Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇွန်လ ၂၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မင်းတပ်နဲ့ ကျောက်ထုကြား စစ်​ကောင်စီတပ်ယာဥ်တန်းတိုက်ခိုက်ခံရ၊ စစ်တပ်က​ လေ​ကြောင်းစစ်​ကူ​ပေး

မင်းတပ်နဲ့ ကျောက်ထုမြို့ကြားသို့ရောက်နေတဲ့ စစ်ကောင်စီယာဉ်တန်းနဲ့ ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖိုက်တာ နှစ်စီးနဲ့ လာရောက် တိုက်ခိုက်သွားတယ်လို့ ​ဒေသခံ​ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက​ပြောပါတယ်။ စစ်ကောင်စီရိက္ခာတင်ကား ၉ စီးနှင့် အင်အား ၂၀၀ ကျော် လုံခြုံရေးယူထားတဲ့ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒီနေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ် မြေပြင်မှာ ပိတ်မိနေစဉ် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတယ်လို့ မင်းတပ်CDF မှ ရဲဘော်တစ်ဦးကလည်း အတည်ပြုပါတယ်။

( မင်းတပ် ၊​ကျောက်ထု နှင့် ချင်း-မ​ကွေး နယ်စပ်​ဒေသများကို Google Map တွင်​တွေ့ရမှု ။ စစ်​ကောင်စီတပ်က ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြု​နေ​သောရုရှားထုတ် YAK-130 ​လေယာဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
( မင်းတပ် ၊​ကျောက်ထု နှင့် ချင်း-မ​ကွေး နယ်စပ်​ဒေသများကို Google Map တွင်​တွေ့ရမှု ။ စစ်​ကောင်စီတပ်က ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြု​နေ​သောရုရှားထုတ် YAK-130 ​လေယာဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

▪️ဖားဆောင်းမှာဒေသခံလေးဦးကို စစ်ကောင်စီတပ်​ သတ်ဖြတ်

တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့နယ်မျာ စစ်ကောင်စီတပ်​ သတ်ဖြတ်ခဲ့တဲ့ ဒေသခံပြည်သူလေးဦး​ရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။ မနေ့ နေ့ခင်းက စစ်ကောင်စီက လေကြောင်းအသုံးပြုကာ နှစ်ကြိမ်တိုင်ပစ်ခတ်ခဲ့တဲ့ နန်းကစ်ကျေးရွာမှ ဒေသခံရွာသား လေးဦးမှာ လမ်းမပေါ်မှာ သေဆုံးနေတာ တွေ့ရပါတယ်။ နန်းကစ်ကျေးရွာမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ကရင်နီတပ်မတော်ရဲ့ ထိန်းချုပ်နယ်မြေဖြစ်ပြီး လက်ရှိ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက ဗုံးကြဲခဲ့တာလို့ ဒေသခံက ပြောပါတယ်။

(စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့် နန်းကစ်ရွာသားလေးဦး နှင့် ၎င်းတို့၏ စျာပန အားတွေ့ရစဥ် ။ဓာတ်ပုံ - CJ)
(စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့် နန်းကစ်ရွာသားလေးဦး နှင့် ၎င်းတို့၏ စျာပန အားတွေ့ရစဥ် ။ဓာတ်ပုံ – CJ)

▪️နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ ၁.၈ သန်းကျော်ရှိလာဟု UNHCR ​ပြော

မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူအရေအတွက် ၁.၈ သန်းကျော်(၁,၈၅၁,၇၀၀)ရှိနေပြီလို့ ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR ရဲ့ အစီရင်ခံစာထုတ်ပြန်ချက်အရ သိရပါတယ်။ အပြည်ပြည်ဆိုင်ရာဒုက္ခသည်များနေ့မတိုင်မီ UNHCR ရဲ့ အစီရင်ခံစာမှာ ဖော်ပြခြင်းဖြစ်ပြီး နေရပ်စွန့်ခွာသူ ၁.၈ သန်းကျော်အနက် ၁.၅ သန်ကျော်(၁,၅၂၃,၇၀၀)မှာ စစ်အာဏာသိမ်းမှုအပြီး ပြည်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရေအတွက်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာသူအရေအတွက် ၇၆၅,၂၀၀ ဦးဖြင့် အများဆုံးဖြစ်ပါတယ်။

▪️စစ်ကိုင်းမှာ မနေ့က ရဲဘော် ၁၇ ဦးထက်မနည်း အသတ်ခံရ၊ ပြည်သူ သုံးဦးကိုပါ စစ်ကောင်စီတပ် သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ အခြေစိုက်တဲ့ ငါးဇွန်ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ) စခန်းစီးနင်းခံရမှုအပါအဝင် မနေ့က တစ်ရက်တည်း ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၇ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ဧရာဝတီမြစ်ကြောင်းအတိုင်း ရေယာဉ်များနဲ့ စစ်ကိုင်းတိုင်းဘက်သို့ ဖြတ်ကူးလာတဲ့ စစ်ကောင်စီတပ်များဟာ ကင်းတော်ကျေးရွာအပါအဝင် မြစ်ကမ်းဘေး ကျေးရွာများကို ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ ကင်းတော်ရွာရှိ ဒေသခံပြည်သူ သုံးဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။

(သိမ်းဆည်းခံရသောလက်နက်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(သိမ်းဆည်းခံရသောလက်နက်များအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️ရေဖြူမှာ ဒေသခံများရဲ့ ကားနဲ့လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ရေဖြူမြို့မှ ကလိန်အောင်မြို့ဘက်သို့ ဒေသခံများ​ရဲ့ ကားများနဲ့လာတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ခန့်လိုက်ပါလာတဲ့ ယာဉ်တန်းကို ဇွန်လ၂၃ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့ပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ကလိန်အောင်မြို့အခြေစိုက်ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ကားလေးစီးပါတဲ့ အဲဒီယာဉ်တန်းကို ဟိန်းဇဲကျေးရွာအနီး ရေပူစမ်းလမ်းအကွေ့အကျော်မှာ ပေါက်ကွဲအားပြင်း မိုင်းများနဲ့ သုံးကြိမ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များ နှစ်ဖက်အပြန်အလှန် မိနစ်အနည်းငယ်ကြာအောင် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ​၏ ယာဉ်တန်း။ ဓာတ်ပုံ - အီးပီအေ)
(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ​၏ ယာဉ်တန်း။ ဓာတ်ပုံ – အီးပီအေ)

▪️မြင်းမူမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒရုန်းတပ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မရဲစခန်းနဲ့ မြင်းမူထွေအုပ်ရုံးတွေကို ဇွန်လ ၂၄ ရက်က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ရဲစခန်း အဆောက်အဦး နှစ်လုံးနဲ့ ထွေအုပ်ရုံး အဆောက်အဦး သုံးလုံးပေါ် ဗုံးတိုက်ရိုက်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်အုပ်စု ထိခိုက်မှုရှိပေမယ့် အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲလို့ Federal Wings က ပြောထားပါတယ်။

မြင်းမူမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒရုန်းတပ် တိုက်ခိုက်
မြင်းမူမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒရုန်းတပ် တိုက်ခိုက်

▪️အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို MNDAAက ဆုချီးမြှင့်ပြီး တပ်စိပ်မှူးအဆင့် ခန့်အပ်တာဝန်ပေး

ကိုးကန့်တပ်မတော်(MNDAA)ထံလက်နက်နှင့်အတူ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သာ တစ်ဦးကို တပ်စိပ်မှူးအဆင့်ဖြင့် MNDAA ထံ တာဝန်ပေး ခန့်အပ်ခဲ့တယ်လို့ ကိုးကန့်သတင်းရင်းမြစ်က အတည်ပြုပါတယ်။ စစ်ကောင်စီရဲ့ တပ်မ(၉၉)၊ ခမရ(၄၁၉)တပ်မှ တပ်သားသန်းထိုက်အောင်ဟာ ဇွန်လ ၂၀ ရက်မှာ လက်နက်ခဲယမ်းများနှင့်အတူ MNDAA ထံ လက်နက်ချ အလင်းဝင်လာခဲ့တာပါ။ အဲဒီစစ်ကောင်စီတပ်သားကို မုံးကိုးခရိုင်အုပ်ချုပ်ရေးအဖွဲ့က ကျပ်သိန်း ၂၀ နဲ့ ဂုဏ်ပြုခဲ့ပြီး တပ်စိတ်မှူးအဆင့်တာဝန်ပေးခဲ့တယ်လို့ MNDAAက ထုတ်ပြန်ပါတယ်။ တပ်သားသန်းထိုက်အောင်က စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီး ပြည်သူလူထုကို အနိုင်ကျင့်တဲ့ လုပ်ရပ်များကြောင့် MNDAA ထံ လက်နက်ချအလင်းဝင်းခဲ့တာလို့ ပြောပါတယ်။