close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ထမင်းတလုပ်အတွက် အသက်ပေးလိုက်ရသူများ

အသက် ၅၀ အရွယ် ဦးစိုး(အမည်လွှဲ)ကို မိတ္ထီလာမြို့ကလူတွေ တော်တော်များများ မျက်မှန်း တန်းမိကြတယ်။ ဦးစိုးဟာ မနက်ခင်းစောစောတွေ ညနေပိုင်းတွေမှာ စက်ဘီးစုတ်ကလေးတစီးနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ပလုံလိုက်ကောက်နေတတ်လို့ပါ။ ညနေခင်း အများပြည်သူတွေ ကန်ပေါင်မှာ အနားယူလမ်းလျှောက်နေကြပြီဆိုရင် ဦးစိုးလည်း ပလုံကောက်ဖို့ စက်ဘီးလေးတစီးနဲ့ ကန်ပေါင်ရောက်နေတတ်ပါပြီ။

မိတ္ထီလာမြို့တွင် မြေစိုက်ကြိုးအားကိုင်မိ၍ သေဆုံးသွားသော ပလုံကောက်သူအမျိုးသားအား တွေ့ရစဥ်။ ဓာတ်ပုံ-မျိုးဆက်သစ်မြတ်ပါရမီ လူမှုကူညီရေးအသင်း

Scorpio/People’s Spring

အသက် ၅၀ အရွယ် ဦးစိုး(အမည်လွှဲ)ကို မိတ္ထီလာမြို့ကလူတွေ တော်တော်များများ မျက်မှန်း တန်းမိကြတယ်။ ဦးစိုးဟာ မနက်ခင်းစောစောတွေ ညနေပိုင်းတွေမှာ စက်ဘီးစုတ်ကလေးတစီးနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ပလုံလိုက်ကောက်နေတတ်လို့ပါ။ ညနေခင်း အများပြည်သူတွေ ကန်ပေါင်မှာ အနားယူလမ်းလျှောက်နေကြပြီဆိုရင် ဦးစိုးလည်း ပလုံကောက်ဖို့ စက်ဘီးလေးတစီးနဲ့ ကန်ပေါင်ရောက်နေတတ်ပါပြီ။

ဦးစိုးနေတာကတော့ မိတ္ထီလာနယ်ထဲက လူးခင်းကြီးရွာ၊ သာယာရပ်ကွက်မှာ နေတာပါ။အသက်မွေးဝမ်းကျောင်းအလုပ်တွေထဲ ဟိုးအောက်ဆုံးလုပ်ငန်းတွေထဲ ပါဝင်တဲ့ ပလုံကောက်တဲ့ အလုပ်ကိုလုပ်ရတဲ့ ဦးစိုးဟာ စားဝတ်နေရေး မပြေလည်လှပါဘူး။ ဦးစိုးဟာ ဘောင်းဘီလေးတောင် ခါးပတ်မရှိလို့ ကြိုးလေးချည်ဝတ်ထားတတ်တယ်။

ဦးစိုးဟာ ညဘက်မှောင်မှောင်မည်းမည်းမှာလည်း ပလုံလိုက်ကောက်နေတတ်တယ်။အမှောင်ထဲ ပလုံကောက်ရတဲ့သူ့ကို မြင်ပြီး ဓာတ်မီးဝယ်ပေးတဲ့သူလည်း ရှိတယ်။ ဦးစိုးဟာ ပလုံကောက်ရင်း ကန်ပေါင်လာတဲ့သူတွေရဲ့ဆိုင်ကယ်ကိုပါ စောင့်ပေးတတ်သေးတယ်။

Public Service Announcement

Public Service Announcement

“ သူရှိရင် ဆိုင်ကယ်တွေ မပျောက်ဘူး” လို့ မြို့ခံတဦးကပြောပြတယ်။ဒါကြောင့်သူ့ကိုမုန့်ဖိုးမကြာမကြာ ပေးတဲ့သူတွေတောင် ရှိတယ်။

အောက်တိုဘာ ၁၄ ရက်ညနေ ၄ နာရီကျော်လောက်မှာ ဦးစိုးဟာ မိတ္ထီလာတောင်ကန် ပေါက်ချောင်းကန်ပတ်လမ်းဘက်ပလုံသွားကောက်တယ်။ ရေစက်တွေထားတဲ့နေရာနားရောက်တော့ ဦးစိုးဟာ ပလုံတွေဆင်းကောက်တယ်။ အဲဒီအချိန် မြေစိုက်ကြိုးကို ကိုင်လိုက်မိတယ်။ ဦးစိုး တကိုယ်လုံးတုန်ခါသွားပြီး ဓာတ်လိုက်ပါတော့တယ်။ အဲဒီနောက် ဦးစိုးဟာ ကုသချိန်တောင်မရတော့ဘဲ နေရာမှာတင် အသက်ပါ သွားခဲ့တော့တယ်။

ပဲခူးမြို့မှာလည်း ပလုံကောက်တဲ့ အမျိုးသမီးတဦး ဦးစိုးလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ၉ ရပ်ကွက်မှာ ပလုံကောက်တဲ့ အသက် ၂၉ နှစ်အရွယ် မသင်္ကြန်မိုးဟာ တူမလေးနဲ့အတူပလုံလိုက်ကောက်ဖို့ ထွက်လာခဲ့တယ်။

သူ့မှာ နှစ် နှစ်အရွယ်သားလေးတယောက်ရှိတယ်။ အဲဒီနေ့က သားလေးဟာ တုပ်ကွေးမိပြီး ဖျားနေခဲ့တယ်။ မသင်္ကြန်မိုးဟာ ပလုံကောက်လို့ ရလာတာလေးတွေရောင်းပြီးရင် သားကို ဆေးခန်းပြဖို့ စီစဥ်ထားတာလို့ နီးစပ်သူတွေက ပြောပြတယ်။ မသင်္ကြန်မိုးမှာ အားကိုးရာ ယောကျာ်းသားလည်းမရှိတော့ဘူး။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲကပဲ သူ့ယောကျာ်းဟာ သူမီးဖွားပြီးစမှာပဲ သူ့ကိုထားသွားခဲ့တာပါ။

သားလေးဆေးဖိုးအတွက် မသင်္ကြန်မိုးဟာ တနေရာရောက်တော့ မြောင်းထဲကျနေတဲ့ ဘူးခွံတွေကို ဆင်းကောက်တယ်။ အဲဒီအချိန် သူဟာ ရေနစ်ပါတော့တယ်။ သူ့တူမလေးက လှမ်းဆွဲဖို့ကြိုးစားသေးတယ်။ မမီတာနဲ့ ဘေးပတ်ဝန်းကျင်ကို ပြေးခေါ်တယ်။

လူတွေရောက်လာပြီး မြောင်းထဲဆင်း မသင်္ကြန်မိုးကို ရှာကြတယ်။တွေ့တဲ့အချိန်မသင်္ကြန်မိုး အသက်မရှိတော့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်တုန်းကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ပလုံကောက်တဲ့ လင်မယားနှစ်ဦး အခုလိုပဲ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရဖူးပါတယ်။

အဲဒီနေ့မနက်က မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူဉာဏရပ်ကွက်၊ ဂန္ဓမာလမ်းထဲကို ပလုံကောက်တဲ့ လင်မယားနှစ်ယောက် ဝင်လာခဲ့တယ်။ မိန်းမက ဖိနပ်စီးထားပြီးယောကျာ်းကတော့ဖိနပ်မပါဘူး။ မိန်းမ​ဖြစ်သူဟာမြောင်းထဲကဘူးခွံပုလင်းခွံတွေကို ဆင်းကောက်တယ်။ အဲဒီအချိန် မြောင်းထဲမှာ ဓာတ်ကြိုးက အိကျနေတာကို လင်မယားနှစ်ယောက်လုံး မသိလိုက်ကြဘူး။ မိန်းမဖြစ်သူ ဓာတ်လိုက်ပါတော့တယ်။

ယောကျာ်းဖြစ်သူဟာ အနားမှာရှိတဲ့ ဝါးလုံးအရှည်နဲ့ ဆွဲရိုက်ချတယ်။ မိန်းမကို ဆွဲကယ်တယ်။ မိန်းမကတော့ လွတ်သွားတယ်။ဒါပေမဲ့ ယောက်ျားကတော့ ဓာတ်ကြိုးကို ထိမိပြီး နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပြတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရဲ့ စီးပွားရေး အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၉ ဘီလီယံအထိ ဆုံးရှုံးခဲ့ရပြီး စစ်အသုံးစရိတ် ဦးစားပေးသုံးစွဲမှုကြောင့် နိုင်ငံရဲ့ ကြွေးမြီ ၆၂ ရာခိုင်နှုန်းတိုးလာခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Volker Türk ရဲ့ ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းတဲ့ကာလကစပြီး မြန်မာနိုင်ငံဲ့ ပြည်တွင်းထုတ်လုပ်မှု(GDP) ခန့်မှန်းချက်အရ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၉ ဘီလီယံအထိ စီးပွားရေးအရ အရှုံးပေါ်ခဲ့ပြီး ကိုဗစ်မတိုင်မီ စီးပွားရေးအခြေအနေသို့ ရောက်ရှိဖို့ ၂၀၂၈ ခုနှစ်အထိ မျှော်လင့်လို့ မရတော့ဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာစစ်တပ်က အရင်းအမြစ်တွေကို အရပ်သားလူထုဆိုင်ရာ အခြေခံအဆောက်အအုံနဲ ဝန်ဆောင်မှုတွေမှာ ရင်းနှီးမြှုပ်နှံတာထက် စစ်အသုံးစရိတ် အပေါ် ဦးစား ပေးသုံးစွဲခဲ့လို့ နိုင်ငံတော်ရဲ့ ကြွေးမြီဟာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ၆၂ ရာခိုင် နှုန်း အထိ တိုးလာကြောင်း၊ နိုင်ငံ့လူဦးရေ ထက်ဝက်ကျော်ဟာ ဆင်းရဲမွဲတေမှု စံနှုန်းအောက်မှာ နေထိုင်ကြရကာ စားနပ်ရိက္ခာ ဖူလုံမှု မရှိတဲ့ အခြေအနေကို ဆိုးရွားစွာ ခံစားနေကြရတယ်လို့ ခဲ့တယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရဲ့ အစီရင်ခံစာမှာ အသိပေးထားပါတယ်။

ဆင်းရဲမွဲတေမှုကို ခံစားနေကြရတဲ့ ဦးစိုးတို့လိုပလုံကောက်သူတွေဟာ ဘေးကင်းစိတ်ချရမှုမရှိတဲ့နေရာတွေမှာဝမ်းစာရှာရင်းထမင်းတလုပ်အတွက် အသက်ပေးခဲ့ကြရတယ်။ မိသားစု ဝမ်းစာရေးအတွက် ကြိုးစားရုန်းကန်ရင်း မလှမပနဲ့ ဘဝနိဂုံးချုပ်သွားခဲ့ရတယ်။ သူတို့ကို မှီခိုနေတဲ့ မိသားစုဝင်တွေဟာလည်း စစ်တပ်က အာဏာသိမ်းလိုက်လို့ စုတ်ပျက်သွားတဲ့ နိုင်ငံထဲမှာ ဖရိုဖရဲနဲ့ ကျန်ရစ်ခဲ့ရပါတော့တယ်။

ဆက်စပ်သတင်းများ

Facebook