Scorpio/People’s Spring
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရဲ့ ချမ်းအေးလှတဲ့ မိုးတွင်းမနက်ခင်းတခုမှာ ပိတ်ဖြူစကိုခေါင်းပေါင်းပေါင်းထားတဲ့ အမျိုးသမီးငယ်တဦးဟာ ရင်ခွင်ထဲမှာ ရက်သားအရွယ်ပဲ ရှိပုံရတဲ့ ကလေးငယ်လေးကို ကျစ်ကျစ်ပါအောင် ပွေ့ထားရင်း မျက်ရည်တွေကျနေခဲ့တယ်။ ကလေးမိခင်ဟာ ဆုံးသွားရှာတဲ့ ရင်ခွင်ထဲက သူ့သားငယ်လေးအတွက် ယူကျူံးမရအောင် စိတ်ထိခိုက်နေခဲ့တာပါ။ ဘေးက မိန်းမဖော်လည်း ကလေးမိခင်လေးကိုဖေးမရင်း မျက်ရည်တွေဝဲနေခဲ့တယ်။
ကလေးနာရေး စီစဥ်ပေးဖို့ ရောက်လာတဲ့ ပရဟိတအသင်းသားတဦးက ကလေးအမေရဲ့ အသက်ကိုမေးတော့ ၂၄ ပဲ ရှိသေးတယ်လို့ ကလေးမိခင်က မျက်ရည်တွေနဲ့ဖြေတယ်။ ဘေးနားမှာလည်း မိန်းမဖော်တယောက်သာတွေ့လို့ ပရဟိတအသင်းဝင်က သူ့အဖေကောလို့ မေးလိုက်မိတယ်။ ကလေးမိခင်ငယ် ပြန်မဖြေနိုင်ရှာဘူး။ “ အဖေ… ပါသွားတာ” လို့ ပြောရင်း ငိုနေတယ်။ ဘေးက အမျိုးသမီးက စုဆောင်းရေးဆွဲတာ ပါသွားတာလို့ ခပ်တိုးတိုးပြောပြတယ်။
ဘယ်ဘက်ကဆွဲတာပါသွားတာလဲလို့ ပြန်မေးတော့ ဘေးကအမျိုးသမီးက ခပ်တိုးတိုးသာဖြေခဲ့တာမို့ ရုပ်သံထဲမှာ သဲကွဲစွာ မကြားလိုက်ရပါဘူး။

Public Service Announcement
(ကချင်ပြည်နယ်ထဲမှာတော့ အာဏာသိမ်းစစ်တပ်အပြင် အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း တပ်သားသစ်စုဆောင်းလေ့ရှိတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။)
နာရေးကိစ္စ စီစဥ်ပေးဖို့အတွက် ပရဟိတအသင်းက အမျိုးသမီးက ကလေးကို ပေးဖို့ပြောတော့ ကလေးမိခင်ဟာ ခွဲရတော့မယ့်သူ့သားကလေးကို ပေးချင်သေးပုံမပေါ်ဘူး။ “ ရတယ် ရတယ် ညီမလေး ချီမယ်” တဲ့။
ကလေးဟာ လမစေ့ဘဲ မွေးလာခဲ့သလို သေချာလည်း ဂရုမစိုက်နိုင်တော့ ဆုံးပါးသွားခဲ့တာလို့ မိန်းမဖော်ဖြစ်သူက ပြောပြတယ်။
စီစဥ်စရာရှိတာစီစဥ်ဖို့ ကလေးကို ပေးလိုက်ဖို့ပြောတော့ ကလေးမိခင်ဟာ ရင်ခွင်ထဲက ကလေးငယ်လေးကို အသာအယာလွှဲပြောင်းပေးပါတယ်။
အဲဒီနောက် မိန်းမဖော်နား လက်နှစ်ဘက်လုံးဆွဲကိုင်ရင်း အားအင်ချိနဲ့စွာနဲ့ မြေပေါ်ငုတ်တုပ်ထိုင်ချလိုက်တော့တယ်။
“ ယောကျာ်းနဲ့ အသက်ရှင်လျက် ကွဲခဲ့ရ၊ သားနဲ့ကျ သေကွဲ ကွဲခဲ့ရနဲ့ ညီမလေး ဘယ်သူနဲ့ နေရမှာလဲ” လို့ ပြောရင်း ကလေးမိခင်ဟာ ငိုကြွေးနေခဲ့တယ်။
“ ညီမလေး ဘယ်သူ့ကို အားကိုးရမှာလဲ” တဲ့။
“ ယောကျာ်းပါသွားလို့လည်း သားနဲ့နေရမလား ဝေးပါပြီ မမရယ်” တဲ့။
အမျိုးသမီးဖော်လည်း ဘာပြောလို့ပြောရမှန်းမသိဘူး။ ကလေးမိခင်ကိုဖက်ထားရင်း
ကလေးမိခင်အတွက်ယူလာတဲ့ စျေးပေါတဲ့ တစ်ရှူးထုပ်ကလေးထဲက တစ်ရှုးတွေထုတ်ကာ သူ့မျက်ရည်တွေသာ သူသုတ်နေခဲ့တယ်။
ကလေးမိခင်ဟာ ဝိုင်းမော်မြို့ကနေ အမျိုးသမီးအဖော်နဲ့အတူ ဆေးရုံလာတက်ခဲ့ကြတာပါ။
မြစ်ကြီးနားမြို့နဲ့ကပ်ရပ်တည်ရှိတဲ့ ဝိုင်းမော်မြို့ဟာ အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ဒေသတွေ ဖြစ်ပါတယ်။ဒါပေမယ့်ဝိုင်းမော်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမပတ်က လမြန်ရွာစစ်မျက်နှာပြင်ဘက်ကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းပြီး ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ကလေးမိခင်တို့ဟာ ဆေးရုံတခုကနေ နောက်တခုကိုအကူး လမ်းစရိတ်မရှိလို့ အခုလာကူညီတဲ့ ဧရာဝတီကရုဏာလူမှုကူညီရေးအသင်းကပဲ သွားခေါ်ပေးခဲ့တာပါ။ ဆေးရုံတက်တော့လည်း ကုသစရိတ်မကုန်လှပေမဲ့ စားစရာကို မရှိကြလို့ အမျိုးသမီးဖော်ဟာ ဆေးရုံနားက ထမင်းဆိုင်လေးမှာ ထမင်းသွားဝိုင်းချက်ပေးရတယ်။ ဆိုင်အလုပ်တွေကူပြီးမှ ကလေးမိခင်အတွက် ထမင်းကလေးတောင်းယူလာရတယ်လို့ ပြောပြတယ်။
ကလေးမိခင်ရဲ့အမျိုးသား အဆွဲခံရတုန်းကလည်း နှစ်ယောက်လုံး တောင်းပန်ကြတယ်။ “ ကောင်မလေးက ဗိုက်ကြီးကြီးနဲ့မို့ပါ။ မခေါ်ပါနဲ့မောင်လေးရယ်လို့ တောင်းတောင်းပန်ပန်နဲ့ ပြောတာကို မရဘူး ခေါ်တာ” လို့ မိန်းမဖော်က ပြောပြနေတယ်။ အဲဒီတုန်းကလည်း ကလေးမိခင်ရဲ့ အမျိုးသားတင်မကဘဲ မိန်းမဖော်အမျိုးသမီးရဲ့ ယောကျာ်းပါ ပါသွားခဲ့တာလို့ ပြောပြတယ်။ သူ့လည်း လေးနှစ်အရွယ် သားလေးနဲ့ ကျန်ရစ်ခဲ့တာပါတဲ့။ ဘဝတူမိန်းမသားချင်း သူကလည်းအကြီးမို့ “ ငါ့ညီမ မပူနဲ့။ ငါစားရရင် နင်စားရမယ်” လို့ အားပေးခဲ့တယ်လို့ သူက ပြောပြတယ်။
ဂူတွေကြားထဲက မြေလွတ်တနေရာလေးမှာ သားကလေးအတွက် ကျင်းတခု ပရဟိတအသင်းက စီစဥ်ပေးထားခဲ့တယ်။ နာရေးပို့သူအားလုံးပေါင်းမှ ၅ ယောက်လောက်သာ ရှိတဲ့ နာရေးလေးဟာ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ ကလေးအလောင်းကို မြေကြီးထဲချတော့ မိခင်ကော မိတ်ဆွအမျိုးသမီးပါ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျကြတယ်။
ဘဝတူ မိန်းမသားနှစ်ယောက်ကတော့ ပူလောင်လှတဲ့ လူ့လောကကြီးထဲကို ပြန်ဝင်ဖို့အတွက် သုဿန်မြေကနေ မျက်ရည်စက်လက်နဲ့ ပြန်ထွက်ခဲ့တော့တယ်။
နောက်ဆုံးရတဲ့သတင်းအရတော့ ကလေးမိခင်ဟာ လင်စိတ်သားစိတ်နဲ့ စိတ်ကျန်းမာရေး ထိခိုက်နေတယ်လို့ သိရပါတယ်။ တယောက်တည်းငှက်ပျောခြံထဲမှာ ငိုလိုက်ရယ်လိုက်နဲ့လို့ ဒေသခံတဦးက စိတ်မကောင်းစွာ ပြောပြခဲ့ပါတယ်။ ။




















































