Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၂၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ကြား ဒီနေ့ တိုက်ပွဲပြင်းထန်နေ

ကရင်နီပြည်နယ် ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ကြားမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ နေ့ခင်းကစလို့ သံလွင်မြစ်အရှေ့ဖက်ခြမ်းရှိ ဖားဆောင်းမြို့နယ်(ကျောက်ပန်းညိုရွာ)ကျော်ကာ မယ်စဲ့မြို့နယ်ရှိ ကျောက်စုကျေးရွာသို့ စစ်ထိုးဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့မှု ပြင်းထန်နေတာလို့ ဆိုပါတယ်။ မြေပြင်အခြေအနေမှာ စစ်ကောင်စီဘက်မှ အကျအဆုံးများနေလို့ လေကြောင်းစစ်ကူခေါ်ပြီး ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေရတယ်လို့ ကရင်နီစစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် မိုးဗြဲ-လွိုင်ကော်နဲ့ မိုးဗြဲအရှေ့ဘက်ခြမ်း တိုက်ပွဲတွေမှာ စစ်ကောင်စီ ယာဥ်နှစ်စီးမီးလောင်ပြီး သေဆုံးသူလည်းများပြားတယ်လို့ သိရပါတယ်။

(မယ်စဲ့မြို့နယ် စစ်ရေးတစ်နေရာ၌ တွေ့ရသော ကရင်နီတပ်ပေါင်းမှ ရဲဘော်များ။ ဓာတ်ပုံ - CJ)
(မယ်စဲ့မြို့နယ် စစ်ရေးတစ်နေရာ၌ တွေ့ရသော ကရင်နီတပ်ပေါင်းမှ ရဲဘော်များ။ ဓာတ်ပုံ – CJ)

▪️NUG အမှတ်(၁)စစ်ဒေသမှာ ဇွန်လတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၄၀၀ ကျော်သေဟု ကာကွယ်ရေး ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသနယ်မြေတွေမှာ ဇွန်လအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၃၇၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။ စစ်ဒေသ(၁)နယ်မြေတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၄၁၇ ဦး သေဆုံးကာ ၅၂၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ရန်သူ့ထံမှ လက်နက်မျိုးစုံ (၄၈)လက်နဲ့ ဒရုန်း(၂၅)စီး အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ၄၇ ဦး ကျဆုံးကာ ၁၄၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

(အမှတ်(၁) စစ်ဒေသ၊ မော်လိုက်ခရိုင်တပ်ရင်း (၂)က မော်လိုက်မြို့နယ်၊ တောင်အင်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - MOD/NUG)
(အမှတ်(၁) စစ်ဒေသ၊ မော်လိုက်ခရိုင်တပ်ရင်း (၂)က မော်လိုက်မြို့နယ်၊ တောင်အင်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – MOD/NUG)

▪️လိုင်ဇာအနီးတိုက်ပွဲတွေမှာ စစ်ကောင်စီတပ် အတုံးအရုန်းသေနေဟု KIA ရှေ့တန်းမှ PDF ရဲဘော်ပြော

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာအနီး နမ့်ဆန်ယန်ဒေသ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့‌တယ်လို့ KIA နယ်မြေ ရှေ့တန်းရောက် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီက လိုင်ဇာဌာနချုပ်ကို တိုက်ခိုက်ရာမှာ စစ်ကောင်စီက အောင်မြင်မှုများရနေတယ်လို့ စစ်ကောင်စီ လော်ဘီများက ဝါဒဖြန်နေ့ခြင်းနဲ့ပတ်သက်လို့ ရှေ့တန်းရောက်ရဲဘော်က ရှင်းပြပါတယ်။ လက်နက်မပြည့်စုံတဲ့ စစ်ကိုင်းတိုင်းမှာတောင် စစ်ကောင်စီတပ်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို မနှိမ်နင်းနိုင်ဘဲ လိုင်ဇာနေရာမျိုးမှာ ဘယ်လိုမှ မယှဥ်နိုင်ကြောင်း သူက ဆိုပါတယ်။ အင်အားကြီးတဲ့စစ်တပ် ကျရှုံးနေခြင်းမှာ မင်းအောင်လှိုင်က အာဏာရူးပြီး ပြည်သူလူထုကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်တယ်လို့ PDF ရဲဘော်က သုံးသပ်ပါတယ်။

(လိုင်ဇာမြို့ တစ်နေရာတွင် လုံခြုံရေးယူနေသော KIA တပ်သားတစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - GETTY IMAGES)
(လိုင်ဇာမြို့ တစ်နေရာတွင် လုံခြုံရေးယူနေသော KIA တပ်သားတစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ – GETTY IMAGES)

▪️မကွေး-ချင်းနယ်စပ် ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်ကို CNA/CDF/PDF ပူးပေါင်း တိုက်ခိုက်

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ဇူလိုင် ၂၄ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CAN)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ ရန်သူ့တပ်ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဇူလိုင် ၂၄ ရက်က နေရာ နှစ်ခုမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ မဟာမိတ်ပူးပေါင်းဘက်မှ ရဲဘော် ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

(CNA/CDF/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(CNA/CDF/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD/NUG)

▪️စစ်​ကောင်စီက ခမ်းပါတ်မြို့ကို​ လေ​ကြောင်းမှ ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ တမူးခရိုင် ခမ်းပါတ်မြို့မှာ ​​လေးရက်ဆက်တိုက်ပွဲများဖြစ်ပွားပြီး​နောက် ​စစ်​ကောင်စီတပ်က ခမ်းပက်မြို့အနီး ဝန်းကျင်​ကျေးရွာများကို မနေ့ ညနေနဲ့ ညပိုင်းက ​​လေ​ကြောင်းမှ ပစ်ခတ်တိုက်ခိုက်၊ ဗုံးကြဲခဲ့​တယ်လို့ ဒေသခံအချို့က ​ပြောပါတယ်။ ရက်ဆက်တိုက်ပွဲများမှာ ​အထိနာ​​နေတဲ့ စစ်​ကောင်စီဟာ မနေ့ည​နေပိုင်းက ခမ်းပါတ်မြို့ကို Mi-35 ရဟတ်ယာဥ်အသုံးပြုတိုက်ခိုက်ခဲ့သလို ညပိုင်းမှာလည်း တိုက်​လေယာဥ်နဲ့ ဗုံးအလုံး​ရေများစွာကြဲချ​ခဲ့တယ်လို့ ဆိုပါတယ်။ ခမ်းပါတ်မြို့မှာ ရပ်ကွက်ငါးခုရှိရာ ရပ်ကွက်တိုင်းကို စစ်​ကောင်စီက ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုအ​ခြေအ​နေကိုမူ မသိရသေးပေ။

▪️ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်မှ စစ်သားသုံးဦး အလင်းဝင်လာ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်မှ စစ်သားသုံးဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ထွက်ပြေးလာပြီး အလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။ အသက်(၁၈)နှစ် မပြည့်သေးသူ တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား သုံးဦးဟာ ဇူလိုင် ၂၂ ရက် ညနေမှာ စစ်ကြောင်းမှ ထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ခဲ့တာလို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ လတ်တလောမှာ စစ်ကောင်စီတပ်ဟာ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းဒေသတွေမှာ အင်အားတိုးချဲ့နေပါတယ်။

▪️ဂေါဝိန်ဆိပ်ကမ်းမှ စစ်ကောင်စီသင်္ဘော ကိုးစီး အထက်သို့ ဆန်တက်လာ

မန္တလေးတိုင်း၊ မန္တလေးမြို့ရှိ ဂေါဝိန်ဆိပ်ကမ်းမှ ထောက်ပို့သင်္ဘောများအပါအဝင် စစ်သင်္ဘော ကိုးစီး ဧရာဝတီမြစ်အထက်ပိုင်းသို့ ဆန်တက်လာတယ်လို့ ဒေသတွင်း ကင်းထောက်ရဲဘော်များက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ထောက်ပို့သင်္ဘောနဲ့ စစ်သင်္ဘောများ အထက်သို့ဆန်တက်လာတယ်လို့ Wetet Informational Networkအဖွဲ့ကလည်း ဖော်ပြပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ အဲဒီစစ်သင်္ဘောတွေဟာ မနက် ၉ နာရီခန့်မှာ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအနီးသို့ ရောက်ရှိနေတယ်လို့ သိရပါတယ်။

(ဂေါဝိန်ဆိပ်မှထွက်လာသော စစ်​သင်္ဘောများအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetet Informational Network)
(ဂေါဝိန်ဆိပ်မှထွက်လာသော စစ်​သင်္ဘောများအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetet Informational Network)

▪️မြိုင်နယ်မှာ စစ်ကောင်စီတပ်က ညသန်းခေါင်စစ်ကြောင်းထိုးပြီး ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသွား

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ညသန်းခေါင် စစ်ကြောင်းထိုးလာလို့ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံများက ပြောပါတယ်။ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ကျေးရွာ ပျူစောထီးစခန်းမှထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၂၄ ရက် ညနေပိုင်းက မြိုင်မြို့နယ်၊ နှောပင်ကျေးရွာကို ပစ်ခတ်ဝင်ရောက်ပြီး ဒေသခံပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ကောင်စီတပ်နဲ့ ပျူများကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် (ပကဖ) တပ်ခွဲ(၂) Young Force(UG)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အဲဒီ စစ်ကောင်စီတပ်ဟာ မနေ့ မနက်ပိုင်းက မြိုင်မြို့နယ်အရှေ့ပိုင်းကျေးရွာများသို့ ဆက်လက်ဝင်ရောက်မွှေနှောက်နေပါတယ်။

(စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၁ မတ်လအတွင်းက ရန်ကုန်မြို့၌ တွေ့ရစဉ်။ ဓာတ်ပုံ-EPA/EFE)
(စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၁ မတ်လအတွင်းက ရန်ကုန်မြို့၌ တွေ့ရစဉ်။ ဓာတ်ပုံ-EPA/EFE)