Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်၌ တော်လှန်ရေးအဖွဲ့က လက်လုပ် RPGများ တိုက်ပွဲအတွင်း စတင်အသုံးပြု

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ADPRAအဖွဲ့ တီထွင်ထုတ်လုပ်ထားသော RPGနှင့်အဖူးများအား တွေ့ရစဥ်။ ဓာတ်ပုံ - ADPRA)
(ADPRAအဖွဲ့ တီထွင်ထုတ်လုပ်ထားသော RPGနှင့်အဖူးများအား တွေ့ရစဥ်။ ဓာတ်ပုံ - ADPRA)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၌ လက်လုပ် RPGများ တီထွင်ထုတ်လုပ်ပြီး တိုက်ပွဲများအတွင်း စတင်အသုံးပြုနေကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်-ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ လက်လုပ် RPGများအား အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်-ADPRA ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ်(၃၀)၊တပ်ခွဲ(၂)ထုတ်လုပ်ရေးတပ်စုက ရဲဘော်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ထုတ်လုပ်ရေးဆရာတို့ ပူးပေါင်းတီထွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အရင်ကတော့ RPG ကို တခြားတပ်ရင်းက ငှားပေးတာတို့၊ ခရိုင်ရုံးကငှားပေးတာလောက်ပဲ ပစ်ဖူးတယ်။ အခုဟာကတော့ ကိုယ်တိုင်ထုတ်တဲ့ RPGပေါ့။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အစစ်လောက်နီးပါး မဖြစ်ပေမယ့် Effective(ထိရောက်မှု)တော်တော်ဖြစ်တယ်။ တိုက်ပွဲသုံးပွဲလောက် သုံးပြီးပြီ။ ရန်သူ့ရိက္ခာလှည်းတို့ ဘန်ကာတို့ကို ထုဖူးတယ်။ ထိရောက်တယ်။ သူ့ရဲ့ထိရောက်တဲ့အကွာအဝေးကလည်း မီတာသုံးရာကနေ ငါးရာအထိပြေးတယ်။ ပစ်ခတ်သူအနေနဲ့ အန္တရာယ်မရှိ ပစ်ခတ်နိုင်တယ်။”ဟု အထက်ပါ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး နည်းပညာအဆင့်မြှင့်တင်ပြီးထုတ်လုပ်မျှဝေအသုံးပြုနိုင်ရန် အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။

စစ်ကိုင်းနှင့် မကွေးတိုင်းအပါအဝင် တော်လှန်ရေးအားကောင်းရာ ဒေသများ၌ လက်လုပ်လက်နက်များ၊ မိုင်းများ စမ်းသပ်ရင်း ရဲဘော်အများအပြား သေဆုံးခြင်း၊ ခြေလက် အင်္ဂါဆုံးရှုံးခြင်းများ မကြာခဏ ဖြစ်ပွားခဲ့ဖူးသည်။