Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (အောက်တိုဘာ ၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မြန်မာနိုင်ငံသားများအပေါ် တာ၀န်မပျက်ကွက်စေရေး နိုင်ငံတကာကို သံအမတ်ကြီးဦးကျော်မိုးထွန်း တိုက်တွန်း

လက်ရှိမှာ စစ်တပ်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် မြန်မာ့စီးပွားရေးဟာ မတည်မငြိမ်ဖြစ်ပြီး မှန်းဆမရနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ အောက်တိုဘာ ၃ ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဒုတိယကော်မတီအစည်းအဝေးမှာ သံအမတ်ကြီးက စစ်အာဏာရှင်များဟာ တိုင်းပြည်ကို အုပ်ချုပ်နိုင်ခြင်း(သို့) စီးပွားရေးကို စီမံခန့်ခွဲနိုင်ခြင်း မရှိကြောင်းနဲ့ ၎င်းတို့ဟာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်စွမ်းမရှိကြောင်း ကုလအဖွဲ့ဝင်နိုင်ငံကို အသိပေးပါတယ်။ နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာပြည်သူများရဲ့ အသံကို နားထောင်ကာ မြန်မာနိုင်ငံသားများအပေါ် တာဝန်မပျက်ကွက်စေရေးနဲ့ မြန်မာပြည်သူပြည်သားများကို ချန်လှပ်မထားခဲ့စေရေးမျိုး မဖြစ်ရေးအတွက် ဂရုတစိုက်လုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံများကို သံအမတ်ကြီးက တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာ အကျပ်အတည်းကို အပြည့်အဝဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ကျူးလွန်သူများကို တာဝန်ခံမှုရှိလာစေဖို့ လုပ်ဆောင်ရမယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

(ဦး​ကျော်မိုးထွန်းက​ဆွေး​နွေး​နေစဥ်။ ဓါတ်ပုံ-PMOMTTUN)
(ဦး​ကျော်မိုးထွန်းက​ဆွေး​နွေး​နေစဥ်။ ဓါတ်ပုံ-PMOMTTUN)

▪️လိုင်ဇာအနီး KIAနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီ လေကြောင်းပစ်ကူသုံး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီး မနေ့ညပိုင်းက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ KIA နဲ့ စစ်ကောင်စီတပ်တို့ဟာ လိုင်ဇာဌာနချုပ်နယ်မြေများအနီး ဇူလိုင်လဆန်းမှစလို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ မြစ်ကြီးနား-ဗန်းမော်လမ်း အောင်ဂျာရွာအနီး တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ ညသန်းခေါင်ယံမှာ မန္တလေးတံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာ နှစ်စီးဖြင့် အောင်ဂျာနဲ့ လွယ်လွန်တောင်ဘက်ကို ဗုံးလာကြဲသွားတယ်လို့ ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီတပ်က မနေ့ညက သုံးကြိမ် လေကြောင်းသုံးတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွါးမှုနဲ့ လေကြောင်း တိုက်ခိုက်မှုများကြောင့် ထိခိုက်မှုရှိ၊မရှိ အခြေအနေကို စုံစမ်းနေဆဲပါ။

(ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ဓာတ်ပုံ - KIA)
(ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ဓာတ်ပုံ – KIA)

▪️ရေးမြို့နယ်အတွင်း ထိန်းချုပ်နိုင်ဖို့ စစ်ရေးအရှိန်မြှင့်မယ်လို့ ဒေါနစစ်ကြောင်းဆို

မွန်ပြည်နယ်တောင်ဘက်အကျဆုံး ရေးမြို့နယ်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်ရေးအရှိန်မြှင့်သွားမယ်လို့ NUG လက်အောက်ခံ ဒေါနစစ်ကြောင်းက ကြေညာပါတယ်။ စစ်ရေးလိုအပ်ချက်အရ ရေးမြို့နယ်ဘက်ကို ရောက်လာခဲ့တဲ့ ဒေါနစစ်ကြောင်းဟာ နယ်မြေသစ်ကို ရောက်လာချိန် မိုးတွင်းကာလဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၃ လတာကာလအတွင်း နယ်မြေခံ မဟာမိတ် အဖွဲ့တွေနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားမှု ၇ ကြိမ်ပြုလုပ်နိုင်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။ ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့တွေကို ဒရုန်းသုံးပြီး ဗုံးချတာ ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရေးမြို့ကို ထိန်းချုပ်နိုင်ဖို့ စစ်ရေးအရှိန်မြှင့်မယ်လို့ ဒေါနစစ်ကြောင်းဆို
ရေးမြို့ကို ထိန်းချုပ်နိုင်ဖို့ စစ်ရေးအရှိန်မြှင့်မယ်လို့ ဒေါနစစ်ကြောင်းဆို

▪️အင်းတော်ထဲဝင်လာတဲ့ စစ်ကောင်စီတပ်ကို ABSDF ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နဲ့ စစ်ကောင်စီတပ်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ အင်းတော်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ မနက်ပိုင်းက ဗန်းမောက်မြို့နယ်ဘက်မှ အင်းတော်မြို့နယ်သို့ ဝင်လာတဲ့ စစ်ကြောင်းကို သောင်ကြီးကျေးရွာအနီး ABSDFက မိုင်းနှစ်လုံးဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို အသေအချာ အတည်မပြုနိုင်ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးခန့်သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။ ABSDF ရဲဘော် လေးဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - Nothern ABSDF)
(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – Nothern ABSDF)

▪️စစ်အာဏာရှင်စနစ်ဆိုးကို ခုခံရင်း ကျရာကဏ္ဍမှပါဝင်နေတဲ့ CDM ဆရာ၊ဆရာမများကို ကျေးဇူးတင် အသိအမှတ်ပြုကြောင်း CRPH သဝဏ်လွှာပို့

စစ်အာဏာရှင်စနစ်ဆိုးကို ခုခံရင်း ကျရာကဏ္ဍမှ ပါဝင်နေတဲ့ CDM ဆရာ၊ ဆရာမများကို ကျေးဇူးတင် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့သို့ သဝဏ်လွှာပေးပို့ပါတယ်။ ဒီနေ့ ကျရောက်တဲ့ (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကို မြန်မာနိုင်ငံမှ CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရတယ်လို့ ဖော်ပြပါတယ်။ ဆရာ၊ ဆရာမများသည် ငြိမ်းချမ်းစွာ ဆန္ဒပြမှုနဲ့ ကျောင်းသားများရဲ့ ပညာသင်ကြားမှု မရပ်တန့်စေရေး ကြိုးစားဆောင်ရွက်မှုများအတွက် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချခြင်း၊ ဆိုးရွာသော လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ လူသားဂုဏ်သိက္ခာကို စော်ကားခံရခြင်းတို့ကို နိုင်ငံ့ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့်အတူ ရင်ဆိုင်ခံစားနေရတယ်လို့ CRPH က သဝဏ်လွှာပေးပို့ပါတယ်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုနှင့် CRPH အားထောက်ခံကြောင်းပြသနေသော ဆရာ၊ဆရာမများအား မန္တလေးမြို့၌ ၂၀၂၁ မတ်လ ၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုနှင့် CRPH အားထောက်ခံကြောင်းပြသနေသော ဆရာ၊ဆရာမများအား မန္တလေးမြို့၌ ၂၀၂၁ မတ်လ ၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – PS)

▪️စစ်တပ်ယာဥ်တန်းကို တားဆီးဖို့ ​ပေါက်မြို့နယ်မှ ​ချောင်းကူးတံတားတစ်စင်းကို ​တော်လှန်​ရေးအဖွဲ့များမိုင်းခွဲ

ကျောက်ထုနဲ့ မင်းတပ်မြို့သို့ ဦးတည်နေတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို ဖြတ်တောက်ဖို့ အတွက် ပေါက်မြို့နယ်မှ ချောင်းကူးတံတားတစ်စင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲလိုက်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ္ဆေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီယာဉ်တန်းမှာ ကားအစီးရေ ၇၀ ခန့်ပါပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။ မကွေးတိုင်း၊ ပခုက္ကူ နဲ့ ပေါက်မြို့နယ်ကြားရှိပေါက်-အုန်းတော​တံတားကို ဒေသကာကွယ်​ရေးတပ်ဖွဲ့များက စက်တင်ဘာ ၃၀ ရက်နဲ့ အောက်တိုဘာ ၃ ရက်တို့မှာ နှစ်ကြိမ်မိုင်းခွဲခဲ့တာလို့ ဆိုပါတယ်။ ပေါက်-အုန်းတောတံတားဟာ သံကူ၊ကွန်ကရစ်တံတားဖြစ်ပြီး ပေ ၁၀၀၀ ခန့်ရှည်ကာ တံတားမှာ လုံးဝ ကျိုးကျသွားပြီလို့ ဒေသခံများနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောပါတယ်။

▪️စစ်ကောင်စီဆီ လက်နက်ရောင်းခဲ့ကြောင်းစွပ်စွဲချက်တွေကို အင်ဒိုနီးရှားကာကွယ်ရေးစက်မှုလုပ်ငန်းငြင်းဆို

အာဏာသိမ်း မြန်မာစစ်တပ်ကို စစ်လက်နက်တွေ ထောက်ပံ့ရောင်းချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အင်ဒိုနီးရှား အစိုးရပိုင် ကာကွယ်ရေးစက်မှုလုပ်ငန်းတွေက ငြင်းဆိုပါတယ်။ လက်နက်တွေ ထုတ်လုပ်တဲ့ Pindad ၊ လေယာဉ်တွေ တည်ဆောက်တဲ့ Dirgantara Inodnesiaနဲ့ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း PALတို့ အားလုံးဟာ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ စစ်တပ်အတွက် လက်နက်တွေ ရောင်းချပေးခဲ့ကြောင်း စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါပေမဲ့ အဲဒီလုပ်ငန်း သုံးခုရဲ့ အခေါင်အချုပ်လို့ဆိုရမယ့် အင်ဒိုနီးရှား ကာကွယ်ရေးစက်မှု ဦးပိုင်လုပ်ငန်းစု DEFEND IDက သူတို့ဟာ မြန်မာနိုင်ငံဆီ လက်နက်တွေ စီးဝင်မှုကို အဖွဲ့ဝင် နိုင်ငံအားလုံးက ကူညီ တားဆီးသင့်ကြောင်း ကုလသမဂ္ဂ သဘောတူ ဆုံးဖြတ်ချက် အမှတ် ၇၅/၂၈၇ ကို အပြည့်အဝ လေးစားလိုက်နာတယ်လို့ ကြေညာခဲ့ပါတယ်။

▪️မြောင်မြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ် စခန်းနှစ်ခုကို ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ် စခန်းနှစ်ခုကို ဗုံးချတိုက်ခိုက်ရာ ထိခိုက်မှုရှိတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ အောက်တိုဘာ ၂ ရက်က မြောင်ရဲစခန်းကို Fixed Wing ဒရုန်း သုံးစင်းအသုံးပြုကာ ဗုံးငါးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကိုထိရောက်ပေါက်ကွဲခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)က အသိပေးပါတယ်။ အဲဒီနေ့ ညပိုင်းမှာလည်း မြောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာ ကျောက်ရစ်စခန်းကို လေးလက်ဒရုန်းနှစ်စီးနဲ့ Shar Htoo waw နည်းပညာ Fixed Wing ဒရုန်းသုံးစီးဖြင့် ဗုံးသီး ၁၆ လုံးချတိုက်ခိုက်ခဲ့တယ်လို့ မြင်းမူမြို့ပြ တော်လှန်ရေးအဖွဲ့-CRF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရ အနည်းဆုံး ၁၅ ဦးရှိတယ်လို့ CDSOM အဖွဲ့မှ ကိုနွေဦး-မြောင်က ပြောပါတယ်။

(မြောင်ရဲစခန်းနှင့် ကျောက်ရစ်စခန်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-Ko Nway Oo- Myaung)
(မြောင်ရဲစခန်းနှင့် ကျောက်ရစ်စခန်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-Ko Nway Oo- Myaung)

▪️ဒီပဲယင်းမြို့နယ်ရှိ ပုဂံရွာကို စစ်တပ်စီးနင်းပြီး မော်တော်ယာဥ်များကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ပုဂံကျေးရွာကို တွင် စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး မော်တော်ယာဥ်များကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ အောက်တိုဘာ ၂ ရက်က ပုဂံကျေးရွာမှ ဒေသခံများရဲ့ လိုက်ထရပ်ယာဥ်တစ်စီးနဲ့ ဆိုင်ကယ်သုံးစီးကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၃၀ ရက်နဲ့ အောက်တိုဘာ ၂ ရက်က လက်တီးရွာနဲ့ နဘဲလှကျေးရွာမှ အမျိုးသားနှစ်ဦးကို သတ်ဖြတ်ခဲ့တ​ယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောပါတယ်။

(မီးရှို့ဖျက်ဆီးခံရသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ညီနောင်များ)
(မီးရှို့ဖျက်ဆီးခံရသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် ညီနောင်များ)