Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းနိုင်ငံ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ နိုင်ငံအတွင်း အကြမ်းဖက်မှုများကို ပိုမိုကြီးထွားလာစေဟု အရပ်ဘက်အဖွဲ့များ ထုတ်ပြန်

တရားမဝင် မြန်မာစစ်ကောင်စီ ပါဝင်သော လျှို့ဝှက်အစည်းအဝေးကို မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များက ပြင်းထန်စွာရှုတ်ချပြီး အစည်းအဝေးကို ချက်ချင်းဖျက်သိမ်းပေးရန် ယင်းအဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာမှတဆင့် တောင်းဆိုသည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ ဆန့်ကျင်ဆန္ဒပြနေသော ပြည်သူများအား စစ်ကောင်စီတပ်သားများ​၏ ပစ်ခတ်ဖြိုခွင်းမှု ခံနေရသည်ကို ၂၀၂၁ မတ်လ ၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ ဆန့်ကျင်ဆန္ဒပြနေသော ပြည်သူများအား စစ်ကောင်စီတပ်သားများ​၏ ပစ်ခတ်ဖြိုခွင်းမှု ခံနေရသည်ကို ၂၀၂၁ မတ်လ ၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)

ထိုင်းနိုင်ငံ ဘန်ကောက်၌ ကျင်းပသည့် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ နိုင်ငံအတွင်း အကြမ်းဖက်မှုများကို ပိုမိုကြီးထွားလာစေရန်မျှမက အကျပ်အတည်းကို ဖြေရှင်းရန် နိုင်ငံတကာအသိုက်အဝန်း၏ စစ်မှန်သော ကြိုးပမ်းမှုများကိုပါ ပျက်ပြားစေမည်ဟု အရပ်ဘက်အဖွဲ့အစည်း ၃၁၆ ဖွဲ့မှ လက်မှတ်ရေးထိုးထုတ်ပြန်သည်။

တရားမဝင် မြန်မာစစ်ကောင်စီ ပါဝင်သော လျှို့ဝှက်အစည်းအဝေးကို မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များက ပြင်းထန်စွာရှုတ်ချပြီး အစည်းအဝေးကို ချက်ချင်းဖျက်သိမ်းပေးရန် ယင်းအဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာမှတဆင့် တောင်းဆိုသည်။

ယင်းအစည်းအဝေးမှာ မြန်မာစစ်တပ်၏ တစ်နိုင်ငံလုံးအပေါ် အကြမ်းဖက် စစ်ဆင်ရေးများ နှစ်ရှည်လများ ဆင်နွှဲကာ အာဏာဆက်လက်ဆုပ်ကိုင်ရန် ကြိုးပမ်းနေမှုကို ဆန့်ကျင်တွန်းလှန်ရင်း အသက်စတေးခဲ့ကြရသည့် မြန်မာပြည်သူများအား လုံးလုံးလျားလျား စော်ကားလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီသည် မည်သည့်အခါကမှ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ မဟုတ်သလို နိုင်ငံ၏နယ်မြေများကို ထိထိရောက်ရောက် ချုပ်ကိုင် အုပ်ချုပ်နိုင်ခြင်းလည်း မရှိကြောင်း အသိပေးသည်။

ထို့အပြင် ရာထူးမှ နှုတ်ထွက်တော့မည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ လျှို့ဝှက်လုပ်ဆောင်မှုသည် အဆင့်မြင့် အစည်းအဝေးများတွင် မြန်မာစစ်ကောင်စီအား ဖိတ်ကြားခြင်း မပြုသည့် အာဆီယံ၏ သဘောတူညီချက်နှင့် ပြောင်ပြောင်တင်းတင်းပင်ဆန့်ကျင်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအား ဖိတ်ကြားစာတွင် နိုင်ငံခြားရေးဝန်ကြီးဒွန် ၏ “အာဆီယံနိုင်ငံများအနေနှင့် မြန်မာနိုင်ငံကို ခေါင်းဆောင်ပိုင်းအဆင့် အပြည့်အ၀ ပြန်လည် ဆက်ဆံသင့်သည်” ဟု ဖော်ပြထားမှုအပေါ် အရပ်ဘက်အဖွဲ့များ ပြင်းစွာဒေါသထွက်ကြောင်း ဖော်ပြသည်။