▪︎ပါတီ မူဝါဒအရ အာဏာရှင်နှင့် မပူးပေါင်း၊ ဆက်သွယ်မှုမရှိ၊ တွေ့ဆုံခြင်းမပြုဟု အသိပေး
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်မှု မပြုသကဲ့သို့ ပါတီမှတ်ပုံတင်ခြင်းပြုလုပ်မည်မဟုတ်ကြောင်း ALD ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။
ALD၏ မိတ်ဆွေပါတီ တစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)ကလည်း စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီ မှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်ထားသည်။ ALD အနေဖြင့်လည်း ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ဦးမျိုးကျော်က ပြောသည်။
“ကျနော်တို့ ပါတီက အစောကြီးကတည်းက ရွေးကောက်ပွဲ ပြန်ပြီးမှတ်ပုံမတင်ဘူးဆိုတာကို ပြောထားတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ရက် ဗဟိုကော်မတီအစည်းအဝေးမှာတော့ ဗဟိုကော်မတီတွေ၊ မြို့နယ်ခေါင်းဆောင်တွေ တက်ပြီး ဆုံးဖြတ်ချက် ထပ်ပြီးချတယ်” ဟု ဦးမျိုးကျော်က ပြောသည်။
ပါတီ မူဝါဒအရ စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်နှင့်မှ မပူးပေါင်းဆိုသည့် မူဝါဒရှိကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့က အဲဒီ မူဝါဒအပေါ်မှာပဲရပ်တည်တယ်။ အဲဒါကြောင့် ဒီစစ်အာဏာသိမ်းပြီးကတည်းက ကျနော်တို့က အာဏာသိမ်း အစိုးရနဲ့ ပတ်သက်လို့ ဘာမှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း ဘာမှ လုပ်ကိုင်ထားတာမရှိပါဘူး” ဟု ဦးမျိုးကျော်က ပြောသည်။
စစ်ကောင်စီက ပါတီ မှတ်ပုံတင်ခြင်းကို အတွက် ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားပြီး ယင်းကာလအတွင်း မှတ်ပုံမတက်ပါက ပါတီအလိုအလျောက် ပျက်ပြယ်ကြောင်း ထုတ်ပြန်ထားရာ ဦးမျိုးကျော်က ယင်းသို့ အခြေအနေမျိုးကြုံရပါက ၎င်းတို့အတွက် မဆန်းကြောင်း၊ ၁၉၉၀ ကာလကလည်း ၎င်းတို့ ပါတီအနေဖြင့် ဖျက်သိမ်းခံရမှု ကြုံရကြောင်း ဦးမျိုးကျော်က ပြောသည်။
၁၉၈၉ ခုနှစ်၊စက်တင်ဘာ ၂၇ တွင်စတင်တည်ထောင်ခဲ့သော ALD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် လွှတ်တော်နေရာ ၁၁ နေရာအနိုင်ရရှိခဲ့ပြီး ၊လွှတ်တော်နေရာ ၃၉၂ နေရာအနိုင်ရရှိခဲ့သော NLD ၊ လွှတ်တော်နေရာ ၂၃ နေရာအနိုင်ရရှိခဲ့သော SNLD ပါတီတို့ပြီးလျှင် လွှတ်တော်နေရာ တတိယအများဆုံးအနိုင်ရရှိခဲ့သောပါတီဖြစ်သည်။
ရခိုင်ပြည်နယ်၌ ALDပါတီ ၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ဒေါက်တာအေးမောင်၏ ရခိုင်ဦးဆောင်ပါတီ(AFP) ပါတီများရှိရာ ယင်းအနက် AFPသည် ပါတီမှတ်ပုံတင်ပြီးဖြစ်သည်။
