Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါနတောင်ပေါ်၌ အောင်ဇေယျစစ်ကြောင်းရှိရာကို တော်လှန်ရေးပူးပေါင်းတပ် သွားရောက်တိုက်ခိုက်

ဇွန်လ ၃ရက်ညက ဒေါနတောင်ပေါ် တောနောရေတံခွန်အကျော်ရှိ ဘုရားကုန်းဝန်းကျင်တွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းရှိရာကို KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(အောင်ဇေယျစစ်ကြောင်းထံမှ သိမ်းဆည်းရရှိသော RPGနှင့် ကျည်ဘောက်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(အောင်ဇေယျစစ်ကြောင်းထံမှ သိမ်းဆည်းရရှိသော RPGနှင့် ကျည်ဘောက်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

▪️RPG တစ်လက်နှင့် ကျည်ဘောက်များ သိမ်းဆည်းရရှိ

▪️စစ်ကောင်စီ နှင့် BGF ပူးပေါင်း၍ ​တော်လှန်​ရေးတပ်များအားတိုက်မည်ဆိုခြင်းမှာ မဖြစ်နိုင်ဟု BGFနှင့် နီးစပ်သူပြော

ဒီးဒီ/People’s Spring

ကရင်ပြည်နယ် ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းရှိရာနေရာကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သော ပူးပေါင်းတပ်များက သွားရောက် တိုက်ခိုက်ရာ RPGတစ်လက်နှင့် ကျည်ဘောက် များသိမ်းဆည်းရရှိကြောင်း People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇွန်လ ၃ရက်ညက ဒေါနတောင်ပေါ် တောနောရေတံခွန်အကျော်ရှိ ဘုရားကုန်းဝန်းကျင်တွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းရှိရာကို KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“သူတို့က ဆုတ်လိုက်၊တက်လိုက်နဲ့ လည်နေတာပေါ့။ မနေ့ညကတော့ တော်လှန်ရေးအဖွဲ့တွေက သူတို့လာတာမစောင့်နိုင်လို့ သူတို့ရှိတဲ့နေရာ သွားချတာ။ RPG တစ်လက်ရတယ်။ လက်နက်ငယ်ကျည်ဘောက်တွေ ကျန်ခဲ့တာပေါ့။ အဲဒီကျည်ဘောက်တွေ ကျန်ခဲ့တာကြည့်ချင်းအားဖြင့် သူတိ့ ဘယ်လောက်ကစဥ့်ကလျားပြေးရတယ်ဆိုတာ သိသာတာပေါ့”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှာ အင်းအားဖြည့်တင်းမှုများ မရှိတော့ဟုလည်း ၎င်းက ဆက်ပြောသည်။

“အင်အားတိုးတာမရှိဘူး။ သူတို့ဘယ်ကဟာနဲ့ သွားတိုးမလဲ။ ရခိုင်မှာလည်း ဒီလောက်အခြေနေဆိုးဆိုးရွားရွားဖြစ်နေတာ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် အောင်ဇေယျစစ်ကြောင်းအား ပိတ်ဆို့တိုက်ခိုက်နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များအား စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့က ပူးပေါင်းတိုက်ခိုက်မည်ဆိုသည့် သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်ပြီး BGFနှင့် နီးစပ်သူက မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

” ပူးပေါင်းပြီး တိုက်မယ်ဆိုတာ ဒါကတစ်ယောက်သဘောထားနဲ့ ဆုံးဖြတ်လို့မှ မရတာ။ တပ်မှူး၊တပ်ခွဲတွေ အားလုံးရဲ့ စိတ်သဘောထားနဲ့လုပ်ရမယ့် အလုပ်လေ။ စကစနဲ့ ပေါင်းတိုက်မယ်ဆိုတာ မဖြစ်နိုင်ဘူး။ အချင်းချင်းမတိုက်တော့ဘူးလို့ ပြောထားပြီးသားပဲ”ဟု BGFနှင့် နီးစပ်သူက ပြောသည်။

ကရင်နယ်ခြား​စောင့်တပ်(BGF)သည် ယခင်က စစ်​ကောင်စီလက်​အောက်ခံဖြစ်​သော်လည်း ယခုနှစ် ဇန်နဝါရီမှစ၍ စစ်​ကောင်စီလစာနှင့်​ ထောက်ပံ့မှူများ မယူ​တော့ဘဲ သီးခြားရပ်တည်ပြီဖြစ်​ကြောင်း​​အသိ​ပေးခဲ့သည်။ ထို​အပြင် BGF တပ်ဖွဲ့ဝင်အားလုံး ကရင်အမျိုးသားတပ်မတော် (Karen National Army-KNA)အဖြစ် ပြောင်းလဲဖွဲ့စည်းသွား မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

” ဘတ်တံဆိပ်ပြောင်းဖို့ရာလည်း အခြေအနေတစ်ခုမှပြောင်းမယ်။ ပြောင်းမယ်လို့ အစီအစဥ်ကရှိပြီးသားပါ”ဟု BGFနှင့် နီးစပ်သူက ပြောသည်။

ကရင်ပြည်နယ် ဒေါနတောင်ပေါ်၌ ဇွန်လ ၁ရက်ကလည်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းက ရှေ့တိုးရန်ကြိုးပမ်းလာ၍ တိုက်ပွဲပြင်းထန်ခဲ့သည်။ အဆိုပါတိုက်ပွဲမှာ နောက်တနေ့ ဇွန်လ ၂ရက် ညနေပိုင်းအထိ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း အောင်ဇေယျစစ်ကြောင်းမှ သေနတ်ခြောက်လက်နှင့် စစ်ကောင်စီရုပ်အလောင်းကိုးလောင်းကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းဆည်းရရှိသည်။

တိုက်ပွဲမှာအလွန်ပြင်းထန်ပြီး အသံစုံ လက်နက် အကြီး၊အသေးအသံများပါ မြဝတီမြို့မှ အတိုင်းသားကြားရသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် ဇွန်လ ၁ရက်က တိုက်ပွဲအတွင်းကလည်း အောင်ဇေယျတပ်သား အလောင်းနှစ်လောင်း ကျန်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ၎င်းက ဆိုသည်။

မေလ ၃၀ရက်ကလည်း ဒေါနတောင်ပေါ်၌ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်းသည် ရှေ့တိုးရန်ကြိုးပမ်းလာ၍ မိနစ် ၃၀ကြာ နှစ် ဘက်တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲ ပစ်ကူပေးခဲ့သည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် အောင်ဇေယျစစ်ကြောင်းမှာ တောနောရေတံခွန်အကျော် ဘုရားကုန်းအနီး၌ ရပ်တန့်နေဆဲဖြစ်သည်။

ထို့အပြင် စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သား အချို့မှာ ဒေါနတောင်ပေါ်၌ ငှက်ဖျားရောဂါဖြစ်နေသည်ဟု သတင်းကြားသိရကြောင်း အဆိုပါဒေါနတောင်အနီးရောက်ရှိနေသော ထောက်ပို့ရဲဘော် ကိုရဲမင်း(AAC)က မေလ ၃၀ရက်က ပြောထားသည်။

မြဝတီမြို့ကို စစ်ကူပို့ရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည်ဆို​သော နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး”ဟုအမည်​ပေး၍ အင်အားရာ၊​ထောင်ချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ဧပြီ ၇ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်မှ ချီတက်ခဲ့​သည်။ ၄ရက်ဖြင့် မြဝတီ အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း လာမည့်ဇွန်လ ၆ရက်ဆိုပါက နှစ်လပြည့်တော့မည်ဖြစ်ပြီး ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိ​နေခြင်းဖြစ်သည်။

အာရှလမ်းမကြီးအား အပြည့်အဝထိန်းချုပ်ရန်နှင့် မြဝတီမြို့အား ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာသော အောင်ဇေယျစစ်ကြောင်းအား အမှတ်(၂) စစ်​ဒေသ(​​တောင်ပိုင်းတိုင်း) အမှတ်(၃)စစ်​ဒေသခွဲမှကွပ်ကဲပြီး ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက တားဆီးတိုက်ခိုက်နေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများကြောင့် စစ်ကောင်စီတပ်ဘက်မှ အနည်း ဆုံးသုံးဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရ၍ နောက်ပြန်ဆုတ်သွားကြောင်း တပ်ရင်း(၃၆၀၁) က အသိပေးသည်။

သတင်း

NMSP၏ မေလ ၃၁ရက်ထုတ်ပြန်ချက်အပေါ် မှတ်ချက်ပေးရန် မရှိကြောင်း NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောသည်။

နိုင်ငံတကာ

သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရဟာ ယူကရိန်းအတွက် ထောက်ပံ့ထားတဲ့ အမေရိကန် စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာရှိတဲ့ စစ်ရေးပစ်မှတ်တွေဆီ တန်ပြန် ဖိအားပေးမှု ရည်ရွယ်ချက်အတွက် တိုက်ခိုက်တာကို ခွင့်ပြုသွားမယ်လို့ မေလ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

သတင်း

အလားတူ မေလ ၂၄ ရက် နံနက် ၄နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သည်။