Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတွင် ယမန်နေ့တစ်ရက်တည်း ရဲဘော် ၁၇ဦးထက်မနည်း အသတ်ခံရဟုဆိုစစ်ကောင်စီတပ်က ပြည်သူ သုံးဦးကိုပါ သတ်ဖြတ်သွား

စစ်ကောင်စီတပ်က ကင်းတော်ရွာ အပါအဝင် သုံးလင့်ကိုင်းပြင်၊ လယ်ပါယ်တော၊ မြင်းဆည်၊ဥယျာဉ်မြစ်သာစသည့် ကျေးရွာများကို ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့သည်။

(သိမ်းဆည်းခံရသောလက်နက်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(သိမ်းဆည်းခံရသောလက်နက်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ငါန်းဇွန်မြို့ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ) စခန်းစီးနင်းခံရမှုအပါအဝင် ယမန်နေ့တစ်ရက်တည်း ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၇ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇွန်လ၂၅ရက်) နံနက် ၅နာရီခန့်က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ရေယာဉ်များဖြင့် စစ်ကိုင်းတိုင်းဘက်သို့ ဖြတ်ကူးလာသော စစ်ကောင်စီတပ်များသည် ကင်းတော်ကျေးရွာအပါအဝင် မြစ်ကမ်းဘေး ကျေးရွာများကို ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပထမ ၁၂ ယောက်သေတယ်။ နောက်တိုးတွေလည်းရှိတယ်။ ရေနစ်သတ်သွားတာရော။ စုစုပေါင်း ၁၇ယောက်လောက်ရှိတယ် ပြောတယ်။ကောင်မလေးနှစ်ယောက်က မုဒိန်းကျင့်အသတ်ခံရတယ်တဲ့။သေနတ်တွေလည်း ပါသွားတယ်။”ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

တိုက်ခိုက်ခံရမှုမှာ ကင်းစောင့် အားနည်းဟုထင်ရပြီး အငိုက်မိ၍ တိုက်ခိုက်ခံရခြင်းဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ကင်းတော်ရွာ အပါအဝင် သုံးလင့်ကိုင်းပြင်၊ လယ်ပါယ်တော၊ မြင်းဆည်၊ဥယျာဉ်မြစ်သာစသည့် ကျေးရွာများကို ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့သည်။

ထို့နောက် ကင်းတော်ရွာအနီးရှိ PDF စခန်းတစ်ခု စီးနင်းခံရကာ PDF ရဲဘော် ၁၅ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်များပါ သိမ်းဆီးခံလိုက်ရကြောင်း၊ ထို့အပြင် ကင်းတော်ရွာရှိ ဒေသခံပြည်သူ သုံးဦးလည်း သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“ငါန်းဇွန်(ပကဖ)အဖွဲ့စခန်း အစီးခံရတယ်ပြောတယ်။ ကိုင်းပြင်၊ လယ်ပါယ်တောမီးရှို့သွားတယ်။ ငါန်းဇွန်တို့တံတားဦးတို့ဘက်က နေလို့မရဘူး။ ဒီဘက်စစ်ကိုင်းဘက်မှာ လာအခြေချကြတယ်။ စစ်ကိုင်းဘက်မှာပဲအခြေပြု လှုပ်ရှားကြတယ်။”ဟု စစ်ကိုင်းခရိုင်ရင်း (၁)ခေါင်းဆောင် ဗိုလ်ယက္ခက ပြောသည်။

အလားတူ ယမန်နေ့ ဇွန်လ ၂၅ ရက်ကပင် စစ်ကောင်စီတပ်က စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ပေါ်သို့ ရောက်ရှိလာသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်းဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“ဆားတောင်မြို့ပေါ်တက်ပြီး ဖုန်းဝယ်တာလား၊ ပိုက်ဆံသွားထုတ်တာလားမသိဘူး။ ဆားတောင်စခန်းထဲက ဆိုင်ကယ်နှစ်စီး လူနှစ်ယောက်ထွက်လာပြီးတော့ ဝင်ပစ်သွားတာ။ လမ်းပေါ်မှာပဲပွဲချင်းပြီးသွားပြီး ဂန်းတစ်လတ်ပါသွားတယ်။”ဟု ဒေသတွင်း ရဲဘော်တစ်ဦးက ပြောသည်။

ကင်းတော်ကျေးရွာဖြစ်စဥ်တွင် ကျည်ထိမှန် ဒဏ်ရာရ၍ ဖမ်းဆီးခံလိုက်ရသူများလည်းရှိပြီး ပြည်သူအချို့လည်းဖမ်းဆီးသတ်ဖြတ်ခံရမှုများရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်များတွင်မူ ကင်းတော်ရွာမှ PDF ၁၂ ဦး သေဆုံးပြီး M-၂၂ သေနတ် ၁၂ လက်၊ (၄၀)မမခတစ်လက်၊ ၇၉ ဗုံးပစ်လောင်ချာ တစ်လက်၊ စနိုက်ပါ တစ်လက်၊ M-၂၂ကျည် ၄၉၅၀ တောင့်၊ ၇.၆၂ ကျည် ၅၉ တောင့်၊ ရှော့တိုက်ဒုံးသီး ၂ လုံး၊ (၄၀)မမ ဗုံးသီးအလုံး ၈၀၊ ကျည်အိမ် ၃၃ ခု၊ လက်ပစ်ဗုံး နှစ်လုံးနှင့် ယူနီဖောင်းများ သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။