Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တွန်းဇံတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ လေကြောင်းပစ်ခတ်၍ တပ်ဖွဲ့စည်းပုံပျက်ခဲ့ရဟု ဖမ်းဆီးခံရသည့် တပ်ကြပ်ကြီးပြော

တွန်းဇံမြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက မေလ ၁၇ရက်တွင် ဖော်ဆောင်ခဲ့ရာ တစ်ပတ်အတွင်း မြို့ကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးခန့် အရှင်ဖမ်းမိကာ လက်နက် ၁၀၀ ကျော်သိမ်းပိုက်ရရှိခဲ့သည်။

(ဖမ်းမိစစ်ကောင်စီတပ်ကြပ်ကြီးက တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် People Defence Army(PDA)တီးတိန် တပ်မှူးအား ပြောပြနေစဉ်။ ဓာတ်ပုံ - File Photo)
(ဖမ်းမိစစ်ကောင်စီတပ်ကြပ်ကြီးက တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် People Defence Army(PDA)တီးတိန် တပ်မှူးအား ပြောပြနေစဉ်။ ဓာတ်ပုံ - File Photo)

“အဲဒီ လေယာဉ်က ဘာစောက်သုံးမှကို မကျဘူး။ သူတို့လည်း တာဝန်ကျေပဲ။ သေမှာကြောက်လို့ ချပြီး ထွက်ပြေးသွားတာ။ ရန်သူမှန်းမသိ ၊ သူပုန်မှန်းမသိ ကိုယ့်ဘက်ကကောင်မှန်းမသိ။ ဟာ ကျနော်စိတ်နာတယ် စစ်တပ်က လေယာဉ် တွေကို” – တပ်ကြပ်ကြီး ကျော်ကြီး

ဟန်နွေ/People’s Spring

ချင်းပြည်နယ် တွန်းဇံမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိသည့်နေရာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့၍ တပ်ဖွဲ့စည်းပုံပျက်ခဲ့ရကြောင်း ဖမ်းဆီးခံရသည့် တပ်ကြပ်ကြီး ကျော်ကြီးက ပြောသည်။

ဖမ်းမိစစ်ကောင်စီတပ်ကြပ်ကြီးကို တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် People Defence Army(PDA)တီးတိန် တပ်မှူးတစ်ဦးက တိုက်ပွဲအကြောင်း မေးမြန်းစဉ် အထက်ပါအတိုင်း ပြောပြခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း ၎င်းသည် ဒဏ်ရာ ရခဲ့၍ ထွက်ပြေး ပုန်းခဲ့ရာ ဒဏ်ရာက ပုတ်ပွလာ၍ ဆေးရှာစဉ် ချင်းပူးပေါင်းတပ်မှ ရဲဘော်များ၏ ဖမ်းဆီးမှု ခံခဲ့ရခြင်းဖြစ်သည်ဟု တပ်ကြပ်ကြီး ကျော်ကြီးက ပြောသည်။

စစ်ကောင်စီတပ်တွင် တာဝန်ထမ်းဆောင်သည့် လုပ်သက် ၃၈နှစ်ရှိပြီဖြစ်သည့် တပ်ကြပ်ကြီး ကျော်ကြီးက စစ်ကောင်စီတပ်အနေဖြင့် အောက်ခြေရဲဘော်များအား အလေးမထား၍ ကျန်နေသည့် ရဲဘော်များအနေဖြင့် တပ်ထဲ၌ ဆက်လက်မနေကြရန် တိုက်တွန်းထားပြီး တပ်ဖွဲ့ဝင်များ၏အသက်ကို စစ်ကောင်စီက လုံး၀ အကာအကွယ်ပေးနိုင်မည်မဟုတ်ကြောင်း ပြောကြားသည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး စစ်ကောင်စီအတွက် တိုက်နေပါကလည်း တော်လှန်ရေးတပ်များကိုနိုင်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

” ဘာလို့မနိုင်လဲဆိုတော့ တပ်ကမှ ဘာမှ ပစ်ကူ စစ်ကူမှ မပေးနိုင်တာ။ မင်းတို့ တပ်ထဲမှာနေလဲ အပိုပဲ။ မင်းတို့ရဲ့ အသက်တွေကို အစိုးရက လုံး၀ အကာအကွယ်မပေးနိုင်ဘူး။ အဲဒီတစ်ခုတော့ ပြောလိုက်ချင်တယ်”ဟု တပ်ကြပ်ကြီး ကျော်ကြီးက ပြောသည်။

PDA တီးတိန်တပ်မှူးက”တပ်ကူက ပေးတယ်မဟုတ်လား၊ လေယာဉ်တွေနဲ့ ။ ဖိုက်တာတွေ MI35တွေရော”ဟု မေးမြန်းရာ တိုက်လေယာဉ် များသည် ကိုယ့်တပ်ရှိရာကို ပြန်ဗုံးကြဲသွားခြင်းဖြစ်သည်ဟု တပ်ကြပ်ကြီး ကျော်ကြီးက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များရှိနေသည့် ကိုဗစ်စစ်တာအနီးကို လေကြောင်း ဗုံးကြဲသွား၍ အဆောက်အဦးထိခိုက်ပြီး ပြတင်းပေါက် ၂၀ခု ခန့် ပျက်စီးခဲ့ဟု ၎င်း ကဆိုသည်။

“အဲဒီမှာတင် စဖွဲ့စည်းပုံ ပျက်ကုန်တော့တာ”ဟု တပ်ကြပ်ကြီး ကျော်ကြီးက ပြောသည်။

ထို့နောက် အကာအကွယ်မရှိတော့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာခဲ့သည်ဟု ၎င်းက ပြောပြသည်။

“အဲဒီ လေယာဉ်က ဘာစောက်သုံးမှကို မကျဘူး။ သူတို့လည်း တာဝန်ကျေပဲ။ သေမှာ ကြောက်လို့ ချပြီး ထွက်ပြေးသွားတာ။ ရန်သူမှန်းမသိ ၊ သူပုန်မှန်းမသိ ကိုယ့်ဘက်က ကောင်မှန်းမသိ ဟာ ကျနော် စိတ်နာတယ် စစ်တပ်က လေယာဉ်တွေကို”ဟု တပ်ကြပ်ကြီး ကျော်ကြီး ကပြောသည်။

အဆိုပါ စစ်ကောင်စီတပ် လေယာဉ်ကို လုံး၀ မကျေနပ်ဟုလည်း တပ်ကြပ်ကြီး ကျော်ကြီးက ပြောသည်။

“လေယာဉ်မှူးတွေလည်း တာဝန်ကျေပဲ လုပ်တော့တယ်။ ကိုယ့်လူမှန်းမသိ သူ့လူမှန်းမသိ”ဟု တပ်ကြပ်ကြီး ကျော်ကြီးက ဆက်လက်ပြောကြားသည်။

လေကြောင်းပစ်ကူတောင်းခံမှုကို အခြားနေရာ၌ရှိနေသည့် စစ်ကောင်စီတပ်အရာရှိက တောင်းခံခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“ဗိုလ်မှူးတစ်ယောက်က အပေါ်ထပ် ဖုန်းနဲ့လှမ်းပြောနေတာ။ ဘယ်လိုပြောလဲတော့ ကျနော်တို့ မသိဘူး။ ကျနော်တို့ အောက်မှာ နေရာယူနေကြတာ။ ဘယ်လိုညွှန်ကြားလဲတော့ ဘယ်ဘက်ကိုချဆိုတာ သူတို့ အရာရှိချင်း ပြောကြမှာပေါ့။ ကျနော်တို့ ငယ်သားက အဲဒီလောက်ထိ မသိဘူး”ဟု တပ်ကြပ်ကြီး ကျော်ကြီးက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် အောက်ခြေရဲဘော် များအား ပစ်ထားပြီး ညှာတာမှုမရှိဟုလည်း ၎င်းက ဆိုသည်။

“ကျနော်တို့ကို ကျွန်သာသာလောက်ပဲထားတာ” ဟုလည်း တပ်ကြပ်ကြီး ကျော်ကြီးက ပြောသည်။

တိုက်ပွဲကျသွားသည့် စစ်သည်များကို လျော်ကြေး ခံစားခွင့်ပေးသော်လည်း ထွက်ပြေးလက်နက်ချသည့် တပ်ဖွဲ့ဝင်မိသားစုများကို မထောက်ပံ့သည့်အပြင် တပ်မှ မောင်းထုတ်ခဲ့ကြောင်းလည်း တပ်ကြပ်ကြီး ကျော်ကြီးက ၎င်းအတွေ့အကြုံကို ပြောပြသည်။

“အဖမ်းခံရတာတို့ လက်နက်ချတာတို့ဆို ဘာမှ အခွင့်အရေးမရဘူး။ ကလေးတွေရော မိန်းမတွေရော စောင်တွေရော ခေါင်းအုံးတွေရော တပ်အပြင်ဘက်ကို ချက်ချင်း မောင်းထုတ်ပစ်လိုက်တာ။ ဒါကျနော့်ရဲ့ အတွေ့အကြုံပဲ။ တပ်တွေလည်း ၅တပ်လောက်ရှိပြီ နေဖူးတာ။ ဒါမျိုး ခဏခဏ တွေ့ရတာ။ ဘာမှ လှည့်မကြည့်တော့ဘူး။ နင့်ယောက်ျားက စောက်သုံးမကျလို့ အဖမ်းခံရတာ စောက်သုံးမကျလို့ လက်နက်ချတာ အဲဒီလို ဝိုင်းပြောကြတာ။ အားငယ်ရတာပေါ့”ဟု တပ်ကြပ်ကြီး ကျော်ကြီးက ပြောသည်။

ရဲဘော်သစ်များ စုဆောင်းနေပြီး အဆိုပါ တပ်သားသစ်ရဲဘော်များ ကျဆုံးပါက ထောက်ပံ့ကြေးအနည်းငယ်သာရကြောင်း၊ ယင်းထောက်ပံ့ကြေးမှာလည်း ကျန်နေသည့် မိဘများက လိုက်မှသာ ရပြီး နားမလည်သိ မိသားစုများဖြစ်ပါက နစ်နာကြေးမရဘဲ နောက်တန်းမှူးများ စစ်ကောင်စီ အရာရှိများက ထုတ်ယူကြခြင်းဖြစ်ကြောင်းလည်း ရဲဘော်ကျော်ကြီးက ပြောကြားသည်။

တွန်းဇံတိုက်ပွဲ အခြေအနေနှင့်ပတ်သက်ပြီး ရဲတပ်ကြပ် သန်းစိုး၏ ထွက်ဆိုချက်ကို PDAက ယခင်ရက်က ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီတပ် အရာရှိများသည် အောက်ခြေရဲဘော်များ ထွက်ပြေးပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားချိန်တွင် ရဲများကို ထားကာ ဦးစွာ ထွက်ပြေးသွားကြောင်း ရဲတပ်ကြပ် သန်းစိုးက ပြောပြခဲ့သည်။

တွန်းဇံမြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက မေလ ၁၇ရက်တွင် ဖော်ဆောင်ခဲ့ရာ တစ်ပတ်အတွင်း မြို့ကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးခန့် အရှင်ဖမ်းမိကာ လက်နက် ၁၀၀ ကျော်သိမ်းပိုက်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်တွင် မည်သည့်ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အကာအကွယ်ပေးမည်မူဝါဒ AA၌ အခိုင်အမာရှိကြောင်း ခိုင်သုခကဖြေကြားထားသည်။

သတင်း

ဒရုန်းများကို ပိုမိုအသုံးပြုနိုင်လေ စစ်ဆင်ရေးအောင်မြင်စေရန် ပိုမိုအထောက်အကူပြုနိုင်လေဖြစ်ပြီး ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှုကိုလည်း လျော့ချနိုင်လေဖြစ်သည်ဟု အသိပေးသည်။

သတင်း

စစ်​ကောင်စီဝါဒဖြန့် တယ်လီဟရန်ချန်နယ်များကမူ စစ်တပ်စစ်​ကြောင်းသည် လွိုင်​ကော်မြို့ကိုထိန်းချုပ်နိုင်ပြီဖြစ်​ကြောင်း ဝါဒဖြန့်​နေကြသည်။

သတင်း

ZRA နှင့် စစ်ကောင်စီ အရာရှိပိုင်းအကြား အဆက်အသွယ်ရှိကြောင်း၊ ZRA တပ်ဖွဲ့ဝင်များနှင့် ပြဿနာမဖြစ်စေရန် စစ်ကောင်စီ အရာရှိများက အောက်ခြေကို မှာထားကြောင်း ပြောသည်။