Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၂၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ကုလဆိုင်ရာမြန်မာသံအမတ်ကြီးအား လုပ်ကြံဖို့ ပူးပေါင်းပါဝင်သူကို အမေရိကန်တရားရုံး အပြစ်ရှိကြောင်း ဆုံးဖြတ်

ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုမှာ ပါဝင်ခဲ့တဲ့ ဖြိုးဟိန်းထွဋ်ကို အမေရိကန်တရားရုံးက အပြစ်ရှိသည်ဟု စစ်ဆေးတွေ့ရှိကြောင်း မနေ့က ကြေညာပါတယ်။ နယူးယောက် တောင်ပိုင်းခရိုင်ဆိုင်ရာ ရှေ့နေ ဒါမီယန်ဝီလီယမ်က မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ်ဟာ ကုသလမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးကို လုပ်ကြံသတ်ဖြတ်ဖို့ ပူးပေါင်းပါဝင်မှုရှိကြောင်း စွဲချက်တင်ခဲ့ပြီး ရှစ်ရက်ကြာ တရားခွင်ကြားနာမှုအပြီး ဖြိုးဟိန်းထွဋ်မှာ ပြစ်မှုကျူးလွန်တယ်လို့ တွေ့ရှိရကြောင်း အမေရိကန်တရားရေးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်လို့ ခရိုင်တရားသူကြီး နေလ်ဆန်ရာမန်က လာမယ့် ၂၀၂၄ မတ်လ ၁၄ ရက်မှာ အမိန့်ချမှတ်မှာပါ။ အသက် ၂၉ နှစ်အရွယ် ဖြိုးဟိန်းထွဋ်ကို နိုင်ငံခြားအရာရှိတစ်ဦးကို လုပ်ကြံဖို့ ပူးပေါင်းပါဝင်မှု ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့ပြီး သူဟာ အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရနိုင်ပါတယ်။

▪️မြစ်ကြီးနား-ဗန်းမော်လမ်းမှာ စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)က မိုင်းဖြင့်တိုက်ခိုက်ခဲ့တယ်လို့ ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက မလန့်ယန်က ထွက်လာတဲ့ စစ်ကြောင်းကို KIA ကမိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ကျဆုံး စာရင်းမသိရေသးဘူးလို့ ဆိုပါတယ်။ အခြားဒေသခံတစ်ဦးကလည်း ဗန်းမော်-မြစ်ကြီးနားလမ်း မလိယန်မှ ဒဘတ်ယန်သို့ လာတဲ့ စစ်ကောင်စီတပ်ကို KIA တပ်မဟာ(၁)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ပြောပါတယ်။

(ကချင်လွတ်လပ်ရေး တပ်မတော်(KIA)မှ တပ်သားများအား‌တွေ့ရစဥ်။ ဓာတ်ပုံ - အေပီ)
(ကချင်လွတ်လပ်ရေး တပ်မတော်(KIA)မှ တပ်သားများအား‌တွေ့ရစဥ်။ ဓာတ်ပုံ – အေပီ)

▪️မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

မိုးဗြဲ-လွိုင်ကော်လမ်းမတစ်လျှောက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်များက​ ပြောပါတယ်။ မိုးဗြဲ-လွိုင်ကော်လမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးခြင်းအပါအဝင် ရှမ်းပြည်အခြေစိုက်တပ်များကို လွိုင်ကော်မြို့သို့ အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်များအကြား ဇူလိုင် ၂၁ ရက်ကစလို့ တိုက်ပွဲများစတင်ခဲ့တာပါ။ မနေ့က မိုးဗြဲအရှေ့ဘက် ဆောင်ကန်းနဲ့ ကန်းကျိုင်းမှာ တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး ၆ နာရီကြာတဲ့အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား သေဆုံးမှုရှိကာ ကရင်နီပူးပေါင်းတပ်မှ ထိခိုက်ဒဏ်ရာရရှိသူရှိတယ်လို့ ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တစ်ဦးက အသိပေးပါတယ်။

(မိုးဗြဲ-လွိုင်ကော်လမ်းမကြီးတွင် စစ်ကောင်စီတပ် အား ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်နေစဉ်။(ပုံဟောင်းအသုံးပြုထားပါသည်)
(မိုးဗြဲ-လွိုင်ကော်လမ်းမကြီးတွင် စစ်ကောင်စီတပ် အား ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်နေစဉ်။(ပုံဟောင်းအသုံးပြုထားပါသည်)

▪️ယာဒိုဒေသမှာ နှစ်ပတ်ကြာတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ကျော်ပြုလုပ်ဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၂) ၊ တောင်ငူခရိုင် သံတောင်ကြီး(ဒေါ်ဖခို)မြို့နယ် ယာဒိုဒေသမှာ ဇူလိုင် ၁၁ ရက်မှ ၂၄ ရက်အထိ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ KNU တောင်ငူခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ၁၃ ရက်ကြာတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြထားခြင်းမရှိပေမယ့် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။ တိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘာသာရေးအဆောက်အဦးနှစ်လုံး၊ ပြည်သူလူထုအိုးအိမ်အလုံး ၂၀ ထက်မနည်း၊ စပါးကျီတစ်လုံး၊ လယ်ယာမြေနဲ့ စိုက်ပျိုးပင်များ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တောင်ငူခရိုင်က ထုတ်ပြန်ပါတယ်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦးနှင့် ပြည်သူနေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU - Taw Oo DOI News)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦးနှင့် ပြည်သူနေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – KNU – Taw Oo DOI News)

▪️KNLAပူးပေါင်းတပ် နယ်မြေစိုးမိုးထားတဲ့ ရေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ လေးနေရာဖြစ်

မွန်ပြည်နယ် ရေးမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှ ၁၁ ဦးသေဆုံးကာ အရာရှိ အပါအဝင် ဒဏ်ရာရသူအချို့ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၂၊ ၂၃ ရက်များက ဝင်းရေးမြို့နယ် (ရေးမြို့နယ်) ဝဲဝန်းရွာအနီးနဲ့ သံဖြူဇရပ်-ရေး လမ်းပိုင်းမှာ တိုက်ပွဲများ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

▪️စစ်ကောင်စီတပ် ဆောနယ် ကျောက်ထုသို့ ဦးတည်လာ၊ တိုက်ပွဲဆက်ဖြစ်နိုင်ဟု ဒေသခံ PDF အသိပေး

ချင်းပြည်နယ် ကန်ပက်လက်မြို့မှ တပ်ချိန်းပြန်လာတဲ့ စစ်ကောင်စီတပ်ဟာ ဆောမြို့နယ် ကျောက်ထုသို့ ဦးတည်လာနေတယ်လို့ ဆောမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကန်ပက်လက်မြို့မှ တပ်ချိန်းပြန်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ဒေသခံ ကာကွယ်ရေးတပ် ပူးပေါင်းဖွဲ့များဟာ ဇူလိုင် ၂၃၊ ၂၄ရက်များက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ငါးဦးထက်မနည်းသေဆုံးကာ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ခုဟာ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ သွားရောက်လျက်ရှိရာ အဲဒီစစ်ကြောင်းနဲ့လည်း တိုက်ပွဲဖြစ်ပွားမှုရှိခဲ့တယ်လို့ ကန်ပက်လက် CDF က အသိပေးပါတယ်။

(၂၀၂၂ ခုနှစ်တွင် မတူပီဘက်မှ ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းအားတွေ့ရစဥ်။ ဓာတ်ပုံ - HKL Mindat)
(၂၀၂၂ ခုနှစ်တွင် မတူပီဘက်မှ ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းအားတွေ့ရစဥ်။ ဓာတ်ပုံ – HKL Mindat)

▪️တန့်ဆည်မှာ ကင်းလှည့်လာတဲ့ စစ်အုပ်စုတိုက်ခို​က်ခံရပြီး နှစ်ဦးသေ၊ ယာဥ်တစ်စီး သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခို​က်ရာ နှစ်ဦးသေဆုံးပြီး မတ်တူးယာဥ်တစ်စီး သိမ်းဆည်းနိုင်ခဲ့တယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက တန့်ဆည်မြို့လမ်းဆုံမှာ မြို့တွင်းသို့ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးများ လို​က်ပါလာတဲ့ ယာဥ်သုံးစီးကို ပစ်ခတ်တိုက်ခို​က်ရာ နှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ တန့်ဆည်(ပကဖ)အဖွဲ့က ပြောပါတယ်။ စစ်အုပ်စုထံမှ ယာဥ်ကိုလည်း သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။

(သိမ်းဆည်းရမိသော ယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - တန့်ဆည်(ပကဖ))
(သိမ်းဆည်းရမိသော ယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ – တန့်ဆည်(ပကဖ))