Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အောင်ဂျာစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီအင်အား ရာကျော်ကိုချေမှုန်းနိုင်ခဲ့ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

ကျားတက်ထိုးပြီး ဝင်ရောက်သိမ်းယူခဲ့ရသည့် စခန်းသိမ်းအောင်ပွဲနေ့တွင် PDFရဲဘော်များ၏ ရဲစွမ်းသတ္တိကို KIAစစ်ဦးစီးချုပ်/စစ်ဒေသမှူး ဗိုလ်ချုပ်ကြီးခေါင်လွန်းက ချီးကျူးခဲ့ကြောင်းလည်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။

(အောင်ဂျာစခန်းသိမ်းပိုက်ပြီးနောက် အဆိုပါ စခန်းကုန်းအား ဒုဗိုလ်ချုပ်ကြီးဂွန်မော် သွားရောက်ကြည့်ရှု့စဉ်တွေ့ရစဉ်။ ဓာတ်ပုံ - Gunmaw Sumlut/FB)
(အောင်ဂျာစခန်းသိမ်းပိုက်ပြီးနောက် အဆိုပါ စခန်းကုန်းအား ဒုဗိုလ်ချုပ်ကြီးဂွန်မော် သွားရောက်ကြည့်ရှု့စဉ်တွေ့ရစဉ်။ ဓာတ်ပုံ - Gunmaw Sumlut/FB)

“ဝန်ကြီးရေ ကောက်လို့တော့ မပြီးသေးဘူး၊လက်နက်ငယ်တွေကော လက်နက်ကြီးတွေပါ PDFတစ်ရင်းစာ တပ်ဆင်နိုင်လောက်အောင် ရလိမ့်မယ်ဗျ ” – KIAစစ်ဦးစီးချုပ်/စစ်ဒေသမှူး

တော်လှန်ရေးအဖွဲ့အစည်းများ၏ ဌာနချုပ်များကို ခြိမ်းခြောက်လိုသည့် စစ်ကောင်စီ၏ အိပ်မက်ကိုရိုက်ချိုးပစ်နိုင်ခဲ့သည့်အောင်ပွဲဟု ဖော်ပြ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီး နမ့်ဆန်ယန်ဒေသရှိ အောင်ဂျာ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခြင်းမှာ အရေးကြီးပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်အင်အားရာချီ ချေမှုန်းနိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောသည်။

PDFတပ်မတော်ပါဝင်ပြီး KIA ဦးဆောင်သည့် မဟာမိတ်များ၏ အားနှင့်ရယူခဲ့သည့် အောင်ပွဲဖြစ်ပြီးစခန်းသိမ်းအောင်ပွဲ၌ AA CNF ABSDF KNA-BURMA KPDFနှင့် PDFရဲဘော်များ ပူးပေါင်းခဲ့သည်ဟု ယနေ့နံနက်တွင် ဝန်ကြီးက လူမှုကွန်ရက်တွင် ရေးသားအသိပေးသည်။

“တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဌာနချုပ်တွေကို ခြိမ်းခြောက်လိုတဲ့ စစ်ကောင်စီရဲ့ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်တဲ့ အောင်ပွဲလည်း ဖြစ်တယ်။တော်လှန်ရေးထုအင်အားနဲ့ ဆင်နွှဲတဲ့ မဟာဗျူဟာထိုးစစ်ရဲ့ ကနဦးခြေလှမ်းလည်း ဖြစ်ပါတယ်။ဒီပွဲမှာ ရန်သူ့အင်အား ရာကျော် ချေမှုန်းနိုင်ခဲ့တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ကျားတက်ထိုးပြီး ဝင်ရောက်သိမ်းယူခဲ့ရသည့် စခန်းသိမ်းအောင်ပွဲနေ့တွင် PDFရဲဘော်များ၏ ရဲစွမ်းသတ္တိကို KIAစစ်ဦးစီးချုပ်/စစ်ဒေသမှူး ဗိုလ်ချုပ်ကြီးခေါင်လွန်းက ချီးကျူးခဲ့ကြောင်းလည်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။

“ဝန်ကြီးရေကောက်လို့တော့ မပြီးသေးဘူး၊လက်နက်ငယ်တွေကော လက်နက်ကြီးတွေပါ PDFတစ်ရင်းစာ တပ်ဆင်နိုင်လောက်အောင် ရလိမ့်မယ်ဗျ “(စခန်းသိမ်းပြီးနောက်ရက်မှာ စစ်ဒေသမှုးက လှမ်းပြောပါတယ်)ဟုလည်း ကာကွယ်ရေးဝန်ကြီးက ရေးသားအသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

အောင်ဂျာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ် အလက် ၁၀၀ကျော် သိမ်းဆည်းရရှိခဲ့ပြီး လက်နက်ကြီး ကျည် ၂၀၀ကျော် ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က People’s Spring သို့ ပြောကြားထားသည်။

ယင်းစခန်းသိမ်းတိုက်ပွဲနေ့၌ စစ်ကောင်စီတပ်မှ ၅၀ခန့် သေဆုံးပြီး ၂၀ကျော် ထွက်ပြေးသွားကြောင်း သုံးဦး အရှင်ဖမ်းမိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောပြသည်။

စခန်းသိမ်းတိုက်ပွဲမတိုင်ခင်ကလည်း အောင်ဂျာဒေသ၌ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

အောင်ဂျာတိုက်ပွဲအောင်ပွဲရပြီးနောက် စစ်မြေပြင်သို့ KIO/KIC ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်ကိုယ်တိုင် စစ်မြေပြင်သို့ သွားရောက်ကာ စခန်းသိမ်းတိုက်ပွဲအောင်ပွဲရ ရဲဘော်များကို သွားရောက်အားပေးခဲ့သည်။

အောင်ဂျာတိုက်ပွဲအပါအဝင် နမ့်ဆန်ယန်ဒေသ တိုက်ပွဲများ၌ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူအလွန်အကျွံအသုံးပြု ကာကွယ်ခဲ့သော်လည်း ၎င်းတို့အတွက် အရေးပါသည့် ဗျူဟာမြောက်စခန်းကို အောက်တိုဘာ ၂၀ ရက်တွင် စွန့်လွှတ်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် နမ့်ဆန်ယန်ဒေသ တစ်ခုလုံးလွတ်မြောက်သကဲ့သို့ ဖြစ်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ထို့ပြင် လိုင်ဇာဌာနချုပ် လုံခြုံရေးစည်းအတွက် ပိုမိုအားကောင်းစေခဲ့သည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။ အောင်ဂျာဒေသည် KIA ဌာနချုပ် လိုင်ဇာနှင့် (၁၂)မိုင်ခန့်သာ ဝေးသည့်ဒေသ၌ရှိသည်။