နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ကွန်မန်ဒိုတပ်ဖွဲ့၏ ပထမဆုံးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သ၀ဏ်လွှာပေးပို့ခဲ့သည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) – နေပြည်တော်၏ ကွန်မန်ဒိုအခြေပြု အပတ်စဥ် (၁)သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းများနှင့်အတူ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခြင်းဖြစ်သည်။
နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ စစ်ရေးတာဝန်ခံ ဗိုလ်တေဇ (ဒု-တာဝန်ခံ ၂)က “နေပြည်တော်ဟာ ရန်သူ့ရဲ့ နှလုံးသားနေရာ ဖြစ်တဲ့အတွက် တော်လှန်ရေးအတွက်အရေးကြီးကြောင်း ၊ ရဲဘော်များ အနေနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း အကောင်းဆုံးပြင်ဆင်ထားကြပြီး နေပြည်တော်ကို အမြန်ဆုံးတိုက်ခိုက်သိမ်းပိုက်နိုင်ရန် အစွမ်းကုန်ကြိုးစား တည်ဆောက်ကြရန် “ဟု သင်တန်းဆင်းပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးကလည်း နေပြည်တော်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အရေးကြီးသော စစ်မဟာဗျူဟာ ပစ်မှတ်နေရာဖြစ်ပြီး စစ်ကောင်စီပစ်မှတ်နေရာများကို ထိချက်မိမိတိုက်ခိုက်ကြရန် ပေးပို့သည့် သ၀ဏ်လွှာ၌ ဖော်ပြထားသည်။
ထို့အပြင် “တော်လှန်ရေး ကာလအချိန်တစ်ခုရောက်လာချိန်တိုင်းမှာ ဖြစ်တတ်တဲ့ စိတ်ပျက်ခြင်း၊အားမလိုအားမရဖြစ်ခြင်းနဲ့စိတ်ဓာတ်ကျခြင်း တွေကိုလည်း ဉာဏ်ပညာအမျှော်အမြင်ရှိရှိနဲ့ ငါတို့ခေတ်မှာ စစ်အာဏာရှင်စနစ် ပြုတ်ကိုပြုတ်ကျ ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ရင်ဆိုင်ဖြတ်ကျော်ကြဖို့ အသိပေးလိုတယ်”ဟု သဝဏ်လွှာမှတဆင့် မိန့်ခွန်းပြောထားသည်။