Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ ည​နေခင်းသတင်း”

​မတ်လ ၁၂ ရက်​နေ့ ည​နေခင်းသတင်း​တွေကို People’s Spring သတင်းဌာနက​ဖော်ပြလိုက်ပါတယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ည​နေခင်းသတင်း

▪︎KAစခန်းတစ်ခုသိမ်းရန်ထိုးစစ်ဆင်သောစစ်တပ် အထိနာပြီးပြန်ဆုတ်

ကရင်နီ(ကယား)ပြည်နယ်ရှိ ကရင်နီတပ်မတော် KA ရဲ့ တပ်စခန်းတစ်ခုအား သိမ်းပိုက်ဖို့ ကြိုးပမ်းတဲ့ စစ်ကောင်စီတပ်များ အထိနာပြီး ပြန်ဆုတ်ခွာသွားသွားကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ သတင်းပြန်ကြားရေးဌာနဖြစ်တဲ့ KNICက ဖော်ပြခဲ့ပြီးစစ်သားအလောင်းနှစ်လောင်းနဲ့ လက်နက်ခဲယမ်းများရရှိကြောင်း အသိပေးထားပါတယ်။ကရင်နီပြည် ဆိုတရှားမြို့နယ်(ရှားတော)မှာရှိတဲ့ KA တပ်စခန်းအား သိမ်းပိုက်ဖို့ စစ်ကောင်စီက တပ်ရင်း ၃ရင်းပူးပေါင်းပြီး မတ်လ ၁၁ရက်မှာ တစ်နေကုန် ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါ​ပေမယ့်စခန်းသိမ်းရန်တက်လာသော စစ်ကောင်စီတပ်များအထိနာတဲ့ အတွက်ပြန်လှည်ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီတပ်ရဲ့ အလောင်းနှစ်လောင်း၊ လက် နက်ခဲယမ်းများနဲ့ ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိကြောင်း ထုတ်ပြန်ပါတယ်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကိုKAကပြသထားမှု။ဓါတ်ပုံ-KniC)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကိုKAကပြသထားမှု။ဓါတ်ပုံ-KniC)

▪︎စစ်ကောင်စီက ပအိုဝ်းအချင်းချင်းကြား၊ ကရင်နီနဲ့ပအိုဝ်းကြား ရန်တိုက်ပေးနေတယ်လို့ PNDF-KK သတိပေး

စစ်ကောင်စီတပ်ဟာ ပအိုဝ်းအချင်းချင်းအကြားပဋိပက္ခဖြစ်စေဖို့၊ ကရင်နီနဲ့ ပအိုဝ်း အကြား လူမျိုးရေး ပဋိပက္ခဖြစ်စေဖို့ သတင်းမှားများ ဖြန့်ဝေပြီး ရန်တိုက်ပေးနေကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်-ခမ်းကောင်(PNDF-KK)က ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသ နမ်းနိမ်းကျေးရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ ပစ်ခတ်ခြင်းအပြင် မီးကျည်များနဲ့ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ တိုက်လေယာဉ် ၅စီးအပါအဝင် ရဟတ်ယာဉ်များဖြင့် ဗုံးကြဲခဲ့ခြင်း အခြေအနေကို ပအိုဝ်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့-ခမ်းကောင်(PNDF-KK)က ထုတ်ပြန်ရာမှာ အထက်ပါအတိုင်းသတိပေးခဲ့တာဖြစ်ပါတယ်။ မတ်လ ၁၁ရက် နံနက် ၅နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်လာခြင်းဖြစ်ပြီး ညနေပိုင်းမှာ လေယာဉ် ရဟတ်ယာဉ်များနဲ့ ဗုံးကြဲခဲ့လို့နမ်းနိန်းရွာဘုန်းကြီးကျောင်းရှိ ရဟန်းရှင်လူပြည်သူ များ သေကြေဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

▪︎မောထိုတလေး မြို့သစ်စီမံကိန်း KNU ပါဝင်ပတ်သက်မှုမရှိဟု ရှင်းလင်း

မောထိုတလေး မြို့သစ်စီမံကိန်းမှာ ပါဝင်ပတ်သတ်တယ်လို့သတင်းထွက်ပေါ်လာမှုအပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU) ကာကွယ်ရေးဌာနတာဝန်ခံ ပဒိုစောရောဂျာခင်က ဒီကနေ့မှာ ရှင်းလင်းချက် ထုတ်ပြန်ခဲ့ရာ KNU အနေနဲ့ ပါဝင်ပတ်သက်မှုမရှိကြောင်း ပြောဆိုခဲ့ပါတယ်။တရုတ်မြို့သစ် လောင်းကစားနယ်မြေဟုလူသိများတဲ့ မော့ထိုတလေး မြို့သစ်စီမံကိန်း ဖွင့်ပွဲ အခမ်းအနားသို့ ပဒိုစောရောဂျာခင် တက်ရောက်ခဲ့မှု၊ ဟွမ်ယာမြို့သစ်စီမံကိန်းကို ပဒိုစောရောဂျာခင်မှ ခွင့်ပြုချက်ပေးခဲ့ကြောင်း သတင်းထွက်ပေါ်မှုအပေါ် အရေးယူခြင်းမရှိ၍ ကမ္ဘာ့တစ်ဝှမ်းရှိ ကရင်အဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာထုတ်တဲ့အပေါ် KNUက သူတို့ အနေနဲ့တရားမဝင် လောင်းကစားလုပ်ငန်းနဲ့ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများအပါအဝင် အခြားသော ရာဇဝတ်မှုများနဲ့ မကင်းတဲ့ လုပ်ငန်းများ ကရင်ပြည်နယ်အတွင်း လုပ်ဆောင်ခြင်းကို လက်မခံကြောင်း ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ KNU ရဲ့အလုပ်က နိုင်ငံရေး၊ တပ်ပိုင်းဆိုင်ရာအရေးတွေ ဖြစ်ပြီး စီးပွားရေးအလုပ် မလုပ်ဘူးလို့ ပဒိုစောရောဂျာခင်က အသေးစိတ်ရှင်းလင်းပြောကြားခဲ့ရာ KNU ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနက အပြည့်အစုံဖော်ပြခဲ့ပါတယ်။

(မော့ထိုတလေး မြို့သစ်စီမံကိန်းဖွင့်ပွဲ အခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ - KIC)
(မော့ထိုတလေး မြို့သစ်စီမံကိန်းဖွင့်ပွဲ အခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ – KIC)

▪︎စစ်ကောင်စီဝန်ထမ်းတွေ CDM လုပ်ဖို့ TNLAရဲ့ ညွှန်ကြားချက် မြို့နယ်ကိုးခုမှာ အကျုံးဝင်

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများ CDM ပြုလုပ်ဖို့ တအာင်းတပ်မတော်(TNLA)က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တရားဝင် ကြေညာချက်ထုတ်ပြန်ထားရာ ရှမ်းမြောက်ဒေသရှိ မြို့နယ်အများစုအပါအဝင် မြို့နယ် ၉ခုမှာ အကျုံးဝင်ကြောင်း TNLA သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီးတားအိုက်ကျော်ကပြောပါတယ်။ TNLA အုပ်ချုပ်ရေးဌာနက တရားဝင်ထုတ်ပြန်ခဲ့ ကြေညာချက်မှာ Non CDM များ CDM ပြုလုပ်ဖို့နဲ့ လာမယ့် ၆လအတွင်း CDM မလုပ်ရင် အရေးယူမယ်လို့ အသိပေးထားပါတယ်။ TNLA ရဲ့ လှုပ်ရှားဂွင်ဖြစ်တဲ့ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ မန်တုံ၊ မိုးမိတ်၊ မိုးကုတ်၊ နမ့်ခမ်း၊ ကွတ်ခိုင် ၊ မူဆယ် အဲဒီမြို့နယ်တွေက စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေကို သတိပေးလိုက်တာဖြစ်ပါတယ်။

(ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် (၅၉)နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် မကျင်းပမီ တစ်ရက်အလိုတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ စစ်သားများသည် စုဝေးနေစဥ်။ STR/AFP via Getty Images)
(ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် (၅၉)နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် မကျင်းပမီ တစ်ရက်အလိုတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ စစ်သားများသည် စုဝေးနေစဥ်။ STR/AFP via Getty Images)

▪︎ဝက်လက်မှာစစ်တပ်ကိုဒရုန်းနဲ့တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မတ်လ ၁၁ ရက်၊နေ့လယ် ၁ နာရီခန့်က ပြည်သူ့နေအိမ်တွေကို ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး ည ၇ နာရီ ၁၀ မိနစ်ခန့်မှာလည်း လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY တာဝန်ခံက ပြောပါတယ်။

▪︎စစ်တပ်က​မြောင်နယ်၊ကင်းရွာမှာပစ္စည်း​တွေလုယက်ပြီး ၊ပြည်သူတစ်ဦးကိုပစ်သတ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မတ်လ ၁၁ ရက်၊ မနက် ၅ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီတပ်ဟာ ကင်းကျေးရွာကိုဝင်စီးပြီး ပစ္စည်းများလုယက်ကာ ပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။အဲဒီစစ်ကြောင်း ကင်းကျေးရွာကနေပြန်အထွက်မှာ ဒေသတွင်း ကျေးရွာတပ်ပေါင်းစုများနဲ့ မဟာမိတ်အဖွဲ့များက ပဒေသာမိုင်း ၂ပွိုင့်နဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ဦးနေရာမှာ လဲကျသွားတယ်လို့ Myaung Union Army အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪︎ပြည်ကြီးတံခွန်ဆရာတော်အသက်အန္တရာယ်ကြုံရင်စစ်တပ်တာဝန်ယူရမည်လို့သံဃသမဂ္ဂ(မန္တ​လေး)ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ သတင်းများထွက်ပေါ်နေပြီး ဆရာတော် ဦးအဂ္ဂ အသက်အန္တရာယ်ဖြစ်ပေါ်ခဲ့ပါက စစ်ကောင်စီမှာ ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမည်ဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)က မနေ့က မတ်လ ၁၁ ရက်နေ့မှာ သတိပေးကြေညာပါတယ်။

မန္တလေး ပြည်ကြီးတံခွန်သပိတ် ဆရာတော် ဖမ်းခံရ
မန္တလေး ပြည်ကြီးတံခွန်သပိတ် ဆရာတော် ဖမ်းခံရ

▪︎Chinlung Chuak Artist အဖွဲ့ ကို ယာယီသမ္မတချီးကျူးဂုဏ်ပြု

We are The World ကာဗာသီချင်းနဲ့ မြန်မာ့နွေဦးတော်လှန်ရေးကို နိုင်ငံတကာမှ စိတ်ဝင်စားမှုရအောင် လုပ်နိုင်ခဲ့တဲ့ Chinlung Chuak Artist အဖွဲ့ ကို ကျေးဇူးတင်ကြောင်းအမျိုးသားညီညွတ်​ရေးအစိုးရယာယီသမ္မတဒူးဝါလရှီးလ ကချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

“ သက်တမ်း ၂နှစ်ရှိလာတဲ့ကျွန်တော်တို့ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းကို ကမ္ဘာ့မီဒီယာထဲစဉ်ဆက်မပြတ်စီးမြောပါဝင်နေအောင်လုပ်ဖို့ အရေးကြီးတယ်ဆိုတာသတိထားမိပါတယ်။ကျွန်တော်တို့ပြည်သူတွေဟာစစ်အာဏာရှင်တိုက်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ နိုင်ငံတကာရဲ့ ထောက်ခံပံ့ပိုးမှု လိုအပ်လို့ပဲဖြစ်ပါတယ်။ရဖို့ခက်ခဲသလောက်လိုအပ်တဲ့ကမ္ဘာ့စိတ်ဝင်စားမှုကို မြန်မာ့နွယ်ဖွား ချင်းတိုင်းရင်းသားလူငယ်တွေ ဦးဆောင်တဲ့ Chinlung Chuak Artist အဖွဲ့က သူတို့ရဲ့ အနုပညာဖန်တီးမှု စွမ်းအားနဲ့ ရယူပေးနိုင်ခဲ့တာကို တွေ့ရပါတယ်” လို့ယာယီသမ္မတဒူးဝါလရှီးလကချီးကျူးခဲ့တာပါ။သီချင်းကိုစီစဉ်အကောင်အထည်ဖော်ပါဝင်ကြိုးပမ်းခဲ့ကြသူတိုင်းကိုမြန်မာ့နွေဦးတော်လှန်ရေးအင်အားစုများနဲ့ မြန်မာပြည်သူများကိုယ်စားအထူးကျေးဇူးတင်​ကြောင်း ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်​ကြောင်း​​​ဖော်ပြထားပါတယ်။

Chinlung Chuak Artist အဖွဲ့ ကို ယာယီသမ္မတချီးကျူးဂုဏ်ပြု
Chinlung Chuak Artist အဖွဲ့ ကို ယာယီသမ္မတချီးကျူးဂုဏ်ပြု

You May Also Like