close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ် ဒေသခံတွေကို ထိုင်းက နှင်ထုတ်နေပါတယ်လို့ ကုလသမဂ္ဂကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် စာရေးပြီးတိုင်

ထိုင်းဟာ ပိုင်နက် အငြင်းပွားရာ နယ်စပ်မှာ ဒေသခံတွေကို နိုင်ထက်စီးနင်း နှင်ထုတ်နေတယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က စွပ်စွဲခဲ့ပါတယ်။

ဓာတ်ပုံ - Royal Thai Army/Reuters

ထိုင်းဟာ ပိုင်နက် အငြင်းပွားရာ နယ်စပ်မှာ ဒေသခံတွေကို နိုင်ထက်စီးနင်း နှင်ထုတ်နေတယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က စွပ်စွဲခဲ့ပါတယ်။

ကုလသမဂ္ဂ အကြီးအကဲဆီ လိပ်မူတဲ့ တိုင်ကြားစာထဲမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က နယ်စပ်မှာရှိတဲ့ နေရပ်ဒေသဆီ ပြန်လာတဲ့ ကမ္ဘောဒီးယား မိသားစု ၂၀ ဝန်းကျင်ကို ထိုင်းအာဏာပိုင်တွေက လက်မခံဘဲ နှင်ထုတ်ခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။

အဲဒီစာကို ဟွန်မာနတ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဆီ စက်တင်ဘာ ၁၇ ရက် နေ့စွဲတပ် ပေးပို့ထားပြီး နောက်တစ်နေ့မှာ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် အငြင်းပွားမှုကို အကြောင်းပြုပြီး သွေးချောင်းစီး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့နောက် ဇူလိုင် လကုန်မှာ အပစ်အခတ် ရပ်စဲထားခဲ့တာပါ။ အခုသီတင်းပတ်ထဲမှာတော့ နယ်စပ်မှာ သံဆူးကြိုးတွေနဲ့ စည်းရိုးကာတဲ့ ထိုင်းရဲတွေနဲ့ ကမ္ဘောဒီးယား ဆန္ဒပြသူတွေကြား ပဋိပက္ခ ဖြစ်ပြီး ထိုင်းဖက်က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ် လူစုခွဲခဲ့တာကြောင့် နှစ်ဖက် တင်းမာမှုတွေ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Royal Thai Army/Reuters

ဟွန်မာနတ်ကတော့ အဲဒီဖြစ်ရပ်သာ မကဘဲ နယ်စပ်က ဒေသခံတွေကို နေရပ်ပြန်ခွင့် မပေးဘဲ နိုင်ထက်စီးနင်း နှင်ထုတ်တာမျိုးတွေပါ ထိုင်းစစ်တပ်က ကျူးလွန်နေတယ်လို့ စွပ်စွဲခဲ့တာပါ။ ဒါပေမဲ့ ထိုင်းစစ်တပ်ကတော့ ကမ္ဘာဒီးယား နိုင်ငံသားတွေကသာ ထိုင်းပိုင်နက်ထဲကို တရားမဝင် ကျူးကျော်ဝင်ရောက်ပြီး မြေနေရာတွေ သိမ်းယူထားခဲ့တာလို့ တုံ့ပြန်ပါတယ်။

ဂူတာရက်စ်ဆီ ရောက်ရှိနေတဲ့ စာထဲမှာတော့ ထိုင်းရဲတွေဟာ သံဆူးကြိုးတွေ၊ အတားအဆီးကို နယ်စပ်မှာ ချထားပြီး ကမ္ဘောဒီးယား အရပ်သားတွေ ကာလရှည်ကြာ နေထိုင်လာတဲ့ နေရာကနေ အတင်းအကျပ် နှင်ထုတ်နေခဲ့တယ်လို့ ဟွန်မာနတ်က ရေးသားထားခဲ့ပါတယ်။ သူရည်ညွှန်းထားတဲ့ ဖြစ်စဉ်တွေက နိုင်ငံ အနောက်မြောက်ပိုင်း၊ ထိုင်းနဲ့ထိစပ်ရာ ဘန်တေမင်ချေ ခရိုင်ထဲမှာ ဖြစ်ပွားခဲ့တာလို့ ဟွန်မာနတ်က ဆိုပါတယ်။

ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဝင်ထိုင် ဆူဗာရီက စက်တင်ဘာ ၁၈ ရက်နေ့မှာ ဖြေရှင်းချက် ထုတ်ပြန်ရာမှာတော့ ထိုင်းက နှင်ထုတ်တယ်ဆိုတဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေဟာ ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့တဲ့ အစောပိုင်း ဖြစ်စဉ်မှာ ပါဝင်ခဲ့ကြသလို ထိုင်းပိုင်နက်ထဲ ရည်ရွယ်ချက်ရှိရှိ ကျူးကျော်ပြီး မြေနေရာတွေ သိမ်းယူထားတာသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

သူက ကမ္ဘောဒီးယား စစ်တပ်ဟာ စက်တင်ဘာ ၁၇ ရက်နေ့ ပြဿနာ အတောအတွင်း ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ကမ္ဘောဒီးယား နိုင်ငံသားတွေ တုတ်တွေ၊ ခဲတွေ၊ လေးခွတွေနဲ့ပစ်ပြီး ရန်မူခဲ့တဲ့ ကိစ္စကို ကြားဝင် ဟန့်တားမှု မရှိခဲ့ဘူးလို့လည်း စွပ်စွဲ ပြစ်တင်ခဲ့ပါတယ်။

ဟွန်မာနတ်ရဲ့ စာထဲမှာတော့ ထိုင်းဟာ နှစ်နိုင်ငံ နယ်စပ်တလျှောက် နေရာတော်တော်များများမှာ နယ်မြေတွေကို အင်အားသုံး ထိန်းချုပ် သိမ်းယူချင်တဲ့ ဆန္ဒမျိုး ရှိနေဟန် တွေ့ရကြောင်း ဝေဖန်ထားပါတယ်။ သူက အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားကလည်း ဒေသခံတွေကို ထိုင်းဖက်က အင်အားသုံးပြီး အဓမ္မ နှင်ထုတ်နေတဲ့ ကိစ္စတွေ ရပ်တန့်အောင် ကြားဝင် ကိုင်တွယ်ပေးစေလိုကြောင်း စာထဲမှာ ထည့်သွင်း တောင်းဆိုထားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်ဆီက တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စီး ဝယ်ယူမယ့် သဘောတူ စာချုပ်ကို ထိုင်းတော်ဝင်ရေတပ်က တရားဝင် လက်မှတ်ရေးထိုးခဲ့ပတယ်။

နိုင်ငံတကာ

ထိုင်းမှာ ဘဏ်အကောင့်တွေ အပိတ်ခံနေရတဲ့ ကိစ္စက နောက်ထပ်လည်း ကြုံနေဦးမှာလို့ ထိုင်းဗဟိုဘဏ်က အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

နယ်စပ်တလျှောက် မြန်မာဖက်ခြမ်းကမြေရှားသတ္တုအလုံးအရင်းတူးဖော်မှုတွေကြောင့်ထိုင်းနိုင်ငံဖက်ကမြစ်တွေကိုညစ်ညမ်းစေပြီးသဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်စေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းပိုင်နက်ထဲ ကျူးကျော် ရန်စဖို့အတွက် အရပ်သားတွေ မြှောက်ပင့်ပေးပြီး အသုံးချတဲ့ နည်းလမ်းမျိုး မသုံးဖို့ ကမ္ဘောဒီးယားကို ထိုင်းက သတိပေး တောင်းဆိုလိုက်ပါတယ်။

Facebook