Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၂၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️လားရှိုးမှာ TNLAနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ သုံးဦးသေ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ လားရှိုးမြို့နယ် ခေနင်းရွာနဲ့ နာယမအကြား ပြည်ထောင်စုလမ်းမပေါ်မှာ ထိပ်တိုက်တွေ့ကာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သုံးဦးသေ၊ ငါးဦးဒဏ်ရာရခဲ့ပြီး TNLA ရဲ့ လက်နက်ကြီးထိမှန်ကာ ယာဉ်တစ်စီးပျက်စီးသွားတယ်လို့ သိရပါတယ်။

(တအာင်းတပ်မတော်(TNLA)တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(တအာင်းတပ်မတော်(TNLA)တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

▪️ဆောမြို့နယ် ကန်ချောင်းရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် လေးဦးသေဟု PDF စစ်ရုံးချုပ်ထုတ်ပြန်

မကွေးတိုင်း ဆောမြို့နယ် ကန်ချောင်းရွာအနီး မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။ မနေ့နေ့ခင်းက ဆောမြို့နယ်အတွင်းရောက်ရှိလာတဲ့ ရန်သူ့စစ်ကြောင်းကို PDFနဲ့ မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း ရန်သူ့တပ်သား လေးဦး သေဆုံးခဲ့ပြီး PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

(မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – MOD/NUG)

▪️ပုလဲနယ်ရှိ ကန်ထောင့်ရဲစခန်းကို လက်နက်ကြီးတပ်ပေါင်းစု ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန်ထောင့်ရဲစခန်းကို လက်နက်ကြီးတပ်ပေါင်းစုက ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ ဇူလိုင် ၂၄ ရက် ညသန်းခေါင်မှာ အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထားတဲ့ ပုလဲမြို့နယ် ကန်ထောင့်ရဲစခန်းကို လက်လုပ် (၆၀)မမ ၊ (၈၀)မမနဲ့ (၁၂၀) မမ အလုံးပေါင်း ၆၀ ခန့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်းအမှတ်(၃၀) အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်DRPA တာဝန်ရှိသူက ပြောပါတယ်။ တိုက်ခိုက်ချိန် မိနစ် ၄၀ ခန့် ကြာခဲ့ပြီး စခန်းတွင်းရှိ စစ်အုပ်စုဝင် တစ်ဦးသေဆုံးကာ တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

(ပုလဲမြို့နယ်ရှိ ကန်ထောင့်ရဲစခန်အား တိုက်ခိုက်ရန် လက်နက်ကြီးများပြင်ဆင်နေစဥ်။ ဓာတ်ပုံ - DRPA)
(ပုလဲမြို့နယ်ရှိ ကန်ထောင့်ရဲစခန်အား တိုက်ခိုက်ရန် လက်နက်ကြီးများပြင်ဆင်နေစဥ်။ ဓာတ်ပုံ – DRPA)

▪️လက်နက်နှင့်အတူ အလင်းဝင်လာတဲ့ ခလရ(၁၀၃)မှ တပ်ကြပ်ကြီးကို ကျပ် ၄၄သိန်း ပေးအပ်

မြိတ်ခရိုင် တပ်ရင်း(၃)သို့ လက်နက်နှင့်အတူ ပြည်သူ့ဘက်ရပ်တည် အလင်းဝင်လာတဲ့ တပ်ကြပ်ကြီးတစ်ဦးကို ကျပ် ၄၄ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ အခြေစိုက်တဲ့ ကမ်းရိုးတန်းတိုင်းဒေသစစ်ဌာနချုပ်(ကရခ) လက်အောက်ခံ ခလရ(၁၀၃)မှ တပ်ကြပ်ကြီးဟာ မနေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် တပ်ရင်း အမှတ်(၃) သို့ လက်နက်နှင့်အတူ အလင်းဝင်လာတာလို့ ဖော်ပြပါတယ်။ တပ်ကြပ်ကြီးဟာ MA(3) သေနတ် (၁) လက်၊ ကျည်ဘောက် (၂)ခု၊ ကျည် (၃၁၇) တောင့် ယူဆောင်ကာ ပြည်သူ့ဘက်သို့ ရပ်တည်ပူးပေါင်းလာတာပါ။

▪️ဧရာ၀တီမြစ်ဘေးရှိရွာများကို စစ်ကောင်စီသင်္ဘောများ ရမ်းပစ်နေ

မန္တလေးမြို့မှ ထွက်လာတဲ့ စစ်ကောင်စီ သင်္ဘောများဟာ ဧရာ၀တီမြစ်ဝဲယာလမ်းကြောင်း တလျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး၊ ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ပြီးဆန်တက်လာနေတာကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ အချိန်မီရွှေ့ပြောင်းကာ ခိုင်မာသော အကာအကွယ်ယူ နေထိုင်ကြဖို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ထီးချိုင့်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာချိန်တိုင်း စစ်ကြောင်းဦးတည်ရာ လမ်းကြောင်းတလျှောက်နဲ့ စစ်ကောင်စီများ ရှိသောနေရာများမှာ တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ အသိပေးပါတယ်။ ကျေးရွာများအတွင်းရှိ ပြည်သူများ အန္တရာယ်ကင်းရှင်းဖို့အတွက် ဘေးလွတ်ရာသို့ အလျင်အမြန် ရွှေ့ပြောင်းနေထိုင်ကြဖို့ နှိုးဆော်ထားပါတယ်။

(ဂေါဝိန်ဆိပ်မှထွက်လာသော စစ်​သင်္ဘောများအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetet Informational Network)
(ဂေါဝိန်ဆိပ်မှထွက်လာသော စစ်​သင်္ဘောများအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetet Informational Network)

▪️ရွှေဘို PDFရဲဘော်နှစ်ဦး မိုင်းမတော်တဆမှုကြောင့် ကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ ရဲဘော် နှစ်ဦး မိုင်းမတော်တဆမှုကြောင့်ကျဆုံးခဲ့တယ်လို့ နဂါးနီ-အာဠာဝက Shwebo PDF အဖွဲ့က ပြောပါတယ်။ ဇူလိုင် ၂၃ ရက်က ရွှေဘိုမြို့အနောက်ဘက် (၃)မိုင်ခန့်အကွာက မြင်းချင်းနဲ့ ဇီးကုန်း ပျူစောထီးရွာမှ စစ်အုပ်စု စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းကြောင့် နဂါးနီ-အာဠာဝက Shwebo PDF အဖွဲ့က သွားရောက် မိုင်းဆင်ခဲ့ပါတယ်။ မိုင်းဆင်နေစဥ် မတော်ဆပေါက်ကွဲကာ တပ်ဖွဲ့ဝင် အသက်(၁၈)နှစ်အရွယ် ရဲဘော်လူပေနဲ့ အသက်(၂၈)နှစ်အရွယ် ရဲဘော်ရွှေဘတို့ ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

▪️တိုက်ပွဲတွေကြောင့် ငါးရက်အတွင်း နေရပ်စွန့်ခွာရသူ ၆,၀၀၀ ကျော်ရှိလာ

မြန်မာနိုင်ငံမှာ လက်ရှိ ဇူလိုင်လ တတိယပတ်ရဲ့ ငါးရက်တာအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၆,၀၀၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။ ဇူလိုင်လ ၁၅ ရက်ကနေ ၂၀ ရက်အတွင်း ထွက်ပြေးရတဲ့ ပြည်သူ ၆,၀၀၀ ကျော်ဟာ ပဲခူးတိုင်းအရှေ့ပိုင်း၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဖြစ်တယ်လို့ သိရပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ မြင့်တက်နေသလို အနောက်မြောက်ပိုင်းမှာ ပြင်းထန်နေပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မကြာခဏဖြစ်ပွားနေတယ်လို့ UNOCHA က ဆိုပါတယ်။

(Free Burma Rangerမှ သွားရောက်အကူအညီပေးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(Free Burma Rangerမှ သွားရောက်အကူအညီပေးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – KNU)