Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူများ၏ ထောက်ပံ့ကူညီမှုအပါအဝင် အချက်သုံးချက်ကြောင့် မြို့သိမ်း၊ စခန်းသိမ်းအောင်ပွဲများရရှိနေခြင်းဟု NUG ကာကွယ်ရေး ထုတ်ပြန်

၂၀၂၃နှစ်ကုန်ပိုင်းတွင် ပြည်သူ့တော်လှန်ရေးသည် အလှည့်အပြောင်း အမှတ်သို့ရောက်ရှိသွားခဲ့ရာ စစ်ရေးအရတော်လှန်ရေးအင်အားစုများအနေဖြင့် မဟာဗျုဟာခံစစ် အနေအထားမှ မဟာဗျုဟာထိုးစစ်အနေအထားသို့ ပြောင်းလဲဆင်နွှဲနိုင်ခဲ့သည်ဟု ဆိုသည်။

ပြည်သူများ၏ ထောက်ပံ့ကူညီမှုအပါအဝင် အချက်သုံးချက်ကြောင့် မြို့သိမ်း၊ စခန်းသိမ်းအောင်ပွဲများရရှိနေခြင်းဟု NUG ကာကွယ်ရေး ထုတ်ပြန်
ပြည်သူများ၏ ထောက်ပံ့ကူညီမှုအပါအဝင် အချက်သုံးချက်ကြောင့် မြို့သိမ်း၊ စခန်းသိမ်းအောင်ပွဲများရရှိနေခြင်းဟု NUG ကာကွယ်ရေး ထုတ်ပြန်

စစ်ရေးအောင်ပွဲများ၊ မြို့သိမ်း၊ စခန်းသိမ်းအောင်ပွဲများ၊ စစ်အာဏာရှင်များကို အပြီးသတ် အနိုင်ယူရေး အခြေအနေကောင်းများ တည်ဆောက်ထားနိုင်မှုမှာ အဓိကအချက်သုံးချက်ကြောင့်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။

ယင်းတို့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် တော်လှန်ရေး အဖွဲ့အသီးသီးက တနိုင်ငံလုံး အထူးသဖြင့် မြေပြန့်ဒေသများတွင် (၂)နှစ် ကျော်ကြာ ရန်သူကို အဆက်မပြတ် ထိုးနှက် တိုက်ခိုက်ထားမှု၊ ပြည်သူဘက်သို့ ရပ်တည်သည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ (EROs)များ၏ ကူညီဆောင်ရွက်ပေးမှုနှင့် ပြည်သူလူထု၏ ကြံ့ကြံ့ခံ ထောက်ပံ့ကူညီပေးထားမှုတို့ကြောင့် ဖြစ်သည်ဟု ဖော်ပြသည်။

ကာကွယ်ရေးဝန်ကြီးဌာန တနိုင်ငံလုံးစစ်ရေး အခြေအနေကို အသိပေးထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။

၂၀၂၃နှစ်ကုန်ပိုင်းတွင် ပြည်သူ့တော်လှန်ရေးသည် အလှည့်အပြောင်း အမှတ်သို့ရောက်ရှိသွားခဲ့ရာ စစ်ရေးအရတော်လှန်ရေးအင်အားစုများအနေဖြင့် မဟာဗျုဟာခံစစ် အနေအထားမှ မဟာဗျုဟာထိုးစစ်အနေအထားသို့ ပြောင်းလဲဆင်နွှဲနိုင်ခဲ့သည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ ဒေသခံတော်လှန်ရေးအဖွဲ့များက အကြမ်းဖက် စစ်တပ်ကို (၂)နှစ်ကျော် ကြာ စစ်ဆင်တိုက်ခိုက်လျက်ရှိပြီး မြို့သိမ်း၊ စခန်းသိမ်း၊ နယ်သိမ်းတိုက်ပွဲများကို တချို့သော ဒေသများတွင် ဆင်နွှဲလာနိုင်သကဲ့သို့ ရန်ကုန် နှင့် မန္တလေး ကဲ့သို့သော မြို့ကြီးများတွင်လည်း မြို့တွင်း စစ်ရေးပစ်မှတ်များကို လိုအပ်သလို အရှိန်မြှင့်တိုက်ခိုက်နိုင်လာကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

၂၀၂၃ ဒီဇင်ဘာ တစ်လအတွင်း မိုင်းလုံ၊ မော်လူး၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ မြို့ (၇) မြို့ကို သိမ်းယူနိုင်ခဲ့ပြီး နွေဦးတော်လှန်ရေးကာလ (၃) နှစ်နီးပါးရှိလာချိန်တွင် တော်လှန်ရေးအင်အားစုများအနေဖြင့် မကွီအိမ်နူး၊ မယ်စဲ့၊ ပန်ဆိုင်း၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုန်းကိုး၊ ကောလင်း၊ ခါမ်းပါတ်၊ နန်းမယ်ခုံ၊ ကွမ်းလုံ၊ ရိခေါဒါရ်၊ ရွှေပြည်အေး၊ အင်ဂျန်းယန်၊ လိုင်လင်းပီ၊ ကုန်းကြမ်း၊ ရေဇွာ၊ ဝေဘူလ၊ ဆူရ်ခွား၊ နှာဟရိန်၊ မိုင်းလုံ၊ မော်လူး၊နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေ့ါ မြို့ (၂၆)မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည်ဟု ဆိုသည်။

ယင်းတို့တွင် အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် မြေပြန့် ဒေသခရိုင်အဆင့်မြို့ ဖြစ်သည့် ကောလင်းမြို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ကုန်သွယ်ရေးဂိတ်များနှင့် ပတ်သတ် လျှင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ထိုင်းဘုရင့်နိုင်ငံတော်တို့နှင့် ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်အများစုကို တော်လှန်ရေး အင်အားစုအသီးသီးက သိမ်းပိုက်ခြင်း၊ စိုးမိုးခြင်းတို့ လုပ်‌ဆောင်နိုင်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်သည်။

၂၀၂၃အတွင်း ထိသာထင်ရှားသည့် ‌နောက်ထပ် အချက်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ကဲ့သို့သော မြို့ကြီးများ၏ အနီးဒေသများသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့်တော်လှန်ရေးအင်အားစုများ ချဥ်းကပ်တိုက်ခိုက်လာနိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ မြို့ကြီးများအပါအဝင် ကျန်မြို့ပြဒေသများတွင် မြို့ပေါ် စစ်ရေးပစ်မှတ်များကို လိုအပ်သလို၊ လိုအပ်သည့်အချိန်တွင် ချေမှုန်းတိုက်ခိုက်နိုင်သည်အထိ မြို့ပြစစ်ဆင် တိုက်ခိုက် မှု စနစ်တကျဖြင့် ပေါ်ထွက်လာပြီ ဖြစ်ကြောင်း၊ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများကို လက်နက်တပ်ဆင်ပြီးသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းများက အဓိကအားဖြင့် လုပ်ဆောင်လာနိုင်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

ရန်သူကို ထိုးနှက်နိုင်မှုပိုင်းအရကြည့်လျှင် အကြမ်းဖက်စစ်တပ်၏ မဟာဗျူဟာ တိုက်ခိုက် ‌ရေး အင်အားများဖြစ်သည့် ခြေမြန်တပ်မ ဌာနချုပ် (တမခ)နှင့် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ)တပ်များကို အင်အားချိနဲ့အောင် တိုက်ခိုက်နိုင်ခဲ့ သဖြင့် စစ်တပ်၏ စစ်ဆင် တိုက်ခိုက်နိုင်စွမ်း သိသိသာသာ လျော့ကျသွားသည်ကို ၂၀၂၃နှစ်ကုန်ပိုင်းတွင် တွေ့လာရသည်ဟု ထုတ်ပြန်သည်။

တပ်မ(၉၉)၊ တပ်မ (၁၀၁)၊ အမှတ် (၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ အမှတ် (၇) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ အမှတ် (၁၂) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ အမှတ် (၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် တပ်များကို အင်အားချိနဲ့အောင် တိုက်ခိုက်နိုင်ခဲ့ကာ ၂၀၂၃ ဒီဇင်ဘာအတွင်း တပ်မ (၁၀၁) တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း၊အမှတ် (၁၉) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေတို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် ရက္ခိုင့်တပ်တော်(ULA/AA)တို့က အသီးသီး ဖမ်းဆီးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) လောက်ကိုင်ကိုလည်း ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အတွက်ကြောင့် စစ်တပ် အင်အားတွင် ကန့်သတ်ချက်များ ပေါ်ထွက်လာပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြည့်လျှင် တိုက်ခိုက်ခံရသည့် နေရာများသို့ စစ်ကူမလွှတ်နိုင် ဖြစ်နေကြောင်းထုတ်ပြန်ခဲ့သည်။

ယင်းသို့သော စစ်ရေး အရေးနိမ့်မှုကြီးများ အောက်တွင် စစ်အုပ်စုသည် တချို့သော နယ်မြေများတွင် စစ်ဆင်တိုက်ခိုက်ရန်ထက် ခံစစ်ဆင်ရန် ပြင်ဆင်လာသည်ကို တွေ့နေရသကဲ့သို့ မန္တလေး-လားရှိုး-မူဆယ်လမ်း၊ မြစ်ကြီးနား-ရွှေဘိုလမ်း၊ မြဝတီကုန်သွယ်ရေးလမ်း ကဲ့သို့သော မဟာဗျူဟာမြောက် လမ်းမကြီးများ ပေါ်တွင်ပါ အပြည့်အဝ ထိန်းချုပ်နိုင်မှု မရှိတော့ဟု ဆိုသည်။

စစ်တက္ကသိုလ် အများစုရှိရာ ပြင်ဦးလွင်ကဲ့သို့သော အချက်အခြာ တပ်နယ်မြေ ကိုပါ လုံခြုံစွာ မထိန်းချုပ်နိုင်မှု၊ မန္တလေးမြို့တွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ပါ ပစ်ခတ်တိုက်ခိုက်ခံနေရမှု တို့ကို ကြည့်ပါက စစ်အုပ်စု၏နယ်မြေ ထိန်းချုပ်နိုင်မှုသည် အရေးကြီးသည့် ဒေသများတွင်ပါ လျော့ပါးလာသည်ကို တွေ့နိုင်ကြောင်း ဖော်ပြသည်။

ညီနောင် မဟာမိတ်အဖွဲ့ ဆင်နွှဲလျှက်ရှိသည့် (၁၀၂၇) စစ်ဆင်ရေးသည် ခုခံတော်လှန်စစ်ကို နောက်တဆင့်သို့ မြှင့်တင်ပေးလိုက်ရာ ရှမ်းမြောက်ဒေသ ရှိ မြို့များ၊ အချက်အခြာ လမ်းမများကို ညီနောင် မဟာမိတ်အဖွဲ့များ ထိန်းချုပ်ထားမှုကို ကြည့်ပါက အဆိုပါအချက် သိသာထင်ရှားကြောင်း၊ ရခိုင်နှင့်ဆက်စပ် ဒေသများတွင်လည်း စစ်စခန်းရာချီ၍ စစ်ကောင်စီတပ်အနေဖြင့် လက်လွှတ်ဆုံးရှုံး နေရကြောင်း ထုတ်ပြန်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင် ပြည်နယ်တို့တွင် စစ်ရေး အရှုံးကြီးများကို ရင်ဆိုင်နေရသော အကြမ်းဖက်စစ်တပ်သည် တကမ္ဘာလုံးက လက်မခံသည့် ဓာတုလက်နက် များကိုပါ ထုတ်သုံးလျှက် ရှိသည်ဟု ဖော်ပြသည်။

တနိုင်ငံလုံး၏ စစ်ရေးအခြေအနေကို သုံးသပ်ကြည့်လျှင် ပုံစံကြီး (၂)မျိုးဖြင့် ပေါ်ထွက်လာပြီ ဖြစ်ကြောင်း၊ တချို့သောဒေသများ အထူးသဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ် အထက်ပိုင်း၊ စစ်ကိုင်းအထက်ပိုင်း၊ ကရင်နီ(ကယား) ဒေသတို့တွင် သမရိုးကျစစ်ဆင်တိုက်ခိုက်မှု ပုံစံကို ပြောက်ကျားစစ်ဆင်မှုနှင့် အပြိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်နှင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုအသီးသီးက ပြောင်းလဲ ကျင့်သုံးလာပြီ ဖြစ်ပြီး ကျန်ဒေသများတွင် သမရိုးကျ မဟုတ်သော စစ်ဆင်တိုက်ခိုက်မှု ပုံစံ ဖြစ်သော ပြောက်ကျားစစ်ဆင်မှု၊ မြို့ပြ စစ်ရေးပြစ်မှတ်များ တိုက်ခိုက်မှု၊ ဆက်သွယ်ရေး လမ်းကြောင်းများကို နှောင့်ယှက်ကာ ရန်သူကို စစ်ပန်းစေမှုများကို အဓိကထား လုပ်ဆောင်လျက်ရှိသည်ဟု အသိပေးထုတ်ပြန်ထားသည်။

“NUG ခြုံငုံသုံးသပ်ပြသလိုပါပဲ။ ကျွန်တော်တို့မြေပြင်မှာလည်း အရင်ကလို ခံစစ်အနေအထားထက် ကိုယ့်ဘက်ကနေ ထိုးစစ်အနေအထား မစ်ရှင်အများစုကို ဖော်ဆောင်လာနိုင်ခဲ့တယ်။ ခွေးတွေဘက်ကနေလည်း အရင်ကလို စစ်ကြောင်းတွေထိုးဖို့ထက် ခံစစ်ကိုတောင် ကောင်းကောင်းပြင်ဆင်နိုင်တဲ့အနေအထားတောင် မရှိဘူးလို့ပြောရမယ်ဗျ”ဟု စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အခြေစိုက် ဗိုလ်ကျားရိုင်း LPDF အဖွဲ့မှ တာဝန်ရှိ ရဲဘော်တစ်ဦးက ပြောသည်။

သို့သော် တော်လှန်ရေးရဲဘော်တစ်ယောက်​၏ ဆန္ဒဆိုပါက လက်နက်စီးဆင်းမှု၊ ကျည်စီးဆင်းမှုများမှာ အားနည်းနေကြောင်း ၎င်းက ပြောသည်။

“ခုထိကို အသက်ပေးမယ့်ရဲဘော်တွေက ပွဲသွားမယ်ဆို လိုက်ငှား ခယနေရတယ်ဗျာ။ လက်နက်ခဲယမ်းတွေကိုလည်း တကယ့် ရလိုမှုနဲ့မဟုတ်ဘဲ ပေးဆပ်လိုမှုနဲ့ လုပ်ငန်းတကယ်လုပ်တဲ့သူတွေဆီမှာ စီးဆင်းစေချင်တယ်”ဟု အဆိုပါရဲဘော်က ပြောသည်။

မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်း အမှတ် (၁) စစ်ဒေသ၊တပ်ခွဲ(၃)၊တပ်ခွဲမှူးဖြိုးကိုက ” တော်လှန်ရေးတစ်ခုအတွက် အချိန်တခုပေးရမယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ် တကယ်တိုက်ပွဲတွေဝင်နေရတဲ့ အချိန်မှာ အဆင်မပြေမှုတွေကြုံတိုင်း ဒီတော်လှန်ရေးကို အမြန်ပြီးစေချင်ပါပြီ။ ၂၀၂၃ထဲမှာ ၂၀၂၂နဲ့နှိုင်းယှဉ်ရင် ကျတော်တို့ PDFတွေက ခုခံစစ်ထက် တိုက်စစ်၊ထိုးစစ်တွေကို စတင်နိုင်လာပါပြီ။ စုဖွဲ့မှု၊ စီမံအုပ်ချုပ်တွေ၊ အမိန့်နာခံမှုတွေလည်း တော်တော်လေးကောင်းလာပါပြီ။ လက်နက်ခဲယမ်းနဲ့ ထောက်ပို့လုပ်ငန်းတွေလည်း အားကောင်းလာပါပြီ”ဟု ပြောသည်။

ထို့ကြောင့် မကြာမီမှာလည်း မိဘပြည်သူများ မြင်စေချင်သည့် အောင်မြင်မှုများရရှိရန် ကတိပေးပြီး ကြိုးစားနေကြောင်း၊ ထိုကဲ့သို့ အောင်မြင်မှုမှာလည်း ပြည်သူများ​၏ ထောက်ပံ့မှုကြောင့်ဟု ၎င်းက ဆိုသည်။