Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️အရေးတော်ပုံများအတွင်း အသက်ပေးသွားတဲ့ ပြည်သူများရဲ့ကျေးဇူးတရားကို ပြန်ပေးဆပ်ရမယ်လို့ ယာယီသမ္မတပြော

အရေးတော်ပုံများအတွင်း အသက်ပေးသွားခဲ့တဲ့ လူထုရဲ့ ကျေးဇူးတရားကို အကောင်းဆုံး ပြန်ပေးဆပ်ရလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ကျရောက်တဲ့ (၃၅)နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့အခမ်းအနားမှာ ပြောပါတယ်။ ဒီမိုကရေစီရေး လူထုတော်လှန်ရေးအတွင်းမှာ အသက်ပေးသွားကြသူ အပေါင်းကို အကောင်းဆုံးကျေးဇူးဆပ်ခြင်းဆိုတာ နွေဦးတော်လှန်ရေးကို အလုံးစုံ အပြီးသပ်အောင်မြင်အောင် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။ နွေဦးတော်လှန်ရေးမှာ လူထုနှင့်လက်တွဲမဖြုတ်ဘဲ လူထုတော်လှန်ရေးအောင်မြင် ပြီးမြောက်သည်အထိ ဆက်လက်ချီတက်မယ်လို့ယာယီသမ္မတက ကတိပြုပါတယ်။ သမိုင်းတလျှောက် စစ်အာဏာရှင်များဟာ ဒီမိုကရေစီ လိုလားသူ ပြည်သူလူထုကို ရက်စက်ရိုင်းစိုင်းစွာ သတ်ဖြတ်နှိမ်နှင်းနေသကဲ့သို့ ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း ၎င်းတို့ရဲ့ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အပြည့်အဝရရှိရေးတို့အတွက် အသက်၊ သွေး၊ ချွေးရင်းကာ ဘ၀များစွာ ပေးဆပ် တိုက်ပွဲဝင်နေကြရဆဲဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

(ယနေ့ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံ (၃၅)နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် ရန်ကုန်လူထုသပိတ်မှ လူငယ်များက စာတန်းပါထီးများဖြင့် ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်နေစဥ်။ ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်)
(ယနေ့ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံ (၃၅)နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် ရန်ကုန်လူထုသပိတ်မှ လူငယ်များက စာတန်းပါထီးများဖြင့် ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်နေစဥ်။ ဓာတ်ပုံ – ရန်ကုန်လူထုသပိတ်)

▪️ရန်ကုန်မြို့လယ်နဲ့ နေရာအနှံ့ ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုများ ပြုလုပ်

ဒီနေ့ ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ (၃၅)နှစ်မြောက်အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့လယ်မှာ ‘၈’ ဂဏန်းဖြင့် ‘တော်လှန်မီးတောက်တွေ လောင်ကျွမ်းနေတုန်းဘဲ’ စာတန်းပါ ထီးများဖြင့် ရန်ကုန်လူထုသပိတ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ လူထုလူတန်းစားတစ်ရပ်လုံး ဆန့်ကျင်တော်လှန်ခဲ့ကြခြင်းဖြစ်သလို အခု ၂၀၂၁ နွေဦးတော်လှန်ရေးဟာလည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ရှင်းလင်းရမယ့် လူထုလူတန်းစားတစ်ရပ်လုံးရဲ့ အဆုံးသတ်တိုက်ပွဲဖြစ်တယ်လို့ ရန်ကုန်လူထုသပိတ်က ဆိုပါတယ်။ ဆူးလေလမ်း လူကူးခုံးကျော်တံတားပေါ်မှာလည်း တော်လှန်လူငယ်များက ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၅)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ လက်ပံတောင်းဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက စစ်​ကောင်စီထုတ်​ဝေတဲ့ ကျပ်နှစ်သောင်းတန်ငွေစက္ကူကို မီးရှို့ဆန္ဒထုတ်​ဖော်ခဲ့ပါတယ်။။ ရှစ်လေးလုံး လူထုလှုပ်ရှားမှု (၃၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာ လူထုသပိတ်ကော်တီ(KSCM)လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု ​ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - DPNS
ဓာတ်ပုံ – DPNS

▪️ရှစ်လေးလုံးအရေးတော်ပုံမှအစပြုသည့် ပြည်သူ့လိုလားချက်များ နွေဦးတော်လှန်ရေးဖြင့် အောင်မြင်မှု ရအောင်လုပ်ဖို့ တော်လှန်ရေးအင်အားစုများ တိုက်တွန်း

ရှစ်လေးလုံး (၈၈၈၈) ဒီမိုကရေစီ အရေးတော်ပုံမှ ဖော်ပြသည့် ပြည်သူလူထုလိုလားချက်များကို အခုနွေဦးတော်လှန်ရေးဖြင့် အပြီးသတ်အောင်မြင်မှုရအောင်လုပ်ဆောင်ဖို့ တော်လှန်ရေးအင်အားစုများက ဒီနေ့ကျရောက်တဲ့ (၃၅) နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်နေ့မှာတိုက်တွန်းချက်များ ထုတ်ပြန်ပါတယ်။ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ တို့အပါအဝင် တော်လှန်ရေးအင်အားစုများက သဝဏ်လွှာများ ပေးပို့ခဲ့ပါတယ်။ နွေဦးတော်လှန်ရေး အင်အားစုတိုင်းဟာ မိမိတို့ရဲ့လက်ဆင့်ကမ်း တာဝန်ဖြစ်သော ရှစ်လေးလုံးလူထုဒီမိုကရေစီ အရေးတော်ပုံကြီးရဲ့ လိုလားချက်များ၊ အနှစ်သာရများကို မမေ့မလျော့ မပေါ့မဆ မျက်ခြည်မပြတ်ဖို့ လိုအပ်တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက တိုက်တွန်းပါတယ်။

▪️ဖားဆောင်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၀ ဦးထက်မနည်းသေဆုံး၊ လက်နက် ခဲယမ်းများသိမ်းဆည်းရရှိ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်နဲ့ ခဲယမ်းများသိမ်းဆည်းရရှိတယ်လို့ ဖားဆောင်း PDF တာဝန်ရှိသူက ပြောပါတယ်။ သြဂုတ် ၅ ရက်က ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ကြားရှိ ကျောက်စုကျေးရွာအနီး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွါးခဲ့တာလို့ ဆိုပါတယ်။ အထိနာတဲ့ စစ်ကောင်စီတပ်ဟာ နောက်ရက်မှာ လေကြောင်းကနေ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖားဆောင်း PDF တာဝန်ရှိသူက ရှင်းပြပါတယ်။

(သြဂုတ် ၅ရက်က ကျောက်စုကျေးရွာ အနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(သြဂုတ် ၅ရက်က ကျောက်စုကျေးရွာ အနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️ပဲခူးရိုးမအစပ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ္တလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ(၄) MRF-Nattlin မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ နတ္တလင်းမြို့နယ် ပဲခူးရိုးမအစပ်ရှိ ကြက်မနက်ကျေးရွာအနောက်ကုန်းဘက်မှ ပျဥ်းမခေါင် ကျေးရွာမြောက်ဘက်သို့ ဩဂုတ် ၄ ရက် နေ့ခင်းကအင်အား(၃၀) ကျော်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ နှစ်ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိတယ်လို့ MRF-Nattin က အသိပေးပါတယ်။

▪️စစ်ရေးကြောင့် ဗန်းမော်နှင့်ဆက်သွယ်ထားတဲ့ ကုန်းလမ်း၊ ရေလမ်းအသုံးပြုသူများ လိုက်နာဖို့အချက်များ PDF ထုတ်ပြန်

စစ်ရေးတင်းမာနေတဲ့ ကာလဖြစ်လို့ လုံခြုံရေးအတွက် စစ်ဆေးခြင်းများပြုလုပ်သွားမယ်လို့ ဗန်းမော်ပြည်သူ့ကာကွယ်းရေးတပ်ဖွဲ့ – BPDFက ထုတ်ပြန်လိုက်ပြီး ဗန်းမော်နှင့် ဆက်သွယ်ထားတဲ့ ကုန်းလမ်း၊ ရေလမ်းအသုံးပြုသူများ လိုက်နာရမယ့် အချက်များကို ထုတ်ပြန်ပါတယ်။ ဗန်းမော်မှ မန္တလေး ၊ ဗန်းမော် မှ မြစ်ကြီးနား ၊ ဗန်းမော် မှ လွယ်ကျယ် ကားလမ်းများအားအသုံးပြုကုန်တင်ကြတဲ့ (၁၂)ဘီး ၊ (၁၀)ဘီး ၊ (၆)ဘီးကားကြီးများအနေဖြင့် မိုးကာတစ်ခြမ်းသာအုပ်ဖို့၊ ကားမှန်ချထားဖို့၊ စစ်ဆေးချိန်ပူးပေါင်းပေးဖို့ အသိပေးထားပါတယ်။ ဒါ့အပြင် ဧရာ၀တီမြစ်ကြောင်းအတွင်း စုန် ၊ ဆန်နေကြသော မော်တော်များ ၊ စက်လှေများ ၊ သံခွံများ စုန် ၊ ဆန်ခြင်းမပြုဖို့ သင်္ဘောကမ်းကပ်ထားချိန် သင်္ဘောအနီးကပ်ထားခြင်းနဲ့ ဘေးမှ စုန် ၊ဆန်ခြင်းမပြုဖို့ ထပ်မံ အသိပေးပါတယ်။

(မန္တလေးမြို ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်‌ကြောင်းအတိုင်းထွက်လာသော စစ်ကောင်စီရေယာဉ်အုပ်စုအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မန္တလေးမြို ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်‌ကြောင်းအတိုင်းထွက်လာသော စစ်ကောင်စီရေယာဉ်အုပ်စုအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️ပုလဲမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ မနေ့က ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းကို ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပုလဲမြို့နယ် ကျေးနင်းကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး မိတ်တပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။ တစ်နာရီခန့်ကြာ ပိတ်ဆို့တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားများကို ကယ်ထုတ်နိုင်ရေး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောပါတယ်။ ဒါပေမဲ့စစ်ကောင်စီစစ်ကြောင်းကြောင့် ငှက်ပျောတော၊ ခေါ်သန္တီ၊ ညောင်ပင်သာ၊ ဆင်ရှင်၊ကြောင်သန်း၊ကျေးနင်း၊ သေတ္တရာ ကျေးရွာများရှိ ဒေသခံပြည်သူ ၃,၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - MRDA)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – MRDA)