Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၂၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ကရင်နီပြည်နယ်ရဲ့ ရုန်းထမှု၊ အောင်မြင်မှုရလဒ်များပုံဖော်နိုင်မှုအပေါ် ယာယီသမ္မတ ချီးကျူး

ကရင်နီပြည်နယ်အတွင်းရှိ တော်လှန်ရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များနဲ့ စစ်ရေးခေါင်းဆောင်အားလုံးရဲ့ အမြော်အမြင်၊ ကိုယ်စွမ်းကိုယ်စများဟာ လက်ရှိအောင်မြင်မှု ရလဒ်များကို ထုဆစ်ပုံဖော်တဲ့ အခြင်းအရာများဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ တစ်နိုင်ငံလုံး ဒီလိုရုန်းထမှု မျိုးနဲ့ တစ်ချီ၊နှစ်ချီလောက် ရုန်းထလိုက်ရင် အကြမ်းဖက်စစ်ကောင်စီကို ချက်ချင်းပြိုလဲအောင် လုပ်နိုင်ကြမှာ အသေအချာပဲလို့ ယာယီသမ္မတကဆိုပါတယ်။ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီတို့ ပေါ်ပေါက်လာခြင်းဟာ တခြားသောပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်များအတွက် ပထမဆုံး စံနမူနာပြုစရာများဖြစ်ပြီး အစိုးရအနေနဲ့ ဝမ်းသာဂုဏ်ယူလေးစား အသိအမှတ်ပြုတယ်လို့ ဖော်ပြပါတယ်။

▪️ဖားဆောင်းမြို့တိုက်ပွဲ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ဖားဆောင်းမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။ မနေ့က ဖားဆောင်းမြို့အထွက် စစ်ကောင်စီတပ်ရှိတဲ့နေရာကို ကရင်နီပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တာလို့ ဆိုပါတယ်။ လက်နက်ခဲယမ်းသိမ်းဆည်းရမိတဲ့ အခြေအနေအရ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ ၂၀ ခန့်ရှိနိုင်တယ်လို့ ကရင်နီတပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဒေသခံ ကန္တရဝတီတိုင်း(မ်)သတင်းဌာနသို့ ပြောပါတယ်။

(ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကန္တရဝတီတိုင်း(မ်))
(ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – ကန္တရဝတီတိုင်း(မ်))

▪️စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲ့ဝင်ငါးဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာအနီးရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က မနေ့က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ TNLA တပ်ဖွဲ့ဝင်ငါးဦး ဒဏ်ရာရခဲ့တယ်လို့ TNLAက ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး ၁၅ လုံးထက်မနည်း လာရောက်ဗုံးကြဲ တိုက်ခိုက်လာတာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲ့ဝင် ငါးဦး ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရဘူးလို့ ဖော်ပြပါတယ်။ ပြည်သူလူထု နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

(စစ်ကောင်စီတပ်က လားရှိုးမြို့နယ် အီနိုင်းကျေးရွာအနီးရှိ TNLA တပ်စခန်းအား ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - TNLA)
(စစ်ကောင်စီတပ်က လားရှိုးမြို့နယ် အီနိုင်းကျေးရွာအနီးရှိ TNLA တပ်စခန်းအား ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ – TNLA)

▪️ဘုတလင်နယ် ညောင်ကန်ရွာ စစ်တပ်စီးနင်းပြီး ဗကသရဲဘော်သုံးဦးနဲ့ ပြည်သူများကို သတ်ဖြတ်သွားဟုဆို

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဥက္ကဋ္ဌအပါအဝင် သုံးဦးနဲ့ ပြည်သူအများအပြားကို စစ်ကောင်စီတပ်က ဒီနေ့ မနက်ပိုင်းမှာ ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်ဟာ ရွာကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က စိုင်ပြင်လေးကျေးရွာကို ဝင်ရောက်စီးနင်းပြီး စာသင်ကျောင်းနဲ့ ဆိုင်ကယ်များကို မီးရှို့သွားတယ်လို့ ဒေသခံများက ပြောပါတယ်။

(ဘုတလင်မြို့နယ်ရှိ ကျောင်းသားသမဂ္ဂရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-ဗကသများအဖွဲ့ချုပ်)
(ဘုတလင်မြို့နယ်ရှိ ကျောင်းသားသမဂ္ဂရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-ဗကသများအဖွဲ့ချုပ်)

▪️ကလေးဝနယ်မှာ အထိနာတဲ့ စစ်ကောင်စီတပ် ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်မှာ ဇူလိုင် ၂၆၊ ၂၇ ရက် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး အထိနာသွားတဲ့ စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာမှ နေအိမ် ၁၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ ကလေးခရိုင် တပ်ရင်း(၉)၊ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဟာ ကလေးဝမြို့နယ် ဂဇက်ကျေးရွာအနီးမှာ ဇူလိုင် ၂၅ ရက် ညကစလို့ စစ်ရေးတင်းမာခဲ့ပြီး ဇူလိုင် ၂၆ နဲ့ ၂၇ ရက်တို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောပါတယ်။

(စစ်ကောင်စီတပ်က ကလေးဝမြို့နယ်ရှိ ကျေးရွာအား မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က ကလေးဝမြို့နယ်ရှိ ကျေးရွာအား မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ – CJ)

▪️ပုလောမြို့နယ် မီးလောင်ချောင်းရွာ စစ်ကောင်စီဂိတ်ကို PDF ပူးပေါင်းတပ် တိုက်ခိုက်

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်က သွားရောက်ပစ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၆ ရက် နေ့ခင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင်တပ်ရင်း(၁)နဲ့ တောကြီးမြွေဟောက်တပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ တိုက်ပွဲမှာ နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ သေဆုံးထိခိုက်မှုကို စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။

▪️ဆားလင်းကြီးနယ် ကျားတက်ရဲစခန်းကို အဆင့်မြင့်ဒရုန်းများသုံး နှစ်ရက်ဆက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျားတက်ရဲစခန်းရှိ စစ်ကောင်စီတပ်သားများကို အဆင့်မြင့် ဒရုန်းများသုံးကာ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့တယ်လို့ Salingyi Special Task Force – SSTF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဇူလိုင်၂၅ ရက်က ဆားလင်းကြီးမြို့နယ်၊ညောင်ပင်သာကျေးရွာမှ ကျားတက်ရဲစခန်းသို့ ဝင်ရောက်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို Shar Htoo Waw နည်းပညာဖြင့် အဆင့်မြင့်ထားသော ဒရုန်းများအသုံးပြုကာ ဗုံးသီး ငါးလုံးဖြင့် ရဲစခန်းအတွင်းသို့ ဗုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဇူလိုင်၂၆ ရက်ကလည်း ကျားတက်ကျေးရွာအတွင်းသို့ ဝင်ရောက်ခိုးယူနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဗုံးသီး ရှစ်လုံးချတိုက်ခိုက်ခဲ့တယ်လို့ SSTF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

(အသုံးပြုတိုက်ခိုက်ခဲ့သော နည်းပညာမြင့် ဒရုန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-Salingyi Special Task Force - SSTF)
(အသုံးပြုတိုက်ခိုက်ခဲ့သော နည်းပညာမြင့် ဒရုန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-Salingyi Special Task Force – SSTF)