက်ကျူးလွန်ခွင့်ပေးတဲ့ လုပ်ရပ်များဖြစ်တယ်လို့ ပအိုဝ်းအရပ်ဘက်လူမှုအဖွဲ့အစည်းများက ထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၁၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ပအိုဝ်းဒေသ နမ်းနိန်းရွာမှ သံဃာတော်သုံးပါးအပါအဝင် အရပ်သားပြည်သူများအပေါ် စစ်ကောင်စီတပ်က အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်အပေါ် ပအိုဝ်းအရပ်ဘက်အဖွဲ့များက မနေ့က က သဘောထားထုတ်ပြန်ခဲ့တာပါ။ နမ်းနိန်းရွာ ပြည်သူများ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခံရခြင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ အကြမ်းဖက် စစ်တပ်မှ တိုင်းရင်းသားလူမျိုးအချင်းချင်းကြား လူမျိုးရေး ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ ပအိုဝ်းအရပ်ဘက်အဖွဲ့များက ဆိုပါတယ်။

▪︎မတူပီ-မင်းတပ်လမ်းကို အသုံးမပြုကြဖို့ ပြည်သူများကို CDF အသိပေး

မကွေးတိုင်း ပခုက္ကူမြို့မှ ချင်းတောင်ဘက်သို့ စစ်ကောင်စီကား အစီးရေ ၈၀ ထွက်ခွာလာနေတာကြောင့် မတူပီ-မင်းတပ်လမ်းမကြီးကို အသုံးမပြုကြဖို့ မတူပီချင်းကာကွယ်ရေးတပ်(CDF)က ပြည်သူများကို အသိပေး ထုတ်ပြန်ပါတယ်။ မတူပီမြို့နယ် ထယ်ဘွေးတပ်စခန်းမှ စစ်ကောင်စီတပ်သားများဟာ မတူပီ-ပလက်၀ လမ်းအတိုင်း ပြန်လည်ထွက်ခွာလာပြီဖြစ်လို့ မတူပီ-ပလက်၀လမ်းနဲ့ မတူပီ-ဘွေရားလမ်းများကို မတူပီ CDFရဲ့ ခွင့်ပြုချက်မပါဘဲ အသုံးမပြုဖို့လည်း အသိပေးထားပါတယ်။ ပခုက္ကူမှ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ယာဉ်အစီး ၈၀ အနက် အစီး ၂၀ ကျော်ဟာ ထီးလင်းဘက် ထွက်ခွာသွားပြီး အစီးရေ ၅၀ ကျော်ဟာ ကျောက်ထုနယ်မှာပဲ ရှိနေသေးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

▪︎မင်းတုန်းမြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်နှစ်ခုကို ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း မင်းတုန်းမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှစ်ခုကို မဟာမိတ်ညီနောင်များနဲ့ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် PDF တပ်ရင်း (၄)Eagle Forceက ပြောပါတယ်။ မနေ့ မနက်ပိုင်းက မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းရှိ (၅)မိုင်စစ် ဆေးရေးဂိတ်ကို တပ်ရင်း (၄)Eagle Force နဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားလက်ရုံးတပ် (S.A.F)တို့ ပူးပေါင်းပြီး (၄၀) မမဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အလားတူ မင်းတုန်းမြို့ စပါးတန်းကျေးရွာမှာ အထိုင်ချထားတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်ကိုလည်း ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးချကာ တပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း(၄)တာဝန်ရှိသူက ပြောပါတယ်။

▪︎ဒုဌဝတီတော်လှန်ရေးအင်အားစုမှရဲဘော်ငါးဦးဖမ်းဆီးခံရ

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီက အင်အား အလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဒုဌဝတီတော်လှန်ရေးအင်အားစုမှ ရဲဘော်ငါးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မန္တလေးအခြေစိုက် အဖွဲ့တစ်ဖွဲ့မှရဲဘော်တစ်ဦးက ပြောပါတယ်။ မနေ့ညက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ Faw ကား ငါးစီးနဲ့ရောက်ရှိလာကာ ဘုန်းကြီးကျောင်း အနီးရှိအိမ်များကို စစ်ဆေးပြီး အိမ်ငှားနေတဲ့ မိသားစု ငါးဦးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ဒုဌဝတီတော်လှန်ရေးအင်အားစုမှ ရဲဘော်များဖြစ်တာကြောင့် တော်လှန်ရေးအင်အားစုများအနေနဲ့ ယင်းအဖွဲ့ရဲ့ ဖေ့စ်ဘုတ်ကို ဆက်သွယ်ခြင်းမပြုဖို့ ရဲဘော်တစ်ဦးက အသိပေးပါတယ်။

▪︎မြောင်နယ်လူသတ်မီးရှို့နေတဲ့စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ငါးဦးသေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကြောင်းထိုးသတ်ဖြတ် မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကိို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးတယ်လို့ Myaung Special People Defense Force အဖွဲ့ တာဝန်ခံက ပြောပါတယ်။ မတ်လ ၁၃ ရက် ညနေပိုင်းက အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို မြောင်မြို့နယ်၊ နေပူကုန်းနဲ့ နဂါးပေါက်ကြားမှာ မိုင်းရှစ်လုံး၊ သုံးပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးနေရာမှာ သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိတယ်လို့ MSPDF တာ၀န်ရှိသူက ရှင်းပြပါတယ်။

You May Also Like