▪︎မုံရွာလူထုသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင် ထောင်ဒဏ်နှစ်(၂၀)ထပ်မံချမှတ်ခံရ
ထင်ရှားတဲ့ မုံရွာမြို့သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက နိုင်ငံတော်ပုန်ကန်မှုနဲ့ မတရားသဖြင့် ထောင်ဒဏ် နှစ်(၂၀) ထပ်မံမတရားချမှတ်လိုက်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက အသိပေးပါတယ်။ စစ်ကောင်စီလက်အောက်ခံ တရားရုံးက ဒီနေ့မှာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ထောင်ဒဏ် နှစ်(၂၀) ထပ်မံချမှတ်လိုက်ပြီး စုစုပေါင်းထောင်ဒဏ် (၅၂)နှစ်ရှိပြီဖြစ်ပါတယ်။ ကိုဝေမိုးနိုင်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။
![မုံရွာလူထုသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင် ထောင်ဒဏ်နှစ်(၂၀) ထပ်မံချမှတ်ခံရ](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/05/347848291_1374934336414323_4789329010868357022_n.jpg?resize=880%2C461&ssl=1)
▪︎တောင်ငူမှာ ရုံးထုတ်ချိန်ခုခံထွက်ပြေး အကျဥ်းသားများအားလုံး ဘေးကင်းလွတ်မြောက်
တောင်ငူအကျဥ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အကျဥ်းသား(၁၀)ဦးကို ရုံးထုတ်ချိန် စစ်ကောင်စီတပ်သားများအား ခုခံထွက်ပြေးတဲ့ ဖြစ်စဥ်မှာ အကျဥ်းသားအားလုံး လွတ်မြောက်ခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အကျဥ်းသား(၁၀)ဦးဟာ မနေ့က တောင်ငူအကျဥ်းထောင်မှတဆင့် ရုံးထုတ်စဥ် လုံခြုံရေးလိုက်ပါလာတဲ့ ရဲနဲ့စစ်သားများကို ခုခံပြီး သေနတ်များပါ လုယူနိုင်ခဲ့ကာ ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။
![(တောင်ငူအကျဥ်းထောင်ကိုတွေ့ရစဥ် ။ERT (တောင်ငူ))](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/05/346659865_1088879965848863_8481646955719173792_n.jpg?resize=880%2C680&ssl=1)
▪︎မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူတွေကို နိုင်ငံတကာအကူအညီတွေ မပို့ဆောင်နိုင်အောင် စစ်ကောင်စီ တားဆီးနေ
ရခိုင်ပြည်နယ်ထဲမှာ ဆိုင်ကလုန်းမုန်တိုင်း မိုချာကြောင့် အကြီးအကျယ် ထိခိုက် ပျက်စီးသွားတဲ့ ဒေသတချို့ဆီ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးပို့နိုင်ခွင့်တွေကို အာဏာသိမ်း စစ်ကောင်စီက ချုပ်ကိုင် ပိတ်ပင်ထားဆဲဖြစ်ပြီး လူသန်းပေါင်းများစွာရဲ့ အသက်တွေ၊ ဘဝတွေကို ပိုမိုဆိုးရွားတဲ့ ဘေးကျပ်နံကျပ် အခြေအနေတွေဆီ တွန်းပို့နေပါတယ်။ မနေ့က ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီတချို့က သူတို့ဟာ မိုချာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်သွားပြီး လေးရက် ကြာမြင့်လာတဲ့ထိ ရခိုင်က ဒေသတချို့ဆီ ထောက်ပံ့ရေး အကူအညီတွေ ပို့ဆောင်ဖို့အတွက် စစ်ကောင်စီနဲ့ အကျေအလည် ညှိနှိုင်းနေရဆဲလို့ ပြောပါတယ်။ ဆိုင်ကလုန်းကြောင့် သေဆုံးသူ ရာနဲ့ချီ များပြားလာပြီလို့ ယုံကြည်ရပြီး ရခိုင်မှာရှိတဲ့ မြို့ရွာအများအပြားဟာ နေရာထိုင်ခင်း၊ သောက်ရေ၊ ရိက္ခာ လိုအပ်ချက်တွေ ကြီးကြီးမားမား ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေမျိုးမှာ စစ်ကောင်စီက နိုင်ငံတကာ ထောက်ပံ့ရေး လမ်းကြောင်းတွေကို သူတို့ မလိုလားတဲ့ နယ်မြေတွေဆီ မရောက်နိုင်အောင် ချုပ်ကိုင် တားဆီးထားတာ ဖြစ်ပါတယ်။
![(စစ်တွေမြို့နယ်က မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဂျိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေမှာ မုန်တိုင်းကြောင့် အပျက်အစီးတွေ ၊ သေဆုံးထိခိုက်ပျက်စီးမှုကောက်ယူပြီးတဲ့ရွာစာရင်းနဲ့ သေဆုံးသွားသူတွေရဲ့ နာရေးပြုလုပ်ဖို့ ပြင်ဆင်နေစဥ်။ဓါတ်ပုံ- Getty Images ၊CJ)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/05/346079791_636636861242725_2950874254837691975_n.jpg?resize=880%2C396&ssl=1)
▪︎မိုခါမုန်တိုင်းသင့်မြန်မာပြည်သူများအတွက် ဒေါ်လာနှစ်သန်းခွဲ ဗြိတိန်ထောက်ပံ့မည်
ဗြိတိန်ဟာ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ နှစ်သန်းခွဲ ထောက်ပံ့ကူညီမယ်လို့ မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးက ကြေညာပါတယ်။ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူ ၁၇၅,၀၀၀ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို ဗြိတိန်က ပေးအပ်သွားမှာဖြစ်ပြီး တတိယမြောက် ချားလ်စ်ဘုရင်ကလည်း မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ပြည်သူများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့ပါတယ်။ ဗြိတိန်ဟာ ရန်ပုံငွေအသစ်အဖြစ် အမေရိကန်ဒေါ်လာ နှစ်သန်းခွဲကို အကူအညီ အများဆုံးလိုအပ်နေတဲ့ လူစုအတွက် ရေသန့်နဲ့ အမိုးအကာများ ထောက်ပံ့ပေးမှာဖြစ်ပြီး နောက်ဆက်တွဲရောဂါအန္တရာယ်များလျော့ပါးစေဖို့ ကူညီပေးမယ်လို့ ဖော်ပြပါတယ်။
▪︎မိုခါမုန်တိုင်းနဲ့စစ်ကောင်စီကြောင့် စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ကုန်ဈေးနှုန်းများတက်နေ
မိုခါဆိုင်ကလုန်းမုန်တိုင်းအလွန် စစ်ကိုင်းနဲ့မကွေးတိုင်းတို့မှာ ဆန်ဈေးအပါအဝင် ကုန်ဈေးနှုန်းမြင့်တက်လာတယ်လို့ ဒေသခံများကပြောပါတယ်။ မုန်တိုင်းကြောင့် ရေကြီးခြင်းနဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးနေကာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်များဈေးနှုန်းမြင့်တက်လာတာလို့ ဒေသခံများကပြောပါတယ်။ လက်ရှိမှာ ကျေးရွာများမှာ ဆန်ကို လိုသလောက်ဝယ်ယူခွင့်မရဘဲ စစ်ကောင်စီတပ်သားများနဲ့ ၎င်းတို့လက်အောက်ခံ ပျူစောထီးများ ကန့်သတ်ထားတယ်လို့ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
![(စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ်တွင်မိုခါမုန်တိုင်းကြောင့်မိုးသည်ထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခဲ့သော ကျေးရွာများအား တွေ့ရစဥ်။ ။ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/05/347648579_762948852198762_5356130253130539268_n.jpg?resize=600%2C450&ssl=1)
![(စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ်တွင်မိုခါမုန်တိုင်းကြောင့်မိုးသည်ထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခဲ့သော ကျေးရွာများအား တွေ့ရစဥ်။ ။ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/05/348225124_211065135024947_8359833726888112598_n.jpg?resize=576%2C865&ssl=1)
▪︎ဂန့်ဂေါခရိုင်တပ်ရင်း-၁၃ ကို NUG လက်နက်တပ်ဆင်ပေး
ဂန့်ဂေါခရိုင် အမှတ်-၁၃ တပ်ရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးတယ်လို့ အဲဒီတပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ လက်အောက်ရှိ ဂန့်ဂေါခရိုင်တပ်ရင်း-၁၃ နဲ့ မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများတွေ့ဆုံပြီးနောက် မနေ့က လက်နက်အချို့တပ်ဆင်ပေးတာလို့ သိရပါတယ်။ ဂန့်ဂေါခရိုင်အမှတ်-၁၃ တပ်ရင်းဟာ မူလက ယောဒေသအခြေစိုက် The Youth Force – Saw & Kyaukhtu ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ စတင်တည်ထောင်ခဲ့ပြီး ၂၀၂၂ နိုဝင်ဘာမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရောက်ရှိခဲ့တာပါ။
![(ဂန့်ဂေါခရိုင်အမှတ် ၁၃ တပ်ရင်းဖြစ်လာသော TheYouth Force- Saw & Kyaukhtu မှ တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-The Youth Force- Saw & Kyaukhtu)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/05/348214424_605057228355916_8698184796099204172_n.jpg?resize=880%2C495&ssl=1)
![(ဂန့်ဂေါခရိုင်အမှတ် ၁၃ တပ်ရင်းဖြစ်လာသော TheYouth Force- Saw & Kyaukhtu မှ တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-The Youth Force- Saw & Kyaukhtu)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/05/347822742_558201079851388_9141566131160602424_n.jpg?resize=880%2C495&ssl=1)
▪︎SSPP မီးမြှိုက်နှိပ်စက်ခဲ့တဲ့ ရွာလူကြီးကို ပြန်လွှတ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၃၀ တောင်းဆို
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ် ဖောင်းဆိုင်ရွာသူကြီး ဦးဝါလကို ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ကြိုးချည်ကာ မီးမြှိုက်နှိပ်စက်ခဲ့ရာ အဲဒီရွာသူကြီး ဦးဝါလ အပါအဝင် မတရားဖမ်းဆီးခြင်းခံနေရတဲ့ ပြည်သူများကို ချက်ချင်းလွှတ်ပေးဖို့ ပြည်တွင်းပြည်ပနေ တိုင်းရင်းသားကွန်ရက်များနဲ့ အရပ်ဘက် အဖွဲ့အစည်း ၃၀ က သဘောထား ထုတ်ပြန်တောင်းဆိုပါတယ်။ မေလ ၉ ရက်က မီးမြှိုက်နှိပ်စက်ခဲ့တဲ့ ဖြစ်ရပ်အပေါ် SSPP ကလည်း ဝန်ခံထားပြီး စစ်ဆေးခံရသူ အသက်ရှင်လျှက်ရှိကြောင်း၊ ဖြစ်ရပ်အပေါ် တောင်းပန်ကြောင်းနဲ့ စစ်ဥပဒေ ၊ စစ်သုံ့ပန်း စည်းကမ်းများနဲ့အညီ ဆောင်ရွက်မယ်လို့ SSPP ဘက်က အသိပေးထားပါတယ်။ ရှမ်းပြည်နယ်အတွင်း အလားတူ ဖြစ်ရပ်များ၊ အခုထက်ပိုမိုဆိုးရွားတဲ့ တရားမဲ့ ဖမ်းဆီးသတ်ဖြတ်မှုများ ဖြစ်ပျက်နေတယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၃၀ က ဆိုပါတယ်။
![(SSPP တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-SSPP)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/05/347105931_1222838018422759_53104003761845991_n.jpg?resize=738%2C415&ssl=1)
▪︎မုံရွာမှာ ဆိုင်ကယ်ကို လူနှစ်ယောက်စီးလာသည်ဆိုကာ စစ်ကောင်စီ ကားနဲ့တိုက်၊ ပစ်ခတ်ဖမ်းဆီး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူငယ်နှစ်ဦး ဆိုင်ကယ်နှစ်ယောက်စီးလာသည်ဆိုကာ စစ်ကောင်စီက ကားနဲ့တိုက်၊ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးကျည်ထိမှန်ဖမ်းဆီးခံရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက မုံရွာမြို့၊ ဘုန်းစိုးလမ်းမှာ လူငယ်နှစ်ဦး ဆိုင်ကယ်တစ်စီးတည်းနှစ်ယောက်စီးနင်းလာသည်ဆိုကာ စစ်ကောင်စီတပ်က ကားနဲ့လိုက်တိုက်ပြီး သေနတ်နဲ့ လေးချက်ထက်မနည်းပစ်ခတ်ခဲ့ရာ လူငယ်တစ်ဦးလွတ်မြောက်သွားပေမယ့် ကျန်တစ်ဦးမှာ ကျည်ထိမှန်ပြီး ဖမ်းဆီးခံရတယ်လို့ ဒေသခံများက ပြောပါတယ်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)