အောက်တိုဘာ-၂၆၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
မကွေးတိုင်း၊ ဆိပ်ဖြူ – စလင်းမြို့နယ်လမ်းပိုင်း ထိန်းချုပ်ဖို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာအထိနာပြီး ဆိပ်ဖြူမြို့အတွင်း ပြန်ဆုတ်သွားတယ်လို့ မကွေးတိုင်းပ.က.ဖ ရွေးလျားစစ်ကြောင်း Yenanthar Column တာဝန်ရှိသူက ပြောပါတယ်။
မနေ့က(အောက်တိုဘာ ၂၅ ရက်) မနက် ၁၀ နာရီ၀န်းကျင်က ဆိပ်ဖြူမြို့ဘောလုံးကွင်းကနေ ထွက်လာတဲ့ အမှတ် (၂၁)၊(၂၂)ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၂၁၊၂၂) ၊အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉) နဲ့ တပ်မ(၈၈)လက်အောက်ခံ ခလရ(၁၃)တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
“ ထိတွေ့ပြီးစကတော့ မြို့ထဲပြန်သွားတာ။ ဒီနေ့တော့ ထပ်လာဖို့ပြင်ဆင်နေကြတယ်” လို့ Yenanthar Column တာဝန်ရှိသူက စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။

Public Service Announcement
မနေ့က အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းရဲ့ ယာဥ်တွေကို ဆိပ်ဖြူမြို့နယ်၊ ဂွေးပင်ချောင်းကျေးရွာ အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ထိုးစစ်အရှိန်ကြောင့် ချင်တောင်ကျေးရွာအနီးမှာ ထိတွေ့ပစ်ခတ်မှုဆက်ဖြစ်ခဲ့ပြီး စစ်ကား နှစ်စီးပျက်စီးခဲ့တယ်လို့ Yenanthar Column က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်အထိုင်ချတဲ့ စလင်းမြို့နယ် တညောင်တိုက်နယ် လျှပ်စစ်ခွဲရုံကနေ လက်နက်ကြီးပစ်ကူပေးတာနဲ့ ဆိပ်ဖြူ-စလင်း ကားလမ်း ပေါ်က ထိုးစစ်အခြေအနေကြောင့် ဆုတ်ခွာခဲ့တယ်လို့ အသိပေးပါတယိ။
ထိတွေ့မှုမှာ တပ်တွင်းအရင်းအမြစ်ကတဆင့် စစ်ကောင်စီဘက်က ခုနစ်ဦးသေဆုံးပြီး ၁၀ဦးထက်မနည်းဒဏ်ရာ ရခဲ့တယ်လို့ Yenanthar Column ဖော်ပြပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ရဲ့ ထိခိုက်မှုနဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီတပ်ထိုးစစ်ကို မကွေးတိုင်းပ.က.ဖ ရွေးလျားစစ်ကြောင်း Yenanthar Column ၊ ပခုက္ကူခရိုင် အမှတ်(၁၉)တပ်ရင်းနဲ့ အမှတ်(၄)တပ်ရင်း တို့ပူးပေါင်းခုခံနေတယ်လို့ သိရပါတယ်။
















































