Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သင်္ကြန်တွင် ဒီဂျေများပါဝင်ပါက စစ်ကောင်စီဘက်တော်သားဟု သတ်မှတ်အရေးယူမည်ဟု Dark Shadow သတိပေး

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ရန်ကုန်အပါအဝင် မြို့ကြီးများ၌ သင်္ကြန်မဏ္ဍပ်များဆောက် လုပ်၍ တိုင်းပြည်အေးချမ်းသည့်ပုံစံပြသနိုင်ရန် ကြိုးပမ်းနေသည်။

(ယမန်နှစ်က စစ်ကောင်စီ​၏ ရန်ကုန်မြို့တော်မဏ္ဏပ်အနီး ဖောက်ခွဲသတိပေးမှုပြုလုပ်စဉ်။ ဓာတ်ပုံ - CJ)
(ယမန်နှစ်က စစ်ကောင်စီ​၏ ရန်ကုန်မြို့တော်မဏ္ဏပ်အနီး ဖောက်ခွဲသတိပေးမှုပြုလုပ်စဉ်။ ဓာတ်ပုံ - CJ)

Rangoon Water Festival အပါအဝင် သင်္ကြန်ပွဲတော် အနေဖြင့် ပြုလုပ်မည့် ပျော်ပွဲ၊ရွှင်ပွဲများတွင် ပြည်တွင်းမှ ဒီဂျေများပါဝင်ခြင်းမပြုရန်နှင့် ပါဝင်ပါက စစ်ကောင်စီဘက်တော်သားဟု သတ်မှတ် အရေးယူမည်ဟု Dark Shadow (YGN UG)က သတိပေးလိုက်သည်။

“ လူတွေရဲ့စားဝတ်နေရေးကြောင့် အလုပ်လုပ်ရတာနားလည်ပါတယ်။ဒါပေမဲ့ ဒီပွဲကသင်္ကြန်ဗျ။ ဒီလိုချိန်မှာသူတို့ ပါဝင်ရင် သူတို့က စားဝတ်နေရေးကြောင့်မဟုတ်တော့ဘူး။ဒါက စကစဘက်ကဖြစ်စေချင်တဲ့ အတုယောင်ပျော်ပွဲ၊ရွှင်ပွဲကို ပါဝင် ပူးပေါင်းတာနဲ့အတူတူပဲ” ဟု Dark Shadow အဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်စီဂျီ(CG)ကပြောသည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ရန်ကုန်အပါအဝင် မြို့ကြီးများ၌ သင်္ကြန်မဏ္ဍပ်များဆောက် လုပ်၍ တိုင်းပြည်အေးချမ်းသည့်ပုံစံပြသနိုင်ရန် ကြိုးပမ်းနေသည်။

ထို့ပြင် ယခုနှစ်တွင် နိုင်ငံတကာမှ ဒီဂျေများပါဝင်မည့် သင်္ကြန်ပွဲတော်များ ပြုလုပ်ရန်စီစဉ်နေခြင်းဖြစ်ပြီး နိုင်ငံတကာမှ နာမည်ကြီး ဒီဂျေများကို တော်လှန်ရေး အင်အားစုများက သင်္ကြန်ပွဲတော်များတွင် လာရောက်ဖျော်ဖြေခြင်းမပြုရန် အွန်လိုင်းပလက်ဖောင်းများမှ တောင်းဆိုထားသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် Rangoon Water Festival တွင် ပါဝင်မည်ဟု ကြေငြာထားသည့် Local Headliners များဖြစ်သော (EDGE • E11ven11 • Dj Rush • S Logic • Glan • Mike Haider • Tempo • Zam) စသည့် local Djများ နှင့် အခြားပွဲများတွင် ပါဝင်မည့် Local Headliners များအနေဖြင့် ယင်းပွဲများတွင် ပါဝင်ဖျော်ဖြေခြင်းမပြုရန် Dark Shadow (YGN UG)က တောင်းဆိုခြင်းဖြစ်သည်။

“ ကျွန်တော်တို့မှာ ပွဲ Infoရော ပါဝင်တဲ့သူတွေရဲ့ Data တွေရောရှိပါတယ်။သတိပေးတဲ့ကြားက ဆက်လုပ်ဆောင်ရင် ကျွန်တော်တို့ကလည်း ကျွန်တော်တို့လုပ်ဆောင်ချက်အတိုင်းပဲဆက်လုပ် သွားမှာပါ။ပြည်သူတွေကိုအများကြီးကြည့်ခဲ့ပါတယ်။ မထိခိုက်အောင်။ အခုက ကျွန်တော်တို့မေတ္တာရပ်ခံချက်ကိုလက်မခံဘူးဆို ကျွန်တောါတို့ကလည်း ထိရောက်တဲ့ လုပ်ဆောင်ချက်မျိုးနဲ့သတိပေးသွားမှာပါ” ဟု ရဲဘော်စီဂျေက ပြောသည်။

Dark Shadow အဖွဲ့အနေဖြင့် ယခင်နှစ်ကလည်း မြို့တော်ခန်းမရှေ့၌ ဆောက်လုပ်ထားသည့် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ကို ဖောက်ခွဲမှုပြုလုပ်ခဲ့သလို ယခုနှစ်သင်္ကြန်ပျော်ပွဲကိုလည်း လုံးဝလက်မခံကြောင်းနှင့် သင်္ကြန် ကာလတွင်ပြုလုပ်မည့် ပျော်ပွဲ၊ရွှင်ပွဲများကို တားဆီးမည်ဟု ၎င်းက ဆိုသည်။

“ တိုင်းပြည်က သွေးချောင်းစီးနေပါတယ်။တချို့ကနေစရာအိမ်မရှိတော့ဘူး။ စားစရာမရှိတော့ဘူး ။ဒီလိုအခြေနေမျိုးမှာ ပျော်ပွဲရွှင်ပွဲတွေမှာမပါဝင်ခြင်းဖြင့် လူသားခြင်းစာနာထောက်ထားပေးပါလို့ ပြောချင်ပါတယ်” ဟု ရဲဘော်စီဂျေက ပြည်သူများကို မေတ္တာရပ်ခံစကား ပြောသည်။

သန်လျင်မြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးက “ အခုလို စကစကပြုလုပ်တဲ့ အတုအယောင်ပွဲတွေမှာ ဖျော်ဖြေနေတဲ့ အနုပညာအမည်ခံသမားတွေကို အရေးယူသင့်ပါတယ်။ တော်လှန်ရေးကြီးအောင်တဲ့အချိန်ကျရင် အကြမ်းဖက်အားပေးအဖြစ် အရေးယူဖို့ကိုလည်း NUG ကိုတိုက်တွန်းအပ်ပါတယ်” ဟု ပြောသည်။

“ အကြမ်းဖက် စစ်ကောင်စီဟာ အာဏာရှင်ပီပီ တိုင်းပြည်ရဲ့အနာဂတ်ကို အမှောင်ဖုံးထားပြီး၊ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ရက်ရက် စက်စက် သတ်ဖြတ်နေတာဖြစ်တယ်ဗျ။ သူတို့ အာဏာရှင် လူတစ်စုရဲ့ကိုယ်ကျိုးကိုပဲကြည့်ပြီးတိုင်းပြည်ရဲ့ဘဝပေါင်းများစွာကို ချနင်းနေတာလဲ ဖြစ်တယ်။ပြည်သူတွေအနေနဲ့ ရန်ငါ ပြတ်စေချင်တယ်။ စစ်ကောင်စီက ကျင်းပပြုလုပ်မဲ့ မည်သည့်ပျော်ပွဲ၊ရွှင်ပွဲကိုမဆို ကျွန်တော်တို့အနေနဲ့ ပြတ်ပြတ်သားသား boycottဖို့ လိုမယ်ခင်ဗျာ။” ဟု လှိုင်သာယာမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ယခုနှစ်အတွင်း ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်မှုများပိုမိုလုပ်ဆောင်နေချိန်တွင် သင်္ကြန်ပွဲတော်အကြောင်းပြကာ ပျော်ပွဲ၊ရွှင်ပွဲပြုလုပ်ရန် စီစဉ်နေမှုအပေါ် ပြည်သူများပူးပေါင်းပါဝင်ခြင်းမပြုလုပ်ရန် တော်လှန်ရေးအင်အားစုများကလည်း သတိပေးမှုများပြုလုပ်ထားသည်။

You May Also Like

သတင်း

"စာရင်းထဲ ပါတဲ့သူက အထဲမှာ အနေအစား ချောင်မယ်။ပြီးတော့ လွတ်ငြိမ်းထိ မျှော်လို့ရတယ်ဆိုတာမျိုး ပြောနေတာ"ဟု စစ်ကောင်စီ၏ တရားစွဲဆိုခံထားရသည့် အမျိုးသမီး တစ်ဦးက​ပြောသည်။

သတင်း

NUG အစိုးရအနေနဲ့တော့ စစ်အုပ်စုလက်အောက်ခံအဖွဲ့တွေ ၊ အလိုတူအလိုပါအဖွဲ့တွေ ၊ အားပေးအားမြှောက်လုပ်နေတဲ့ အဖွဲ့အစည်းတွေကို အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်ကတဆင့် သတိပေးတာတွေ့ရပါတယ်။

သတင်း

ပြည်သူများအနေဖြင့် ခိုင်လုံသည့်သတင်းအရင်းအမြစ်များမှ တစ်ဆင့် သတင်းအချက်အလက် များကို စောင့်ကြည့်လေ့လာသုံးသပ်မှုလုပ်ဆောင်ရန်လည်း တိုက်တွန်းထားသည်။

သတင်း

စစ်ကောင်စီတပ်သည် ယခင်ကလည်း ဒေသအသီးသီးရှိ ပြည်သူလူထုများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လူထုကို ပစ်မှတ်ထားပြီး လက်နက်ကြီး တိုက်လေယာဉ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ ကျူးလွန်ခဲ့သည်။