Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့နယ်ရှိ ဆီဆိုင်ကုန်းစခန်းအား PDFများတိုက်ခိုက်၊ သေနတ်တစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Depeyin Local Mobile Team အဖွဲ့သည် ဒီပဲယင်းနှင့် ဘုတလင်နယ်များရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအား ၅ ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိပြီး လက်နက် ၇ လက်နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း အဖွဲ့ဝင်ရဲဘော်များက ပြောသည်။

(သိမ်းဆည်းရမိသော သေနတ်နှင့်ခဲယမ်းများ၊ စစ်အသုံးအဆောင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Depeyin Local Mobile Team)
(သိမ်းဆည်းရမိသော သေနတ်နှင့်ခဲယမ်းများ၊ စစ်အသုံးအဆောင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Depeyin Local Mobile Team)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – ဘုတလင် လမ်းပိုင်းရှိ စစ်ကောင်စီတပ်​၏ ဆီဆိုင်ကုန်းစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်မှုရှိပြီး သေနတ်တစ်လက်နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း Depeyin Local Mobile Team အဖွဲ့တာဝန်ခံ ဗိုလ်သုခက ပြောသည်။

ဒီဇင်ဘာ ၄ ရက် ည ၁၂ နာရီကျော်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မြောက်ဘက်ရှိ အင်အား ၂၀ ခန့်ဖြင့် တပ်စွဲထားသော နမခ​၏ ကာကင်းစခန်းဖြစ်သည့် ဆီဆိုင်ကုန်းစခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Depeyin Local Mobile Team အဖွဲ့က အသိပေးသည်။

စစ်ကောင်စီတပ်သားများနေထိုင်သည့် တိုက်ခန်းတန်းလျားအား RPGဖြင့် နှစ်ကြိမ်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြောင်း၊ ထို့နောက် လက်နက်ငယ်များဖြင့် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သတင်းရကြောင်း Depeyin Local Mobile Team အဖွဲ့တာဝန်ခံ ဗိုလ်သုခက ပြောသည်။

“ပစ်ဝင် ဝင်ပြီးရှင်းဖို့ရာ RPG တစ်လုံး ပစ်လိုက် တယ်။ ပစ်လိုက်တဲ့ဟာက အဖူးကမကွဲဘဲနဲ့ သူတို့ဆီလှန့်ပေးသလိုဖြစ်ပြီး ဒီကောင်တွေက ဘာမှမခုခံဘူး။ သူတို့လက်နက်သူတို့ကောက်ယူပြီး တောက်လျှောက်တန်းပြေးတာ။ အဲဒီမှာ RPG နောက်တစ်ချက်ထပ်လွှတ်တယ်။ နောက်တစ်ချက်ကကွဲလိုက်တယ်။ ကွဲတဲ့အချိန်မှာ ဒီကောင် တွေက ထွက်ပြေးနေပြီ။ ဖုန်းဖလက်ရှ်မီးတွေနဲ့။”ဟု ဗိုလ်သုခက ပြောသည်။

ထိုနောက် တိုက်ခန်းတန်းလျားအား ဝင်ရောက်ရှင်းလင်းခဲ့ပြီး ၁၀ မိနစ်ခန့်အကြာတွင် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြာချိန် ၁၁မိနစ်အတွင်း စခန်းအားရှင်းလင်းနိုင်ခဲ့ပြီး သေဆုံးစစ်သားထံမှ MA 11 (၁)လက်အပါအဝင် 5.56 ကျဉ်ဘောက် (၆)ဘောက်၊ 5.56 ကျဉ် (၅၆၅)တောင့်၊ ၄၀ မမ ဗုံးသီး (၁၅)လုံး၊ ဖုန်း (၇)လုံး၊ ကျည်ကာဦးထုပ် (၂)လုံး၊ ကျည်ကာအင်္ကျီ (၂)ထည်၊ Equipment (၂)စုံ၊ ယူနီဖောင်း (၄)စုံ၊ ကျောပိုးအိတ် (၆)လုံးနှင့် ဆေးပစ္စည်းမျိုးစုံ သိမ်းဆည်းနိုင်ခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါ စစ်ဆင်ရေးအား Depeyin Local Mobile Team စစ်ဆင်ရေးတာဝန်ခံ ကောင်းကင်ကြီးနှင့် တပ်ခွဲမှူး မိုးကောင်းတို့ဦးစီးပြီး အင်အား ၃၀ခန့်နှင့်အတူ အားမာန်သစ်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခုအခါထိုဆီဆိုင်ကုန်းစခန်းအား စစ်ကောင်စီတပ်က လက်နက်ကြီးများအပါအဝင် အင်အား ၅၀ ခန့်ဖြင့် ပြန်လည် တပ်စွဲထားကြောင်း သတင်းရရှိသည်။

Depeyin Local Mobile Team အဖွဲ့သည် ဒီပဲယင်းနှင့် ဘုတလင်နယ်များရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအား ၅ ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိပြီး လက်နက် ၇ လက်နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း အဖွဲ့ဝင်ရဲဘော်များက ပြောသည်။