Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခရီးသည်တင်ယာဥ်ဖြင့်သယ်လာသည့် ဒုရဲအုပ်တစ်ဦး၏ ရဲအသုံးအဆောင်ပစ္စည်းများကို KNLA/PDF ပူးပေါင်းတပ် စစ်ဆေးတွေ့ရှိ၍ မီးရှို့ဖျက်ဆီး

KNLA တပ်ရင်း(၂၇)အနေဖြင့် ယခုစစ်ဆေးမှုများ မလုပ်ဆောင်မီကတည်းက စစ်ကောင်စီတပ်နှင့် ပတ်သက်သည့် ပစ္စည်း၊ လူများတင်ဆောင်လာပါက အရေးယူမည်ဖြစ်ကြောင်း ဇွန်လ ၁၀ရက်တွင် အသိပေးထားသည်။

(ဖမ်းဆီးရမိသည့် ရဲအသုံးအဆောင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - ဒုစစ်ဒေသခွဲမှူးရုံး၊စစ်ဒေသခွဲအမှတ်-၃၊တောင်ပိုင်းတိုင်း၊ J.0.C)
(ဖမ်းဆီးရမိသည့် ရဲအသုံးအဆောင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - ဒုစစ်ဒေသခွဲမှူးရုံး၊စစ်ဒေသခွဲအမှတ်-၃၊တောင်ပိုင်းတိုင်း၊ J.0.C)

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်ကြား အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်၌ ခရီးသည်တင်ယာဥ်ဖြင့် သယ်ဆောင်လာသည့် ရဲအသုံးဆောင်ပစ္စည်းများကို ယနေ့ စစ်ဆေးတွေ့ရှိဖမ်းဆီးရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း အမှတ်(၃) စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမှူးရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းတွင် ဇွန်လလယ်မှစ၍ KNLA တပ်ရင်း (၂၇)နှင့် PDFပူးပေါင်းတပ်များက လုံခြုံရေးရယူပြီး စောင့်ကြည့်စစ်ဆေးနေခြင်းဖြစ်သည်။

“ဒီကနေ့ နေ့လည်ပိုင်းက ဘေးလမိုင်းရွာအနီးမှာ ရွှေစင်စင်္ကြာခရီးသည်တင်ကားနဲ့တင်ဆောင်လာတဲ့ ရဲအသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ ရဲအသုံးအဆောင်ပစ္စည်းတွေဟာ ဒုရဲအုပ်နိုင်လွင်ဦးရဲ့ ပစ္စည်းတွေဖြစ်ပြီး ဖမ်းမိပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်”ဟု အမှတ်(၃) စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမှူးရုံးက သတင်းထုတ်ပြန်သည်။

KNLA တပ်ရင်း(၂၇)အနေဖြင့် ယခုစစ်ဆေးမှုများ မလုပ်ဆောင်မီကတည်းက စစ်ကောင်စီတပ်နှင့် ပတ်သက်သည့် ပစ္စည်း၊ လူများတင်ဆောင်လာပါက အရေးယူမည်ဖြစ်ကြောင်း ဇွန်လ ၁၀ရက်တွင် အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ထို့နောက် ဇွန်လ ၁၈ရက်မှစ၍ အဆိုပါလမ်းပိုင်း၌ KNLA။PDF ရဲဘော်များက စစ်ဆေးမှုများ နေ့စဉ်လုပ်ဆောင်နေခြင်းဖြစ်သည်။ စစ်ဆေးမှု ပထမနေ့တွင်လည်း စစ်ကောင်စီတပ်နှင့်ပတ်သက်သူ လေးဦးကို စစ်ဆေးတွေရှိ၍ ခေါ်ဆောင်ထားကြောင်းနှင့် အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်း၌ သွားလာနေသည့် ယာဉ်များအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် လူများ၊ ပစ္စည်းများ တင်ဆောင်ခြင်းမပြုရန်၊ ပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်ယာဉ်များဖြင့်လိုက်ပါစီးနင်းခြင်းမပြုရန် ပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်တွန်းထားသည်။ ထို့ပြင် အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အသုံးပြုသည့် ယာဉ်များ အနေဖြင့်လည်း ပူးပေါင်းတပ်ဖွဲ့ဝင်များ စစ်ဆေးသည့်အခါ ကြည်ဖြူစွာအစစ်ဆေးခံရန် ထပ်မံတိုက်တွန်းထားသည်။

အဆိုပါလမ်းပိုင်း၌ စစ်ဆေးမှုများ ပုံမှန်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သာမန်ခရီးသွားပြည်သူများအနေဖြင့် အမိန့်ကြေညာချက်ပါအချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် စိတ်ချယုံကြည်စွာ သွားလာနိုင်ကြကြောင်း အသိပေးထုတ်ပြန်ထားသည်။