နိုဝင်ဘာ – ၂၂ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် ထိုင်း-မြန်မာနယ်စပ်က မင်းလက်ပံကျေးရွာထဲကို စစ်ကြောင်းထိုးလာဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ(၆)တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ဒီနေ့(နိုဝင်ဘာ ၂၂)ရက်နေ့ မနက်ပိုင်းက တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
မနေ့ (နိုဝင်ဘာ၂၁ရက်) ကစပြီး မြ၀တီမြို့နယ်၊ မြ၀တီ-ဝေါ်လေ လမ်းမပေါ်ရှိ အင်ကြင်းမြိုင်ကျေးရွာကနေ မင်းလက်ပံကျေးရွာဘက်ကို စစ်ကြောင်းပြန်ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆)ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား မင်းလက်ပံရွာထဲမှာ တိုက်ပွဲဖြစ်ပွားပါတယ်။
ဒီနေ့ မနက် ၈ နာရီကျော်အချိန်ကစပြီး နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေပြီး တိုက်ပွဲနှစ်ရက်တာအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းလက်ပံကျေးရွာက တရုတ်ကျားဖြန့်ဆိုက်ထဲကို လက်နက်ကြီးတွေကျရောက်ပေါက်ကွဲခဲ့ရာ သုံး ဦး ထိခိုက်မှုရှိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
“ တရုတ်ဆိုက်ထဲ (လက်နက်ကြီးကျည်)နှစ်လုံးကျတယ်၊ မနေ့က မင်းလက်ပံကို စစ်တပ်ဝင်လို့ရသွားတယ်၊ ညနေပိုင်းမှ ပြန်ဆုတ်သွားရတယ် ” လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
မင်းလက်ပံရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာနေတယ်လို့လည်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
မြ၀တီ-ဝေါ်လေ လမ်းပိုင်းတလျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က အင်ကြင်းမြိုင်ရွာကနေတဆင့် စစ်ကြောင်းထိုးလာသလို ထီးမယ်ဝါးခီးနဲ့ ရသေ့ဂူရွာဘက်ကနေလည်း စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
မြ၀တီမြို့တောင်ဘက်ခြမ်း ထိုင်း-မြန်မာနယ်စပ်နားမှာရှိတဲ့ မင်းလက်ပံကျေးရွာဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)တပ်ဖွဲ့ ထိန်းချုပ်တဲ့ ရွာတစ်ရွာဖြစ်ပြီး အဲ့ဒီကျေးရွာထဲမှာ တရုတ်ကျားဖြန့်လုပ်ငန်းတွေ အများအပြားရှိတယ်လို့ သိရပါတယ်။
မင်းလက်ပံတိုက်ပွဲကြောင့် ဒေသခံရွာသူရွာသားတွေ ဘေးလွတ်ရာနေရာဆီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ဆောင်းတွင်းကာလရောက်ရှိလာပြီဖြစ်တာကြောင့် စစ်ဘေးရှောင်တွေအတွက် အနွေးထည်နဲ့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့လည်း စစ်ရှောင်အရေးကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

















































