Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန် ရာထူးက ရုတ်တရက် ထုတ်ပယ်ခံရ

နိုင်ငံခြားရေး ဝန်ကြီးရာထူးကို လက်ခံရရှိပြီး ၇ လလောက် အကြာမှာ ဖယ်ရှားခံလိုက်ရတဲ့ ချင်ရဲ့ ဖြစ်ရပ်ဟာ အဖြေရှာမရတဲ့ မေးခွန်းတွေ အများအပြားကို ချန်ထားခဲ့ပါတယ်။ သူဘာကြောင့် ထုတ်ပယ်ခံရတယ် ဆိုတာကို တိတိကျကျ မသိရသလို CCPကလည်း ရေလုံနှုတ်ပိတ်နေပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန် ရာထူးက ရုတ်တရက် ထုတ်ပယ်ခံရ
တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန် ရာထူးက ရုတ်တရက် ထုတ်ပယ်ခံရ

တရုတ် နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်ဟာ ရာထူးလက်ခံပြီး ၇ လလောက် အကြာမှာ အကြောင်းရင်း တိတိကျကျ မသိရဘဲ ထုတ်ပယ်ခံလိုက်ရပါတယ်။

ပြီးခဲ့တဲ့ တစ်လလောက်အတွင်း ချင်ဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့သလို အရေးကြီးတဲ့ နိုင်ငံတကာ တွေ့ဆုံပွဲတွေ၊ သံတမန်ရေးရာ အခမ်းအနားတွေကို မတက်ရောက်ခဲ့တာကြောင့် သူ့ရဲ့ ကံကြမ္မာအပေါ် ထင်ကြေး အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အစောပိုင်းမှာ ချင်ရဲ့ သတင်းအစအန ပျောက်ကွယ်နေမှုဟာ ကျန်းမာရေး အခြေအနေအရ ဆိုတာမျိုး မတင်မကျ ပြောခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ လုံးဝဥဿုံ ဘာမှတ်ချက်မှ မပေးတော့ဘဲ နှုတ်ဆိတ်သွားခဲ့ပါတယ်။

ဇူလိုင် ၂၅ ရက်မှာတော့ အသက် ၅၇ နှစ်အရွယ် ချင်ဟာ ရာထူးက ထုတ်ပယ်ခြင်း ခံလိုက်ရကြောင်း အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက အတည်ပြုခဲ့ပါတယ်။ ဒါဟာ လူမြင်ကွင်းမှာ ချင်ကို နောက်ဆုံး တွေ့ခဲ့ရပြီး တစ်လတိတိ အကြာမှာ ဖြစ်ပါတယ်။

တရုတ်ရဲ့ ထိပ်တန်း ဥပဒေပြု အရာရှိတွေဟာ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဝမ်ယိကို ခန့်အပ်ဖို့ မဲပေး အတည်ပြုခဲ့ကြကြောင်း ရှင်ဟွာက ဆိုပါတယ်။ ဝမ်ဟာ အာဏာရ တရုတ် ကွန်မြူနစ် ပါတီ (CCP)ရဲ့ သံတမန်ရေးရာ အကြီးအကဲဖြစ်ပြီး ချင်မတိုင်မီက နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူပါ။ ရှင်ဟွာက ချင်ဟာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးအဖြစ်ကနေ ဖယ်ရှားခံလိုက်ရပြီ ဆိုတာကိုလည်း အတည်ပြု ဖော်ပြသွားပါတယ်။

အခုအပြောင်းအလဲကို တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် လက်မှတ်ရေးထိုး အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။ CCPရဲ့ ဖွဲ့စည်းပုံအရ နိုင်ငံခြားရေး မူဝါဒတွေကို ပါတီရဲ့ ပိုမို အဆင့်မြင့်တဲ့ အရာရှိ တစ်ဦးက ကိုင်တွယ်ပြီး နိုင်ငံခြားရေး ဝန်ကြီးကို ညွှန်ကြားတာ ဖြစ်ပါတယ်။ ကနဦး ဖွဲ့စည်းပုံမှာ ဝမ်က ချင်ရဲ့ အထက်အရာရှိ ဖြစ်ပါတယ်။

အခုတော့ ဝမ်ဟာ ၂၀၁၃ ကနေ ၂၀၂၂ ခုနှစ်ထိ သူတာဝန်ယူခဲ့တဲ့ ရာထူးဟောင်းကိုပါ ပြန်လည် ပူးတွဲ တာဝန်ယူမယ့် သဘောပါပဲ။ လောလောဆယ်တော့ ဝမ်က တောင်အာဖရိက နိုင်ငံမှာ လုံခြုံရေး ညီလာခံတစ်ခုအတွက် ရောက်ရှိနေပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးရာထူးကို လက်ခံရရှိပြီး ၇ လလောက် အကြာမှာ ဖယ်ရှားခံလိုက်ရတဲ့ ချင်ရဲ့ ဖြစ်ရပ်ဟာ အဖြေရှာမရတဲ့ မေးခွန်းတွေ အများအပြားကို ချန်ထားခဲ့ပါတယ်။ သူဘာကြောင့် ထုတ်ပယ်ခံရတယ် ဆိုတာကို တိတိကျကျ မသိရသလို CCPကလည်း ရေလုံနှုတ်ပိတ်နေပါတယ်။

သူဟာ ဇူလိုင် ၄ ရက်တုန်းက ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ဂျိုးဆက် ဘော်ရဲလ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် အဲဒီကိစ္စကို တရုတ်ဖက်က ရုတ်တရက် ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကတည်းက ချင်ဟာ လုံးဝဥဿုံ သတင်းပျောက်ကွယ်နေခဲ့ပြီး အခုတော့ ရာထူးကနေ ထုတ်ပယ်ခံရကြောင်း အတည်ပြု ကြေညာချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။