Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ည​နေခင်းသတင်း”

ဒီ​နေ့ (ဇွန် ၂၂ ရက်) ည​နေခင်းသတင်း​တွေကို People’s Spring ကတင်ဆက်လိုက်ပါတယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ည​နေခင်းသတင်း

▪︎ဖားကန့်ရှိ KIO ရုံး စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းတိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ရပ်ကွက်မှာရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) တိုက်နယ်ရုံးကို စစ်ကောင်စီတပ်က ဇွန်လ ၂၀ရက်ညပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ကချင်ဒေသခံ သတင်းရင်းမြစ်အချို့က ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၃ဦးရှိပြီး ဒဏ်ရာရသူ ၇ဦးထက်မနည်းရှိကြောင်း ကချင်ဒေသခံက ပြောပါတယ်။ အဲဒီ သေဆုံးထိခိုက်သူတွေထဲမှာ KIO ဝန်ထမ်းတွေ ပါမပါကို စုံစမ်းနေဆဲဖြစ်ကြောင်း သူက ပြောပါတယ်။ ဒါ့အပြင် အဲဒီရုံးမှာ KIOက ဖမ်းဆီးထားသူတွေနဲ့ အနီးပတ်ဝန်းကျင်က အရပ်သားတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ကချင်ဒေသ အခြေစိုက် သတင်းဌာနတွေကဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဟာ KIO ရုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်းဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

(KIO ရုံးအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ဓာတ်ပုံ - The 74 Media)
(KIO ရုံးအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ဓာတ်ပုံ – The 74 Media)

▪︎ဆောနယ်မှာ PDF ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ယာဉ်တန်းမှ ၁၅ဦးထက်မနည်းသေ

မကွေးတိုင်း ဆောမြို့နယ်မှာ စစ်ကောင်စီတပ်ယာဉ်တန်းကို မနေ့ညပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်ရှိခဲ့တယ်လို့ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေနဲ့ နီးစပ်တဲ့ဒေသခံကပြောပါတယ်။ ပခုက္ကူကနေ ဆောမြို့နယ် ကျောက်ထုသို့ ဦးတည်လာတဲ့ စစ်ယာဉ်တန်းကို အညာရွာနဲ့ တပြင်းရွာအကြားမှာ တိုက်ခိုက်ခဲ့တာလို့ ဒေသခံကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာမိုင်းကွင်းထဲ ဝင်ရောက်လာလို့ ထိခိုက်သေဆုံးများပြားခဲ့တာလို ဒေသခံက ပြောပါတယ်။

▪︎ပဒူရွာကိုစစ်တပ်က တစ်လအတွင်း ၁၅ ကြိမ်ထက်မနည်းမီးရှို့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာကို စစ်ကောင်စီတပ်က တစ်လအတွင်း ၁၅ ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့အထိ ပြည်သူများ ရွာတွင်း ပြန်မဝင်နိုင်သေးဘူးလို့ ဒေသခံများက ပြောပါတယ်။ပဒူကျေးရွာက ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး လူစားဝတ်နေရေးအပြင် နွားစာအတွက်အခက်အခဲများပါ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

▪︎စစ်တပ်နဲ့ပျူအစည်းအ​ဝေးလုပ်​နေချိန်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်ကငွေတွင်းရွာမှာဇွန်လ(၂၀) ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ပျူတွေ အစည်းအဝေးလုပ်နေတဲ့အချိန် ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာမှာစစ်အုပ်စုတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ Danger Force LPDF အဖွဲ့က ပြောပါတယ်။ အစည်းအဝေးလုပ်နေတဲ့ အဆောက်အဦးနဲ့ ကတုတ်ကျင်းများပေါ် ဒရုန်းနဲ့ ဗုံးသီး (၁၄) လုံးချတိုက်ခိုက်ခဲ့ပြီး အဆောက်အဦးအတွင်းက စစ်သား၊ ပျူများအပါအဝင် ကင်းစောင့်နေတဲ့ ကင်းသမား (၂) ဦးလည်း သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

▪︎အ​မေရီကန်က ဘဏ် ၂ဘဏ်ကိုအ​ရေးယူ ဒဏ်ခတ်ပြီး​နောက်​ဒေါ်လာနဲ့​ရွှေ​ဈေးတက်လာ

စစ်ကောင်စီထိန်းချုပ်ထားတဲ့မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို အမေရိကန် နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ပြီးတဲ့နောက်မှာ ပြည်တွင်းမှာတော့ တစ်ဒေါ်လာကို ၃၂၀၀ ကျပ်နဲ့ ရွှေတစ်ကျပ်သားကျပ် ၃၂သိန်းအထိမြင့်တက်လာပါတယ်။ လက်ရှိမှာတော့ ငွေလဲကောင်တာတွေက ဒေါ်လာဈေးကို မဖွင့်ရဲသလို ရွှေဆိုင်တွေကလည်း အခေါက်ရွှေရောင်းချတာကို ပိတ်ထားပါတယ်။ တစ်ဒေါ်လာကို ၃၂၀၀ ကျပ်အထိ ဈေးပေါက်ခဲ့ပြီးတစ်ဒေါ်လာကို ၃၁၅၀ကျပ်နဲ့အများဆုံးအရောင်းဝယ်ဖြစ်နေတယ်လို့ ငွေလဲလုပ်ငန်းရှင်တွေထံကသိရပါတယ်။ ရွှေကတော့ ယနေ့ပေါက်ဈေးမှာ ၃,၁၉၀,၀၀၀ ကျပ်အထိရှိနေပါတယ်။

(အ​မေရီကန် အစိုးရက MFTB နှင့် MICB ဘဏ်တို့ကို ဒဏ်ခတ် ပိတ်ဆို့ပြီးနာရီပိုင်းအတွင်း​ငွေ​ကြေး​ဈေးကွက်၌ ကျပ်​ငွေတန်ဖိုးကျဆင်းလာခြင်းဖြစ်သည်။ဓါတ်ပုံ-ACC)
(အ​မေရီကန် အစိုးရက MFTB နှင့် MICB ဘဏ်တို့ကို ဒဏ်ခတ် ပိတ်ဆို့ပြီးနာရီပိုင်းအတွင်း​ငွေ​ကြေး​ဈေးကွက်၌ ကျပ်​ငွေတန်ဖိုးကျဆင်းလာခြင်းဖြစ်သည်။ဓါတ်ပုံ-ACC)

▪︎ဖျာပုံအနီး ပင်လယ်ပြင်မှာ ငလျင်​တွေမကြာခဏလှုပ်​နေ

ဧရာဝတီတိုင်း၊ဖျာပုံမြို့အနီး ပင်လယ်ထဲမှာ ဇွန်လ ၁၉ရက်ကနေ ဒီကနေ့ ဇွန်လ ၂၂ရက်အထိ ၄ရက်အတွင်း ငလျင် လေးကြိမ်လှုပ်ခဲ့ပါတယ်။ဇွန်လ ၁၉ ရက် ၈ နာရီခန့်မှာ ရစ်ခ်ျတာစကေး ၅ဒဿမ ၄၊ ဇွန်လ ၂၁ရက်နံနက်မှာ ရစ်ခ်ျတာစကေး ၄ဒဿမ၇နဲ့ဒီကနေ့ ဇွန်လ ၂၂ရက် မက် ၁နာရီ မထိုးခင်မှာ ရစ်ခ်ျတာစကေး ၄ဒဿမ ၄၊ မနက် ၆နာရီ ၄၂မိနစ်မှာ ရစ်ခ်ျတာစကေး ၄ဒဿမ ၉အဆင့်နဲ့လှုပ်ခဲ့တာလို့ အမေရိကန် ဘူမိလေ့လာရေးဌာန USGS က သတင်းထုတ်ထားပါတယ်။ ငလျင်တွေ မကြာခဏ လှုပ်နေတာကြောင့် စိုးရိမ်‌နေရတယ်လို့ ဖျာပုံမြို့ခံတွေကပြောပါတယ်။

ဖျာပုံမြို့အနီး ပင်လယ်ပြင်တွင် ငလျင်များ ဆက်တိုက်လှုပ်နေ၍ ​ဒေသခံများစိုးရိမ်​နေ
ဖျာပုံမြို့အနီး ပင်လယ်ပြင်တွင် ငလျင်များ ဆက်တိုက်လှုပ်နေ၍ ​ဒေသခံများစိုးရိမ်​နေ

▪︎ကျောက်ကြီးမြို့နယ်တွင် စစ်တပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ကင်းလှည့်ရင်းထိပ်တိုက်တွေ့တိုက်ပွဲဖြစ်

ကျောက်ကြီးမြို့နယ်မှာ ဇွန် ၂၀ ရက်နံနက်က စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်​တွေ ကင်းလှည့်ချိန်ထိပ်တိုက်တွ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့တာမှာစစ်ကောင်စီတပ်မှ ၁၈ ဦးခန့်သေဆုံးခဲ့သလို KNLA၊ PDF ပူးပေါင်းတပ်များဘက်မှ ရဲဘော်နှစ်ဦး လက်မောင်းရှပ်ထိဒဏ်ရာရခဲ့ပါတယ်။တိုက်ပွဲမှာ ရန်သူ့ထံမှ လက်နက်သုံးလက်အပါအဝင် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၉)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောပါတယ်။

▪︎စစ်​ကောင်စီဘဏ်နှစ်ခုကိုအမေရိကန် ဒဏ်ခတ်ပိတ်ဆို့ခြင်းအ​ပေါ် တော်လှန်အင်အားစု​တွေကြိုဆို

စစ်အုပ်စုထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူခြင်းအပေါ် ​ထောက်ခံကြိုဆိုလိုက်ပြီး စစ်​ကောင်စီအတွက် ​ဒေါ်လာအဓိကရှာ​ဖွေ​ပေး​နေတဲ့ မြန်မာ့​ရေနံနဲ့ သဘာဝဓါတ်​ငွေ့လုပ်ငန်းကိုပါ ဒဏ်ခတ်အ​​ရေးယူဖို့ နွေဦးတော်လှန်ရေးအင်းအားစု​တွေဖြစ်တဲ့အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်းအားစု(GSCB) ၊ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး (GMSR)နှင့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု(BMC)တို့က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

▪︎ဖရူဆိုမြို့နယ်အနောက်ခြမ်းမှာ တိုက်ပွဲမရှိပဲစစ်တပ်က ဗုံးကြဲ

ကရင်နီ(ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းကရွာတစ်ရွာကို တိုက်ပွဲမရှိပဲ စစ်ကောင်စီတပ်က ဇွန်လ ၂၁ ရက် ည ၁၂ နာရီဝန်းကျင်မှာလေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ “စုစုပေါင်း အိမ်ခြောက်လုံးလောက်ပျက်စီးသွားတယ် ။ကိုယ့်ညီမ အိမ်တစ်လုံးလုံးပျက်စီးတာ။ လူတွေတော့ ဘုရားသခင်ကယ်တယ်”လို့ ဖရူဆိုဒေသခံတစ်ဦးက ပြောပါတယ်။ဇွန်လ ၅ ရက်မှ ဒီနေ့အထိ ဖရူဆိုမြို့နယ်မှာတိုက်ပွဲ​တွေမဖြစ်ဘဲငြိမ်သက်​နေတာဖြစ်ပါတယ်။

(ယမန်နေ့ညပိုင်းက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - UKSY)
(ယမန်နေ့ညပိုင်းက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – UKSY)

▪︎ချောင်းတောင်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်မှ ၄ဦးသေဟုရေးဘီလူး အဖွဲ့ပြော

မွန်ပြည်နယ် ရေးမြို့နယ် ချောင်းတောင် စစ်ကောင်စီတပ် ဂိတ်ကို ရေးဘီလူးအဖွဲ့က ဒီကနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဇွန်လ ၂၂ ရက် နံနက်၁၀နာရီလောက်မှာ စစ်ဘေးရေးဂိတ်ကို အလစ်အငိုက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်သား ၈ဦး ရှိတဲ့အနက် လေးဦးသေဆုံးခဲ့တာလို့ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ရယူနိုင်ဖို့ ကြိုးပမ်းတာဖြစ်ပေမယ့် လက်နက်မရခဲ့ကြောင်း၊ မသေသေးတဲ့ စစ်ကောင်စီတပ်သားတွေကျန်နေတာကြောင့် ရဲဘော်တွေ အထိအခိုက်မရှိအောင် ဆုတ်ခွာခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

(ရေးဘီလူးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ရေးဘီလူး)
(ရေးဘီလူးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ရေးဘီလူး)