Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်စနစ်ဆိုးကို ခုခံရင်း ကျရာမှပါဝင်နေသည့် CDM ဆရာ၊ ဆရာမများကို ကျေးဇူးတင် အသိ အမှတ်ပြုကြောင်း CRPH သဝဏ်လွှာပို့

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုနှင့် CRPH အားထောက်ခံကြောင်းပြသနေသော ဆရာ၊ဆရာမများအား မန္တလေးမြို့၌ ၂၀၂၁ မတ်လ ၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုနှင့် CRPH အားထောက်ခံကြောင်းပြသနေသော ဆရာ၊ဆရာမများအား မန္တလေးမြို့၌ ၂၀၂၁ မတ်လ ၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)

စစ်အာဏာရှင်စနစ်ဆိုးကို ခုခံရင်းကျရာကဏ္ဍမှ ပါဝင်နေသည့် CDM ဆရာ၊ ဆရာမများကို ကျေးဇူးတင် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ယနေ့ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့သို့ သဝဏ်လွှာပေးပို့သည်။

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

ဆရာ၊ ဆရာမများသည် ငြိမ်းချမ်းစွာ ဆန္ဒပြမှုနှင့် ကျောင်းသားများ၏ ပညာသင်ကြားမှု မရပ်တန့်စေရေး ကြိုးစားဆောင်ရွက်မှုများအတွက် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးထောင်ချခြင်း၊ ဆိုးရွာသော လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ လူသားဂုဏ်သိက္ခာကို စော်ကားခံရခြင်းတို့ကို နိုင်ငံ့ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့်အတူ ရင်ဆိုင်ခံစားနေရသည်ဟု သဝဏ်လွှာ၌ ပါရှိသည်။

သို့သော် နိုင်ငံတစ်ဝှမ်းရှိ CDM ဆရာ၊ ဆရာများသည် အခက်အခဲ၊ အတားအဆီးများကို ကြံ့ကြံ့ခံကာ မပြီးဆုံးသေးသော ဤလူထုနွေဦးတော်လှန်ရေးကြီးတွင် တတ်မြောက်ထားသည့် ပညာ၊ တတ်ကျွမ်းမှုတို့နှင့်အတူ ကျရာကဏ္ဍများတွင် ဆက်လက်ပါဝင်လျက် ရှိကြောင်းဖော်ပြထားသည်။

ယခုတော်လှန်ရေးကာလတွင် CDM ဆရာ၊ ဆရာမများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ ပညာရေးဘုတ်အဖွဲ့တို့နှင့် ပူးပေါင်းချိတ်ဆက်၍ အခက်အခဲများကြားမှပင် ပြောင်းလဲလာသော ခေတ်စနစ်များနှင့်အညီ တီထွင်ကြံဆဖန်တီးကာ ပညာသင်ယူမျှဝေမှုပုံစံမျိုးစုံဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် မြေပြင်ကျောင်းများသာမက အွန်လိုင်းကျောင်းများ ဖွင့်လှစ်ကာ အဘက်ဘက်မှ အပတ်တကုတ် ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ကြိုးစားဆောင်ရွက်ခြင်းကြောင့် အထူးကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်သည်ဟု CRPHက သဝဏ်လွှာပေးပို့သည်။

အာဏာရှင်စနစ်ဆိုး ရှင်သန်နေသည့်နိုင်ငံတိုင်းတွင် လူသားတို့၏ မွေးရာပါ အခွင့်အရေးများ ဆုံးရှုံးနေရကြရမည်ဖြစ်ပြီး မိမိတို့နိုင်ငံတော်တွင်လည်း များစွာသော ပြည်သူများ၏ အသက်သွေးချွေးများ စတေးခဲ့ရကာ ယနေ့အချိန်ထိ စနစ်ဆိုး၏ အကျိုးသက်ရောက်မှုများ ခံစားနေကြရဆဲ ဖြစ်ကြောင်း အသိပေးထားသည်။

စာသင်ခန်းများထဲတွင် ဂုဏ်သရေရှိစွာ ရှိနေရမည့် ဆရာ၊ ဆရာမများသည် အာဏာရူးစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များရန်မှ ရှောင်ရှားရင်း အာဏာရှင်စနစ်ဆိုးအား အကြွင်းအကျန်မရှိ အပြီးသတ်ချုပ်ငြိမ်းရေးအတွက် ဆက်လက် တော်လှန် ပုန်ကန် တိုက်ထုတ်နေကြသည့်အတွက် ပြည်သူ့ဝန်ထမ်းသူရဲကောင်း CDM ဆရာ၊ ဆရာမများနှင့် အသက်စွန့်ပေးဆပ်ခဲ့ကြသည့် အာဇာနည်သူရဲကောင်း ဆရာ၊ ဆရာမများကိုလည်း ယနေ့ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ တွင် အထူးဂုဏ်ပြုမှတ်တမ်း တင်ကြောင်း CRPHက ထပ်လောင်းဖော်ပြသည်။