Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (အောက်တိုဘာ ၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဘန်ကောက်မြို့လယ်ဈေးဝယ်စင်တာပစ်ခတ်မှုမှာ မြန်မာအမျိုးသမီးသေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ် Siam Paragon ဈေးဝယ်စင်တာမှာဖြစ်ပွားတဲ့ပစ်ခတ်မှုအတွင်း မြန်မာအမျိုးသမီးအပါအဝင် နှစ်ဦးသေဆုံးခဲ့ရတယ်လို့ ထိုင်းမီဒီယာတွေကဖော်ပြပါတယ်။ မနေ့ ညနေက အသက် ၁၄ နှစ်အရွယ် သေနတ်သမားရဲ့ပစ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ရာ မြန်မာနဲ့တရုတ်အမျိုးသမီး ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူ အမျိုးသမီး နှစ်ဦးမှာ တစ်ဦးဟာ လည်ပင်းကို ကျည်မှန်ပြီး နောက်တစ်ဦးက နောက်ကျောကို နှစ်ချက်မှန်သွားတာလို့ ထိုင်းမီဒီယာ Khaosod English သတင်းမှာတွေ့ရပါတယ်။ ကနဦးသတင်းမှာ ပစ်ခတ်မှုအတွင်း ၃ ဦးသေပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့တာပါ။

▪️အင်တာနက်လွတ်လပ်ခွင့်ညွှန်းကိန်း မြန်မာဒုတိယအဆိုးဆုံးနိုင်ငံဖြစ်လာ

မြန်မာဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကမ္ဘာ့ပေါ်မှာ အင်တာနက်လွတ်လပ်ခွင့် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်လာတယ်လို့ အမေရိကန်အခြေစိုက် Freedom House ရဲ့ ဒီနေ့မှာ ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာမှာဖော်ပြပါတယ်။ အင်တာနက်လွတ်လပ်ခွင့်ဖိနှိပ်မှု အဆိုးဆုံးကတော့ တရုတ်နိုင်ငံဖြစ်ပြီး ဒုတိယအဆိုးဆုံးနိုင်ငံက မြန်မာနိုင်ငံ ဖြစ်ပါတယ်။ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်အညွှန်းကိန်းဟာ အဆင့် ၃၁ ရှိခဲ့ပါတယ်။ အင်တာနက်လွတ်လပ်ခွင့်ကျဆင်းလာတာတွေကို Freedom House က ထောက်ပြရာမှာ အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှု ၊ အာဏာဖီဆန်မှုတွေကို ဖိနှိပ်ဖို့စစ်တပ်က အင်တာနက်ပိတ်ပင်တာ ၊ ဆက်သွယ်ရေးကုမ္ပဏီတွေကို တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်ပြီးဖြစ်စေ ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့တဲ့အချက်တွေပါပါတယ်။ ဒါ့အပြင် အင်တာနက်သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်ပုံတင်ဖို့အတင်းအကြပ်ဖိအားပေးတာ ၊ ကြားဖြတ်ထောက်လှမ်းခိုင်းတာတွေကိုလည်း အာဏာသိမ်းစစ်တပ်က ဆက်သွယ်ရေးကုမ္ပဏီတွေအပေါ် ဖိအားပေးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Photo - ABC
Photo – ABC

▪️သာကေတမြို့နယ် စစ်ကောင်စီရဲ့ ရေတပ်စခန်းဝင်းအနီး ဗုံးပေါက်

ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ စစ်ကောင်စီရဲ့ ရေတပ်စခန်းဝင်းအနီး မနေ့ညပိုင်းက ဗုံးပေါက်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူများက ပြောပါတယ်။ သာကေတမြို့နယ် အမှတ် (၄) ရပ်ကွက် ရှုခင်းသာလမ်းမကြီးပေါ်ရှိ Yangon Water Boom နဲ့ စစ်တပ်ရဲ့ ရေတပ်စခန်းဝင်းအနီး ဗုံးပေါက်ကွဲသံ တစ်ချက် ကျယ်လောင်စွာကြားခဲ့ရတယ်လို့ မြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက သာကေတမြို့နယ် ယမုံနာလမ်းမကြီး၊ ရှုခင်းသာမြို့ပတ်လမ်းနဲ့ ဗန္ဓုလတံတားတို့မှာ အိမ်စီးကားများနဲ့ အဌားယာဥ်(Taxi) များကို စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။ နောက်ပြီး မနေ့ ညနေပိုင်းက တောင်ဒဂုံမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်တို့မှာလည်း ဗုံးပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားလိုက်ရတယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။

▪️ရွှေပြည်အေးမြို့မှာ တကျော့ပြန်စစ်ရေးတင်းမာနေ

မြို့​ပေါ်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ဖူးတဲ့ ရွှေပြည်အေးမြို့မှာ လက်ရှိ စစ်ရေးပြန်လည်တင်းမာနေပြီး ဒေသခံပြည်သူများ စစ်ရေးသတိရှိရှိ‌နေကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးပါတယ်။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေပြည်အေးမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ပစ်ချတိုက်ခိုက်နိုင်ခဲ့ပါတယ်။ ​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များက တစ်မြို့လုံးကို သိမ်းနိုင်လုအ​ခြေအ​နေမှာ စစ်​ကောင်စီတပ်က ​​လေ​ကြောင်း၊​ ရေ​ကြောင်းနဲ့ ကုန်​ကြောင်းမှ အင်အားအများအပြားဖြင့် စစ်ကူသုံးတိုက်ခိုက်ခဲ့လို့ တော်လှန်​ရေးအဖွဲ့များ မြို့ကိုမသိမ်းပိုက်နိုင်ခဲ့တာပါ။ လက်ရှိ ရွှေပြည်အေးမြို့ပတ်ဝန်းကျင်သို့ စစ်ကောင်စီနဲ့ ရှမ်းနီတပ်ဖွဲ့အများအပြားက စက်တင်ဘာလနှောင်းပိုင်းကစလို့ အင်အားတိုးချထားပြီးနောက် စစ်ရေးတင်းမာနေတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

▪️အရာတော်မှာ ပျူစောထီးအချင်းချင်းပစ်ခတ်မှုဖြစ်၊ သေဆုံးပျူနာရေးကို PDFများ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ငွေတွင်းပျူစောထီးကျေးရွာမှာ ၎င်းတို့အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံးရာ အဲဒီပျူနာရေးကို PDFအဖွဲ့များက တိုက်ခိုက်ခဲ့တယ်လို့ Ngwe Dwin Revolution Force အဖွဲ့တာဝန်ခံ ကိုစစ်နိုင်က ပြောပါတယ်။ မနေ့ မနက်အစောပိုင်းမှာ ပျူစောထီးများ အချင်းချင်းပစ်ခတ်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။ ညနေပိုင်းမှာ ပျူအလောင်းထားရာ နေရာ၊ သင်္ဂြိုလ်မယ့်နေရာနဲ့ စစ်ကောင်စီစခန်းနေရာများကို ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး၊ Shar Htoo Waw နည်းပညာဖြင့် ဗုံးသီးငါးလုံးကြဲချ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်မှုရှိနိုင်တယ်လို့ တော်လှန်ရေးအင်အားစုများက ပြောပါတယ်။

▪️စစ်ကောင်စီရဲ့ ဆားတောင်ရဲစခန်း သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ရွှေဘို-မန္တလေးလမ်းမကြီးပေါ်ရှိ ဆားတောင်ရဲစခန်းကို မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ စခန်းတွင်းပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ ကြောင်လက်သည်း Local PDFအဖွဲ့တာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ဆားတောင်ရဲစခန်းကို မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် (၆၀)မမ ဗုံးသီးခုနစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စခန်းအတွင်းကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထိခိုက်မှုအခြေအနေကို မသိရသေးပါဘူး။ အောက်တိုဘာ ၁ ရက်ကလည်း ဆားတောင်ရဲစခန်းကို မောင်းသူမဲ့လေယာဥ်ဖြင့် ပထမအကြိမ် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ်ရဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် အဘွားအို တစ်ဦးအပါအဝင် အမျိုးသမီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

(ဆားတောင်ရဲစခန်းအား မောင်းသူမဲ့လေယာဥ်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်)
(ဆားတောင်ရဲစခန်းအား မောင်းသူမဲ့လေယာဥ်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်)

▪️မြိုင်နယ် စစ်ကောင်စီတပ် တိုက်ခိုက်ခံရမှု ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို ဒေသတွင်း PDFအဖွဲ့များက တိုက်ခိုက်ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေဆုံးတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ)တပ်ရင်း (၃)၊တပ်ခွဲ(၁)၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင် ခေါင်းဆောင် ဗိုလ်မီးပွားက ပြောပါတယ်။ မနေ့ မနက်ပိုင်းက မြိုင်မြို့နယ် ဆုံကုန်းကျေးရွာသို့ အင်အား ၁၅ ဦးခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အောက်တိုဘာ ၂ ရက်ကလည်း မြိုင်မြို့ပေါ်ရှိ စစ်အုပ်စုရှိရာ အဆောက်အဦးများနဲ့ ဘန်ကာများသို့ လက်လုပ်လက်နက်ကြီး၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

(ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်၏ ရဲဘော်များအား စစ်ဆင်ရေးတစ်ခု သွားရောက်နေချိန် တွေ့ရစဥ်)
(ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်၏ ရဲဘော်များအား စစ်ဆင်ရေးတစ်ခု သွားရောက်နေချိန် တွေ့ရစဥ်)