Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်အင်အား ၂ သိန်းခွဲအောက်သာရှိတော့တယ်လို့ NUG ရဲ့စာတမ်းမှာဖော်ပြ

PDF ဘက်မှာတော့ လက်ရှိမှာ တပ်ရင်းနဲ့စစ်ကြောင်းပေါင်း ၃၀၀ ကျော်ရှိနေပြီဖြစ်သလို မြို့နယ်ပေါင်း ၂၅၀ မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေဖွဲ့စည်းထားနိုင်ပြီလို့ NUG က စာတမ်းမှာ ဖော်ပြတာတွေ့ရပါတယ်။

ဓာတ်ပုံ − ရိုက်တာ
FILE PHOTO: Myanmar soldiers walk along a street during a protest against the military coup in Yangon, Myanmar, February 28, 2021. REUTERS/Stringer

အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်အင်အားဟာ အများဆုံး ၂ သိန်း၄ သောင်းဝန်းကျင်သာရှိတော့တယ်လို့ NUG အစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

PDF ဖွဲ့စည်းတည်ထောင်တဲ့ ၂ နှစ်ပြည့်အနေနဲ့ မေလ ၂၈ ရက်က ထုတ်ပြန်တဲ့ စစ်ရေးအခြေအနေ စာတမ်းမှာ NUG ဘက်က. စစ်ကောင်စီရဲ့ အင်အားကိုခန့်မှန်းလိုက်တာပါ။

ပြင်ပကနေ မြန်မာ စစ်တပ်ရဲ့ အင်အားကိုခန့်မှန်းကြရာမှာ ၃ သိန်းကနေ ၅ သိန်း ခန့်ရှိနိုင်တယ်လို့ ဆိုကြပေမယ့် ပကတိအခြေအနေအရ အဲဒီလောက် ပမာဏ မရှိဘူးလို့ NUG က ဆိုပါတယ်။

မြေပြင်မှာရှိတဲ့ စစ်ကောင်စီရဲ့အင်အားဟာ တိုက်ခိုက်ရေးတပ်တွေရာ ၊လက်ရုံးတပ်တွေရာ ပါဝင်မှ တပ်ဖွဲ့ဝင်အင်အား ၂ သိန်း ၂ သောင်းခွဲ ကနေ ၂ သိန်း ၄ သောင်းခန့်သာ ရှိတယ်လို့ NUG ရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂နှစ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်အင်အား ၃ သောင်းနီးပါးသေဆုံးပြီး ၁ သောင်းကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါအပြင် စစ်တပ်အာဏာသိမ်းတာကိုလက်မခံလို့ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်ဦးရေ ၁သောင်း၃ ထောင်ကျော်ရှိတယ်လို့သိရပါတယ်။

ပြုန်းတီးသွားတဲ့အင်အားကိုပြန်ဖြည့်တင်းဖို့ တပ်သားသစ်စုဆောင်းဖို့ကိုလည်း စစ်ကောင်စီဟာမစွမ်းဆောင်နိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ NUG ရဲ့ စာတမ်းမှာ ပါရှိပါတယ်။

မြန်မာစစ်တပ်ရဲ့ တပ်သားသစ်ရရှိဖို့အမာခံကျောရိုး ရေခံမြေခံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်း၊အထက်ပိုင်းနဲ့ အညာဒေသဟာ စစ်ကောင်စီတပ်ကို အတက်ကြွဆုံးလက်နက်စွဲကိုင်တော်လှန်နေကြတဲ့ဒေသတွေဖြစ်နေပါပြီ။

ဒါကြောင့် ထောက်လှမ်းရရှိတဲ့ သတင်းတွေအရ ဒီနှစ်ဆန်းပိုင်းမှာ စစ်ကောင်စီရဲ့ စစ်အခြေခံ လေ့ကျင့်ရေးတပ် ၁၀ တပ်မှာ တပ်သားသစ်အဖြစ်လေ့ကျင့်ပေးနေသူဟာ ၄၀၀ ကနေ ၅၀၀ ကြားသာရှိတော့တယ်လို့ NUG က ဆိုပါတယ်။

ဒီလို စုဆောင်းထားတဲ့သူတွေဟာလည်း ရာဇဝတ်ကျုးလွန်ထားသူတွေ ၊လေလွင့်လူငယ်တွေနဲ့အသက်မပြည့်သူတွေဖြစ်တယ်လို့ ဆိုထားပါတယ်။

PDF ဘက်မှာတော့ လက်ရှိမှာ တပ်ရင်းနဲ့စစ်ကြောင်းပေါင်း ၃၀၀ ကျော်ရှိနေပြီဖြစ်သလို မြို့နယ်ပေါင်း ၂၅၀ မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေဖွဲ့စည်းထားနိုင်ပြီလို့ NUG က စာတမ်းမှာ ဖော်ပြတာတွေ့ရပါတယ်။