Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီနှင့် မြိတ်တို့တွင် စစ်ကောင်စီတပ် နှစ်ရက်အတွင်းသုံးကြိမ်တိုက်ခိုက်ခံရ

မြိတ်ခရိုင်တပ်ရင်း (၂ )မှ ရဲဘော်များအား တွေ့ရစဥ်။ဓါတ်ပုံ-မြိတ်ခရိုင်PDF

ကျော်ဇော/People’s Spring

တနင်္သာရီနှင့် မြိတ်မြို့နယ်တို့ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းများကို နှစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

တနင်္သာရီမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက် နံနက် ၁၁နာရီခန့်က ဗိုလ်ချုပ်ကြေးရုပ်အနီးရှိသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို (၄၀) မမများဖြင့် ပစ်ခတ်၍ ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“အခြေအနေက ပြောက်ကျားသွားပစ်တာပါ။ အဝေးကနေ ၄၀ မမနဲ့ပစ်တာ။ နှစ်ဖက်စလုံး ထိခိုက်မှုမရှိပါဘူးဗျ”ဟု မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ နာရီဝက်နီးပါး ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ယင်းနေ့(စက်တင်ဘာ ၂၃)က မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု၊ ရွှေကြက်ယက်ဘုရားတောင်အနီးတွင် စစ်ကောင်စီအဖွဲ့များအား တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြိတ်ခရိုင် တပ်ရင်း(၂) ပူးပေါင်းအဖွဲ့တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးထိခိုက်ခဲ့​သည်ဟု စုံစမ်းသိရသည်။

ထို့အပြင် စက်တင်ဘာ ၂၄ ရက်တွင်လည်း မြိတ်မြို့နယ်၊ မြိတ် – တနင်္သာရီပြည်ထောင်စုလမ်းမကြီး၊ လသာကျေးရွာအနီး စစ်ကောင်စီတပ်စစ်ကြောင်းအား တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြိတ်ခရိုင် တပ်ရင်း(၂)ပူးပေါင်းအဖွဲ့တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထိခိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။

လတ်တလောအခြေအနေများအရ မြိတ် – တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သောကြောင့် ခရီးသွားပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို အလေးထားလိုက်နာပေးကြပါရန် အသိပေးနှိုးဆော်ထားသည်။