Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုရှိ

ပြည်သူ့ကာကွယ်ရေးတပ်မတော်ယင်းမာပင်ခရိုင်တပ်ရင်း(၁၂)၊တပ်ရင်း(၁၉)Pale Jocker ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တပ်ရင်း(၆)/မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ ခုနစ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - MRDA)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - MRDA)

▪︎ကျေးရွာ ခုနစ်ရွာမှ ဒေသခံ ၃,၀၀၀ထပ်မနည်း ဘေးလွတ်ရာတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းအား ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း သတင်းရရှိသည်။

“လက်နက်ကြီးတွေနဲ့ အဝေးကနေပစ်ကြတဲ့ တိုက်ပွဲမျိုး။ ကျတော်တို့ပစ်တဲ့ လက်နက်ကြီးက တစ်ကြိမ်မှာ စစ်အုပ်စုပေါ် တည့်တည့်ကျတယ်။ သေတာတော့ ငါး‌ယောက်ထက်မနည်းဘူး။ ဒဏ်ရာရတွေများတယ်”ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က People’s Springသို့ ပြောသည်။

ပုလဲမြို့နယ် ကျေးနင်းကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး မိတ်တပ်ဖွဲ့များက ယမန်နေ့(ဩဂုတ် ၇ရက်) နံနက် ၁၀နာရီခွဲခန့်တွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၁နာရီခန့်ကြာ ပိတ်ဆို့တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲအတွင်း ပိတ်မိနေသည့်စစ်ကောင်စီတပ်သားများအား ကယ်ထုတ်နိုင်ရေး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် ယမန်နေ့ညတွင် ကျေးနင်းကြီးရွာ၌ ညအိပ်ခဲ့ပြီး ယနေ့ ည‌နေအထိ ပြန်ထွက်မလာသေးဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

“အရင်ကဆို တစ်ညပဲအိပ်ပြီး ပြန်ထွက်တာ။ အခု ဒီကောင်တွေဒဏ်ရာရများလို့ ဆေးကုနေပုံရတယ်။ ကျွန်တော်တို့က သူတို့တွေ ရွာကို မီးရှို့ပြီးထွက်ရင် ရသလောက် မီးငြှိမ်းမလို့အသင့်စောင့်နေတာပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ပုလဲမြို့နယ် ဇီးဖြူကုန်း ပျူစောထီးကျေးရွာမှထွက်လာသော စအရ(၉၀၉)နှင့် ခမရ (၇၀၄) တပ်ရင်းတို့မှ အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ်အား ကျေးနင်းကြီးကျေးရွာ၊ ကြောင်သန်းကျေးရွာနှင့် ဆင်ရှင်ကျေးရွာ သုံးရွာကြား၌ တိုက်ခိုက်ခဲ့သည်ဟု မြန်မာ့တော်ဝင်နဂါးတပ်တော် M.R.D.A ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်နောင်ရိုးက ပြောသည်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စိတပ်သား ၁၅ ဦးထက်မနည်း သေဆုံးသည်ဟု ၎င်းက ပြောသည်။

သို့သော် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုမူ အတည်ပြုနိုင်ခြင်းမရှိကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားချင်းစာနာထောက်ထားရေးဌာန တာဝန်ခံက ပြောသည်။

“သေတာကလုံးဝ မတွေ့ရပါဘူး။ ဒဏ်ရာရတာတွေတော့ ရှိနိုင်ပါတယ်။ ကျောက်တန်းရွာနားမှာ စစ်ကြောင်းနှစ်ကြောင်းက ခွဲထွက်လာတယ်။ ဒေါင်းသစ္စာLocal PDFက လက်နက်ကြီးနဲ့ပစ်လိုက်တယ်။ သူတို့ကပြန်ပစ်တဲ့အချိန် သူတို့လက်နက်နဲ့သူတို့ ပြန်ထိတယ်။ သူတို့က လက်နက်တွေ အရင်ကောက်သိမ်းတယ်။ ပြီးမှဒဏ်ရာရတဲ့သူတွေကို ဆွဲထုတ်တာ။”ဟု ၎င်းကပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကြောင့် ငှက်ပျောတော၊ ခေါ်သန္တီ၊ ညောင်ပင်သာ၊ ဆင်ရှင်၊ကြောင်သန်း၊ကျေးနင်း၊ သေတ္တရာ ကျေးရွာများရှိ ဒေသခံပြည်သူ ၃,၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရသည်။

“လူ‌ဦးရေစာရင်းတော့ မရသေးဘူး။ဒေသခံတွေက စစ်ကြောင်းနဲ့လွတ်အောင် ပြေးနေကြရတယ်။ တခြားရွာတွေကတော ပြန်ဝင်လို့ရနေပြီ။ ကျေးနင်းကြီးကတော့ ဒီနေ့ညနေမထိ ပြန်ဝင်လို့မရဘူး”ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

ကျေနင်းကြီးရွာ တစ်ရွာလုံးလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါရွာသည် အိမ်‌ခြေ ၅၀၀ ထက်မနည်းရှိသော ရွာကြီးဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ယင်းမာပင်ခရိုင်တပ်ရင်း(၁၂)၊တပ်ရင်း(၁၉)Pale Jocker ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တပ်ရင်း(၆)/မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ ခုနစ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။