Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရှိန်မြင့်နေ၍ စစ်ကောင်စီယာဉ်များနှင့်ကပ်မလိုက် ရန်နှင့် မန္တလေး – သပိတ်ကျင်း – ဗန်းမော်လမ်းပိုင်း ညပိုင်းအသုံးမပြုရန် သပိတ်ကျင်း(ပကဖ) သတိပေး

လမ်းမပေါ်၌ သွားလာနေချိန် စစ်ကောင်စီယာဉ်များနှင့်တွေ့ပါက အန္တရာယ်ကင်းနိုင်သည့် အကွာအဝေးမှ ခပ်ခွာခွာလိုက်ကြရန် သပိတ်ကျင်း(ပအဖ)က မေတ္တာရပ်ခံထားသည်။

(ရှေ့တန်းတစ်နေရာတွင် တွေ့ရသော သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ။ ဓာတ်ပုံ - သပိတ်ကျင်း - ပကဖ)
(ရှေ့တန်းတစ်နေရာတွင် တွေ့ရသော သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ။ ဓာတ်ပုံ - သပိတ်ကျင်း - ပကဖ)

စစ်ကောင်စီက ခရီးသွားအသွင်ယူကာ စစ်အင်အားဖြည့်တင်းနေသလို လတ်တလော စစ်ရေးတင်းမာနေ၍ မန္တလေး – သပိတ်ကျင်း – ဗန်းမော်ကားလမ်းပိုင်း အသုံးပြုနေကြသော ခရီးသွား ပြည်သူများအနေဖြင့် ညဘက် အသုံးပြုခြင်းမပြုရန် ထပ်မံအသိပေးကြေညာကြောင်း သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ယနေ့ ထုတ်ပြန်ခဲ့သည်။

အဆိုပါလမ်းပိုင်းကို ညနေ ၆ နာရီခွဲမှ နံနက် ၆နာရီအတွင်း လုံးဝ(လုံးဝ)ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် အသိပေးကြေညာပြီးဖြစ်ကြောင်း၊ ထို့အပြင် ယခုကာလသည် စစ်ရေးအရှိန်မြှင့် တင်းမာနေဆဲ ကာလဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ပြည်သူများအသုံးပြုနေကြသည့် တွဲကား၊ ဖောကား အစရှိသည့် ယာဉ်ယန္တရားများဖြင့် ခရီးသွားအသွင်ယူကာ သွားလာခြင်းများ ပြုလုပ်နေကြောင်း ဖော်ပြသည်။

ထို့ကြောင့် မန္တလေး – သပိတ်ကျင်း – ဗန်းမော်ကားလမ်းပိုင်း၌ သွားလာနေကြသော ခရီးသွား ပြည်သူများအနေဖြင့် သွားလာရာတွင် ကားမှန်ချ၍ မောင်းနှင်ကြရန် ၊ ပရဟိတကားများနှင့် လူမှုကူညီရေးကားများ အနေဖြင့်လည်း သိသာထင်ရှားသည့် သာသနာ့အလံထောင်၍ မောင်းနှင်ကြရန်၊ လုပ်ငန်းသုံး ယာဉ်ယန္တရားများအနေဖြင့်လည်း ကားအလုံပိတ်ခြင်း၊ မိုးကာအုပ်၍ မောင်းနှင်ခြင်း မပြုလုပ်ကြရန် ကြေညာချ၌ ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

“တိုက်ပွဲဖြစ်ရင် စစ်တပ်က ပြည်သူရောဘာရောမတွေးဘူး။ ပစ်တာ။ သူတို့က အရပ်သားဟန်ဆောင်ပြီး သွားနေတာ။ ဒါကြောင့် သတိပေးချက်တွေ အလေးအနက်ထားပြီး ထုတ်နေတာပါ”ဟု သပိတ်ကျင်းမြို့နယ်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

ထို့အပြင် ဒေသန္တရ လုပ်ငန်းသုံးကားများ၊ အလုပ်သမားများ အနေဖြင့်လည်း စစ်ကောင်စီနှင့် အထင်မှားစေမည့် ကိစ္စရပ်များကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြရန် အထူးမေတ္တာရပ်ခံကြောင်း ထပ်မံ အသိပေးထားသည်။

လမ်းမပေါ်၌ သွားလာနေချိန် စစ်ကောင်စီယာဉ်များနှင့်တွေ့ပါက အန္တရာယ်ကင်းနိုင်သည့် အကွာအဝေးမှ ခပ်ခွာခွာလိုက်ကြရန် သပိတ်ကျင်း(ပအဖ)က မေတ္တာရပ်ခံထားသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ကြေညာထားသော အသိပေး ထုတ်ပြန်ကြေညာချက်များကို မလိုက်နာဘဲ အကြောင်းကိစ္စတစုံတရာ ပေါ်ပေါက်လာပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ကိစ္စအရပ်ရပ်ကို တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ဟု ထပ်မံ အသိပေးထားသည်။

သပိတ်ကျင်းမြို့နယ် မတောင်ကျေးရွာနှင့် ပေါ်တော်မှုကျေးရွာအနီးတွင် မေလ ၂၂ရက်နှင့် ၂၃ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များခဲ့ကြောင်း တကောင်းPDF ကသတင်းထုတ်ပြန်ထားသည်။

“ဒီရက်ထဲ ထီးချိုင့်ဘက်မှာ စစ်ကြောင်းတွေငြိမ်နေပြီး တကောင်းနဲ့ သပိတ်ကျင်းမှာ ပွဲတွေ ကနေ(တိုက်ပွဲတွေဖြစ်နေ)တယ်”ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။